စီးပွားရေး

စင်ကာပူ အခြေစိုက် Puma လက်လီ စက်သုံးဆီဆိုင်များ ဖွင့်ရန် စီစဉ်

စင်ကာပူ အခြေစိုက် Puma Energy သည် မြန်မာနိုင်ငံတွင် Puma Energy Asia Sun (P.E.A.S) အမည်ရှိ စက်သုံးဆီ လက်လီ ရောင်းချသော ဆိုင်များကို ၂၀၁၉ ခုနှစ်၌ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

Puma Energy ၏ Commercial Manager ဦးဝေလျှံမင်းက “ကျနော်တို့ အဓိက တိုးချဲ့မယ့် လုပ်ငန်း ၃ ခုရှိတယ်။ Retail (လက်လီရောင်းချခြင်း)ရယ်  ရေနံဓာတ်ငွေ့ရည် (liquefied  petroleum gas -LPG) ရယ်၊ ပြီးတော့ ချောဆီ လုပ်ငန်း တွေ ဆက်ပြီး လုပ်ကိုင်ဖို့ ရှိပါတယ်။ Retail ကို ဖြစ်နိုင်ရင်တော့ ကုန်ပစ္စည်းကို ဈေးကွက်ထဲမှာ ပေါက်အောင်တော့ လုပ်ဖို့ ကြိုးစားနေတယ်။ အချိန်အနေနဲ့တော့ နည်းနည်း ပြောဖို့ ခက်သေးတယ်။ အမြန်ဆုံး ၂၀၁၉ ခုနှစ်လောက် ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားတယ်” ဟု ၎င်းက ပြောသည်။

ယင်းကို ဇွန်လ ၂၁ ရက်၌ ရန်ကုန်မြို့ Union Business Center ရှိ P.E.S Myanmar Company Limited ရုံးချုပ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောခြင်းဖြစ်သည်။

အဆိုပါ လက်လီ ဈေးကွက် စတင်ရာ၌ ရန်ကုန်နှင့် မန္တလေးကဲ့သို့ ဈေးကွက် အများဆုံးရှိသော နေရာများတွင် စတင်မည် ဖြစ်ပြီး ဆယ်နှစ်အတွင်း စက်သုံးဆီ ဆိုင်ပေါင်း ၃၀ မှ ၅၀ အထိ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်း ယင်း ကုမ္ပဏီမှ သိရ သည်။

ပူးမားမြန်မာ ကုမ္ပဏီသည် P.E.A.S Puma Energy Asia Sun အနေနှင့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်က စတင်၍ ဓာတ်ဆီနှင့် ဒီဇယ်ဆီ တို့ကို ဈေးကွက်အတွင်းသို့ လက်ကား ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည် ဟုဆိုသည်။

“Puma မြန်မာ အနေနဲ့ လက်ကား ဈေးကွက် အတွေ့အကြုံ အများကြီး ရှိတယ်။ ဒီလိုလုပ်တဲ့ အချိန်မှာ လေ့လာမိသ လောက်ကတော့ လက်ကားဈေးကွက်မှာ ကမ္ဘာ့ ရေနံဈေး အတက်အကျပေါ် မူတည်ပြီးတော့ တက်တာ ကျတာတွေ အများကြီးတွေ့ရတယ်” ဟု ဦးဝေလျှံမင်း က ပြောသည်။

ဆက်လက်၍ ၎င်းက “Retail (လက်လီ) ဈေးကွက်မှာတော့ အခု ကျနော်တို့လည်း ပြည်သူတွေလည်း ကွန်ပလိန်း တက် တာတွေ အများကြီးရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး Puma အနေနဲ့ကတော့ လောလောဆယ် လက်လီဈေးကွက်ကို ဝင်ဖို့ ကြိုးစားနေတယ်”ဟု ဆိုသည်။

လက်လီဈေးကွက်သို့ ဝင်ရောက်ရာ၌ သုံးစွဲသူများသို့ အများဆုံး ဝန်ဆောင်မှု ပေးနိုင်သော ဈေးနှုန်း၊ အရည်အသွေး သတ် မှတ် ချက်များကို အကောင်းဆုံးဖြစ်စေရန် အတွက် ဈေးကွက်အနေအထားနှင့် ညိုနှိုင်း လုပ်ဆောင်သွားမည်ဟု Puma ကုမ္ပဏီ က ပြောသည်။

မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက “ဖွင့်တာ ကတော့ ကြိုဆိုပါတယ်။ Puma လိုမျိုးက လာဖွင့်တော့ သုံးတဲ့သူအတွက် အဆင်ပြေတာပေါ့။ ကျနော် သိ သလောက် တော့ သိပ်တော့ မလွယ်ဘူး။ တယောက်ယောက်နဲ့ ပေါင်းဖွင့်မှ အဆင်ပြေမယ်၊ သူ့ဘာသာ သူဖွင့်ရင် အခက် အခဲ တွေ့နိုင်တယ်။ အရည်အသွေးပြည့်တဲ့ Branded ကုမ္ပဏီ ရောက်လာတော့ သုံးတဲ့သူ အတွက်ကတော့ အဆင်ပြေ မယ်။ ရောင်းတဲ့သူ အတွက်ကတော့ ပြိုင်ဘက် တိုးလာတဲ့အတွက် ပိုပြီး ရုန်းကန်ရမယ့် အနေအထားရှိတယ်”ဟု ပြောဆို သည်။

Puma ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ လက်ရှိ လက်ကားဖြန့်ဖြူးရောင်းချနေသော လေယာဉ်ဆီနှင့် လောင်စာဆီ၊ စက်သုံးဆီ များ ကို စင်ကာပူ နိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ သယ်ယူ ဖြန့်ဖြူး ရောင်းချနေခြင်း ဖြစ်သည်။

ထို့အပြင် LPG ဈေးကွက်ကို စတင်ရန် အတွက် ဈေးကွက်လေ့လာဆန်းစစ်မှုများကို လုပ်ဆောင်နေသည် ဟု Puma Energy မှ သိရသည်။

Puma Energy သည် ၂၀၁၄ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံရှိ ထောက်ပံ့ပို့ဆောင်ရေး၊ ရောင်းဝယ်ရေး အတွေ့အကြုံရှိ ပြည်တွင်း ကုမ္ပဏီ Asia Sun Energy (ASE) နှင့် တရားဝင်အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး Puma Energy က ရှယ်ယာ ၈၀ ရာခိုင်နှုန်းနှင့် ASE ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည် ဟု Puma Energyမှ Coroporate Relations Manager ဦးကျော်ဇေယျက ပြောသည်။

သုံးနှစ်ကျော် ကာလအတွင်း P.E.A.S သည် မြန်မာနိုင်ငံတွင်း အကြီးဆုံးနှင့် ခေတ်မီ ရေနံထွက်ပစ္စည်း တင်သွင်းမှု သိုလှောင်ဖြန့်ဖြူးရေး စခန်းအဖြစ် လောင်စာဆီ သိုလှောင်နိုင်စွမ်း ကုဗမီတာ ၉ သောင်း ၁ ထောင်ရှိသော သိုလှောင် စခန်းကို သီလဝါ အထူးစီးပွားရေးဇုန်၌ အမေရိကန်ဒေါ်လာ ၉၂ သန်း ရင်းနှီးမြှုပ်နံှထားကြောင်း ၎င်းက ပြောသည်။

Puma Energy International သည် နိုင်ငံပေါင်း ၄၇ နိုင်ငံတွင် သိုလှောင်ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေး ရောင်းချရေး ကဏ္ဍများ ပေါင်းစပ်ထားသည့် စွမ်းအင်ကုမ္ပဏီ ဖြစ်သည်။

ယင်း ကုမ္ပဏီမှာ စင်ကာပူနိုင်ငံတွင် ရုံးချုပ်ရှိပြီး လောင်စာဆီ ထုထည် အမြောက်အများ သိုလှောင်နိုင်သော သိုလှောင်ဖြန့် ဖြူးရေး စခန်း ၁၀၀ နှင့် ကမ္ဘာတဝန်း၌ လက်လီ စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၃ ထောင်ကျော်ရှိပြီး အမေရိကန်၊ အာဖရိက၊ အာရှ နိုင်ငံတို့ရှိ လေဆိပ် ၇၁ ခုကို အရည်အသွေးမြင့် လောင်စာဆီများ ထောက်ပံ့ပေးလျက်ရှိသည် ဟုလည်း ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် Puma Energy သည် အစိုးရပိုင် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း (MPPE) နှင့် ၂၀၁၅ ခုနှစ်တွင် ပူးပေါင်း၍ National Energy Puma Aviation Services (NEPAS) ကုမ္ပဏီ အမည်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် ပြည်တွင်းလေဆိပ် ၁၀ ခုတွင် လောင်စာဆီ ဖြည့်ဆည်းခြင်း လုပ်ငန်းများကို လုပ်ကိုင်ခြင်းနှင့် ကတ္တရာ ရောင်းချခြင်း လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည်။

Loading