မြန်မာနိုင်ငံ၏ စတုတ္တမြောက် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် Telecom International Myanmar Company Limited (Mytel) က ပြည်တွင်းရှိ စာသင်ကျောင်း ၃ ထောင်ကျော်၌ Wifi တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၂၂ ရက်က Park Royal ဟိုတယ်တွင် ပြုလုပ်သည့် Mytel သတင်းစာ ရှင်းလင်းပွဲ၌ ကုမ္ပဏီ ၏ ပြင်ပ ဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ပြောသည်။
ဦးဇော်မင်းဦးက “ကျနော်တို့ တောင်းဆိုထားတဲ့ ကျောင်းတွေက ကျောင်း ပေါင်း ၃ ထောင်ကျော် ဖြစ်ပါတယ်။ အခြေခံ ပညာကျောင်းတွေ ပါတယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေလည်း ရှိတယ် မကြာခင် စမယ်” ဟု ပြောသည်။
လတ်တလော၌ ရှေ့ပြေး စီမံကိန်း အနေနှင့် Mytel က စာသင်ကျောင်း ၂ ကျောင်းကို တပ်ဆင်ထားပြီး ယခု လကုန်ပိုင်း တွင် စာသင်ကျောင်း ၁၀ ခုကို တပ်ဆင်သွားရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။
“အဲဒီ ၁၀ ကျောင်းကို တပ်ဆင်ပွဲလုပ်ဖို့လည်း ရှိပါတယ်။ ဒါက လူမှုအကျိုးပြု အစီအစဉ် (Corporate Social Responsibility-CSR ) တွေ ဖြစ်ပါတယ်။ အဲဒီအတွက် ပညာရေး နည်းနည်း၊ ကျန်းမာရေး နည်းနည်း လုပ်ပေးရင်တော့ ရပါ တယ်။ ဈေးကွက်အရ လုပ်လို့ ရတယ်။ အဲဒီလိုလုပ်ရင် ဟိုမရောက် ဒီမရောက် ဖြစ်မှာစိုးလို့ တနေရာတည်း ပုံချ လိုက် တာဖြစ်တယ်” ဟုလည်း ဦးဇော်မင်းဦး က ပြောသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ရာ၌ ပညာရေး ကဏ္ဍ အရေးကြီးဆုံးဟု ယူဆသဖြင့် ထိုကဲ့သို့ လုပ်ဆောင် ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
“တချို့တွေက ပြောကြပါတယ်။ ကျောင်းတွေမို့လို့ အင်တာနက်ပေးပြီး တာဝါတိုင် ထောင်တယ်လို့ ပြောကြပါတယ်။ ဒါ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ စီမံကိန်းအရ ကိုက်ညီတဲ့ ကျောင်းတွေမှာ တောင်းဆိုပြီး လုပ်တာပါ။ ရတယ်ဆိုရင် ငှားခပေးပြီး တာဝါတိုင် ထောင်တာ ဖြစ်ပါတယ်” ဟု ဦးဇော်မင်းဦး က ပြောသည်။
လက်ရှိ၌ တက္ကသိုလ်များတွင် အင်တာနက် တာဝါတိုင်များ ထောင်ရန် Mytel အနေနှင့် ကြိုးစားနေကြောင်းလည်း သိရ သည်။
ဦးဇော်မင်းဦးက “အခြေခံပညာကျောင်းမှာ Wifi အင်တာနက် တာဝါတိုင်ထောင်တာ ကလေးတွေအတွက် အန္တရာယ် မများ ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကထွက်လာတဲ့ လှိုင်းတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) တို့ ဘာတို့ ရှိသမျှ အဖွဲ့တွေ လုပ်ထားတဲ့ လေ့လာချက်များ အရ တာဝါတိုင်တွေက Frequency (ကြိမ်နှုန်း) လွှင့်ထုတ်တာ က လူကို ဆက်စပ်ပြီး အန္တရာယ် ဖြစ်စေတယ် ဆိုတာ အခုထိ မတွေ့သေးပါဘူး” ဟု ပြောဆိုသည်။
သို့ဖြစ်၍ တွေ့ရှိချက်များအရ တာဝါတိုင်များကို စံချိန်စံညွှန်းနှင့်အညီ စနစ်တကျ လုပ်ဆောင်သွားမည် ဆိုလျှင် အန္တရာယ် ဖြစ်စေမည့် အချက်မှာ ယခု အချိန်ထိ မရှိသေးကြောင်း ၎င်းက ပြောသည်။
Mytel အနေနှင့် လက်ရှိတွင် တာဝါတိုင်များ စိုက်ထူရာ၌ တချို့နေရာများတွင် ကျန်းမာရေးထိခိုက်မည် ဆိုသည့် အချက် ကြောင့် ဒေသခံများ သဘောမတူမှုများ ရှိနေကြောင်းလည်း ကုမ္ပဏီမှ သိရသည်။
အဆိုပါ Mytel ဆင်းကတ်များကို ဇွန်လ ၉ ရက်က စတင်၍ ဈေးကွက်အတွင်းသို့ ရောင်းချခဲ့ပြီး သုံးစွဲသူများသို့ ဆင်းကတ် ၃ သန်းကျော် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ စာရင်းများတွင် ဖော်ပြထားသည်။
ရင်းနှီးမြှုပ်နှံမှု အနေနှင့် Telecom International Myanmar Company Limited (Mytel) မှ ၂၃ ရာခိုင်နှုန်း၊ ဗီယမ်နမ် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် Viettle ကုမ္ပဏီမှ ၄၉ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း (Star High) မှ ၂၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း သိရသည်။လက်ရှိ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် အထိ ရှိနေပြီး ဒေါ်လာ ၂ ဘီလီယံ ကျော်အထိ ရင်းနှီးမြှုပ် နှံမှု ပြုလုပ်ရန် ရည်မှန်းထားကြောင်း Mytel က ဆိုသည်။
မြန်မာနိုင်ငံအတွင်း၌ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လုပ်ကိုင်နေသော အမ်ပီတီ၊ တယ်လီနော၊ အူရီဒူး ဆက်သွယ် ရေး အော်ပရေတာ ၃ ခုရှိနေပြီး ယခု ၄ ခု မြောက်အဖြစ် လုပ်ကိုင်ခွင့် ရရှိခြင်း ဖြစ်သည်။
ဒဂုံတက္ကသိုလ် ကျောင်းသူ တဦး ဖြစ်သူ မစုစုက “wifi တပ်မယ်ဆိုတာ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် တကယ်ကော သုံးလို့ရမှာလား။ တက္ကသိုလ်ဆိုတာမျိုးက မြို့စွန်မြို့ဖျားတွေမှာ ရှိတာဆိုတော့ ကျောင်းထဲရောက်ရင် ဖုန်းလိုင်းတောင် မမိချင်ဘူး။ ပေးမယ့် ဝိုင်ဖိုင်ကရော ကောင်းမှာလား။ ဒါပေမယ့် wifi ရလို့ စာမလုပ်ဘဲ အင်တာနက်ပဲ သုံးနေရင်လည်း မကောင်းဘူး” ဟု ပြောဆိုသည်။