ယခု ရက်ပိုင်းအတွင်း အမေရိကန် ဒေါ်လာဈေးကွက် အတက် ကြမ်းနေကြောင်း ဒေါ်လာ အရောင်းအဝယ် လုပ်ကိုင်နေသူ များ ထံမှ သိရသည်။
နိုင်ငံခြား ငွေ ရောင်းဝယ်သူ ဦးခင်မောင်ဝင်းက “ဈေးကွက်ရဲ့ ဝယ်လိုအားက တအားလိုက်နေတော့ ဈေးတက်တယ်။ အတက်အကျ ကြမ်းတယ်။ တရက်ကို ပွိုင့်အနေအထားနဲ့ ဆိုရင် လေးပွိုင့် ၊ ၅ ပွိုင့်လောက် တက်တယ်။ ဒီလို ဗဟိုဘဏ် အညွှန်းကိန်း တက်တယ်ဆိုတော့ ပြင်ပဈေးက ပိုတက်တယ်။ ဆယ်မိနစ် ၁၅ မိနစ်မှာတင် ဈေးကပြောင်း နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဒေါ်လာဈေးနှုန်းများ အတက်ကြမ်းနေခြင်းမှာ ဗဟိုဘဏ်အညွှန်းကိန်း တက်လာခြင်း၊ ကမ္ဘာ့ရွှေဈေးကျခြင်း၊ ဈေး ကွက်အတွင်း ဈေးကစားသူများကြောင့် ဖြစ်ကြောင်းလည်း ဒေါ်လာ အရောင်းအဝယ် လုပ်ကိုင်သူများက ပြောဆိုသည်။
ဒေါ်လာ ဈေးမှာ ဇွန်လ ၁ ရက်တွင် အမေရိကန် ၁ ဒေါ်လာ ၁၃၄၄ ကျပ်ခန့် ရှိခဲ့ရာမှ ဇွန်၂၀ တွင် ၁ ဒေါ်လာ ၁၃၆၇ ကျပ်သို့ တက်ပြီး ယခု ၂၂ ရက်တွင် ၁ ဒေါ်လာ ၁၃၇၀ မှ ၁၃၇၂ ကျပ် အထိ ဈေးတက်လာခြင်း ဖြစ်ကြောင်း ဈေးကွက် အတွင်းမှ စုံစမ်း သိရသည်။
ဇွန်လ ၂၂ ရက် ညပိုင်းအထိ ဒေါ်လာ ပြင်ပပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် ၁၃၇၀ ကျပ်မှ ၁၃၇၁၊ ၁၃၇၂ ကျပ် နှုန်းများဖြင့် ရောင်း ဝယ် လျက်ရှိပြီး ဗဟိုဘဏ် ဒေါ်လာ ပေါက်ဈေးမှာမူ ၁၃၇၄ ကျပ်ဖြစ်သည်။
ဒေါ်လာ ရောင်းဝယ်ရေး အကျိုးဆောင် ဦးမိုးက “ဒေါ်လာဈေး တက်တာတော့ ယူရိုဈေးစပြီး ကျတယ်။ ဦးတို့ဆီမှာ အားကိုး ရတာက ကျောက်မျက်နဲ့ဲ ပဲတင်ပို့တာပဲ ရှိတယ်။ အဲဒီတော့ ယူရိုကျတဲ့ အတွက် ကျောက်မျက်က ချိန်ပြီး ရောင်း ကြတယ်။ ဈေးကျသွားတော့ မရောင်းကြတော့ဘူး။ ပစ္စည်းဒေါ်လာက ရှားလာတာက တပိုင်း၊ ပဲကလည်း ရပ်သွားတော့ ပဲက ဝင်တဲ့ အိတ်စ်ပို့ ဒေါ်လာက ရှားလာတာက တပိုင်း အဲဒီကနေပြီးတော့ နည်းနည်းလေး ဒေါ်လာ စတက်လာတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ပြီးတော့ မြောက်ကိုရီးယား အရေးလည်းဖြစ်ရော အမေရိကန် အညွှန်းကိန်းကြီးက တက်သွားတယ်။ အဲဒီတော့ ဒေါ်လာက လိုက်တက်တယ်။ အဲဒီလို လိုက်တက်ရင်းနဲ့ တရုတ်နဲ့ မနှစ်ထဲက ပြဿနာတက်နေတဲ့ ဘဏ် အကောင့်ပိတ်တဲ့ ကိစ္စတွေက နည်းနည်းထိလာလည်း ပါတယ်။ ဒါတွေ အကုန် စုပေါင်းသွားပြီး ကျပ်လိုက်တော့ မြန်မာ ပြည်မှာ ဒေါ်လာ ရှားသွားတယ်။ ရောင်းတဲ့သူကလည်း သူရှိတဲ့ ငွေကို ထုတ်ရောင်းရတာ ဖြစ်တဲ့အတွက် ဈေးခေါ်လာ တယ်။ အဲဒီကနေ တောက်လျှောက် ဝုန်းဝုန်းနဲ့ တက်ရင်းကနေ အခု အခြေအနေက ဈေးတက်တာက နည်းနည်း အိုဗာ ဖြစ်နေတယ်။ အကျိုးအကြောင်း ပြလို့ မရဘူး ဖြစ်နေတယ်” ဟုလည်း ပြောဆိုသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အတွင်းရေးမှူး ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် ဦးအောင်မြင့်ကလည်း “ပို့ကုန်သမား ကတော့ ငွေဝင်တာဆိုတော့ သူကတော့ အဆင်ပြေပေမယ့် သွင်းကုန်သမား ကျတော့ ပြန်ရောင်းတဲ့ ဈေးတွေက တက်ကုန်တာ။ ပို့ကုန်ကလည်း ငွေဝင်ပေမယ့်လည်း ဒီက ပြန်ဝယ်တဲ့ ပစ္စည်းတွေ တက်တယ်။ ဆန်တွေလည်း တက်ကုန်တယ်” ဟု ပြောသည်။
လုပ်ငန်းရှင် အများစုမှာ ဒေါ်လာဈေး တည်ငြိမ်မှုကို ပို၍ ကြိုက်ကြောင်း ဒေါ်လာဈေး အတက်အကျကြမ်းလျှင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ၌ ထိခိုက်နိုင်ကြောင်းလည်း ဦးအောင်မြင့်က ပြောဆိုသည်။
“ဆန်ဈေးကလည်း ငွေဈေးတက်တယ်ဆိုတော့ ဈေးတက်လာတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ အချိန်သည် ပို့ကုန်တင်ပို့မှု နည်းပါးသည့် အချိန်ဖြစ်ခြင်းကြောင့် ဒေါ်လာတန်ဖိုးမြင့်တက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် ပြည်တွင်း ကုန်ဈေးနှုန်းပါ မြင့်တက်နိုင်ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
ယခု ကာလမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ရာသီဖြစ်ခြင်းကြောင့် အွန်လိုင်းလောင်းကစား လုပ်သည့် လုပ်ငန်း လုပ်ကိုင် ခြင်း များ ရှိနေခြင်း၊ သွင်းကုန်သမားများက ဒေါ်လာ ဝယ်ယူမှု များနေခြင်း၊ ခရီးသွား ရာသီစာ ဒေါ်လာငွေ ဝယ်စုခြင်း စသည် တို့ကြောင့်လည်း ဈေးတက်လာခြင်း ဖြစ်သည်ဟု ဒေါ်လာရောင်းဝယ်ရေး အကျိုးဆောင်များက ပြောသည်။
ဒေါ်လာဈေးနှုန်းမှာ တသမတ်တည်း ရှိရန်လည်း မလိုဘဲ အတက်အကျ မကြမ်းရန်သာ လိုအပ်ပြီး အမေရိကန်နိုင်ငံ၏ မူဝါဒနှင့် တရုတ်နိုင်ငံ မူဝါဒများကိုလည်း စောင့်ကြည့်သွားရန် လိုအပ်ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကို က သုံးသပ်ပြောဆိုသည်။
“အခုလို တက်နေတာကို ဈေးကွက်က အလိုလို ထိန်းညှိသွားမှာ။ ဗဟိုဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တွေ အားလုံးက သေသေချာချာ စောင့်ကြည့်ဖို့ လိုတာပေါ့။ ကမ္ဘာ့ နိုင်ငံရေး အခြေအနေတွေနဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒတွေ ထရန့်ရဲ့ မူဝါဒ တွေကိုလည်း တောက်လျှောက် ကြည့်နေဖို့ လိုပါတယ်။ ဘာလို့လဲ ဆိုတော့ ဒေါ်လာက အမေရိကန်က ထုတ်တာ ကိုး။ နောက်တခုက အမေရိကန် ပြိုင်ဘက်ဖြစ်လာတဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒလည်း ကြည့်ဖို့လိုတယ်။ သူ့ရဲ့ ငွေ ကြေးကို လည်း ကြည့်ဖို့ လိုလာတယ်”ဟု ၎င်းက ဆိုသည်။
ဗဟိုဘဏ်အနေနှင့် ယခင်ထက်စာလျှင် လူအင်အားနှင့် စွမ်းဆောင်နိုင်ရည်ပါ တိုးလာသည့် အတွက် စောင့်ကြည့်ကာ ထိန်းသိမ်းနိုင်မည်ဟုလည်း ဒေါက်တာ အောင်ကိုကိုက ပြောသည်။
“အရေးကြီးတာက ဗဟိုဘဏ်မှာ အရန်ငွေ ပမာဏ ဘယ်လောက်ရှိသလဲ ဆိုတာ အရေးကြီးတယ်။ အရန်ငွေအပေါ် မူတည်ပြီး ကုန်သွယ်မှု လုပ်ကြတာဆိုတော့ ။ နောက်တခုက ပြည်တွင်း ဘဏ်တွေမှာရှိတဲ့ နိုင်ငံခြားငွေပေါ့။ လွန်ခဲ့တဲ့ နှစ်တွေမှာ ဖြစ်ခဲ့ဖူးတယ်။ ဒေါ်လာဈေးတက်ရင် အဝယ်ပဲ ရှိတယ် အရောင်းမလုပ်တော့တာမျိုးတွေ ဒါတွေက ဒေါ်လာ ရှားပါးတဲ့ နိုင်ငံတွေမှာ ဖြစ်ခဲ့ဖူးတယ်” ဟု ၎င်းက ဆိုသည်။
“ဒါပေမယ့် အခုက သိပ်မစိုးရိမ်ဘူး။ ကျောက်မျက်ပြပွဲလည်း ရှိနေတယ်။ အဲဒီကနေ လည်း ယူရိုသန်းလေး ငါးရာလောက် ထိ ဝင်လာနိုင်မယ်လို့ ခန့်မှန်းထားတာကိုး။ ပြောင်းနေတဲ့ အခြေအနေပေါ်မှာ ဘယ်လိုတည်ငြိမ်အောင် ထိန်းမလဲ ဆိုတော့ အစိုးရက ခွန်အားဉာဏ်အားနဲ့ သုံးပြီး လုပ်ဆောင်ရမှာပါ” ဟု ဒေါက်တာ အောင်ကိုကိုက ပြောသည်။
ယခုကဲ့သို့ ဒေါ်လာဈေး အတက်အကျ မြန်သည့် အခြေအနေမျိုးမှာ ၁ နှစ်လျှင်၂ ကြိမ်ခန့် ဖြစ်ပွားတတ်ကြောင်း သိရ သည်။