တရုတ် ဘဏ်များ၌ မြန်မာ နယ်စပ်ကုန်သည်များ ဖွင့်လှစ်ထားသော ဘဏ်ငွေစားရင်းများ အပိတ်ခံထားရမှု နှင့် ပတ်သက်ပြီး မြန်မာ ဘက်မှ တာဝန်ရှိသူများက ယူနန်အစိုးရနှင့် ဆွေးနွေးညှိနှိုင်း နေကြောင်း သတင်းရရှိသည်။
ဇွန်လ ဒုတိယပတ်မှ စတင်ကာ ယူနန်ပြည်နယ် အစိုးရက တရုတ်နိုင်ငံ၌ ဘဏ်စာရင်း ဖွင့်ထားသော မြန်မာ ကုန်သည် များ၏ ဘဏ်ငွေစာရင်းများ ပိတ်ခဲ့ရာ ဆန်၊ သကြား၊ ပဲ၊ ပြောင်း စသည့် ကုန်သည်များ၏ အကောင့်များပါ အပိတ်ခံရပြီး ယခု ထပ်မံ ပိတ်လိုက်သည့် အကောင့် အရေအတွက်မှာ တရာခန့် ရှိသည်ဟု နယ်စပ် ကုန်သည်များက ဆိုသည်။
မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဌ ဦးဝင်းဌေးက “အရင်ကထက် လူဦးရေ များလို့လည်း အရောင်းအဝယ်ရပ်တဲ့ အထိ ဖြစ်သွားတာပေါ့။ အခုတော့ ယူနန်အစိုးရနဲ့ ညှိနှိုင်း အစည်းအဝေး လုပ်နေ တယ်လို့ ကြားတယ်။ ပြေလည်မယ် ဆိုရင်တော့ ဒီတပတ် အတွင်း ပြန်ဖွင့်မယ်လို့ ပြောသံကြားတယ်” ဟု ဧရာဝတီ ကို ပြောသည်။
ဘဏ်အကောင့်များ ပြန်လည် ဖွင့်လှစ်ပေးရန် နယ်စပ်မြန်မာ ကုန်သည်များက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ယူနန်ကုန်သည်များ အသင်း၊ ယူနန်ပြည်နယ် ဆိုင်ရာ ကောင်စစ်ဝန်တို့အား တင်ပြ တောင်းဆိုထား သော် လည်း လက်ရှိ၌ ဆွေးနွေး ညှိနှိုင်းဆဲကာလ ဖြစ်ပြီး ထူးခြားမှု မရှိသေးကြောင်း ကုန်သည်များက ဆိုသည်။
ပြည်တွင်းမှ ဆန်၊ သကြား၊ ပဲ၊ ပြောင်းသီးနှံ စသည်တို့ကို မူဆယ်နယ်စပ်မှ တဆင့် တရုတ်သို့ တင်ပို့လျက်ရှိရာ တရုတ် ကုန်သည်များက ကုန်တန်ဖိုးအား တရုတ် ယွမ်ငွေဖြင့် ပေးချေကြသည့် အတွက် နယ်စပ် ကုန်သွယ်ရေး လုပ်နေသော မြန်မာကုန်သည် အများစုက တရုတ်ဘဏ်များ၌ ကိုယ်ပိုင်ဘဏ် ငွေစာရင်း ဖွင့်လှစ်ကာ အရောင်းအဝယ် လုပ်ကိုင်ကြ ကြောင်း သိရသည်။
ထိုသို့ လုပ်ကိုင်ရာ၌ တရုတ်ဗဟိုအစိုးရ၏ ပေါ်လစီအရ ဘဏ်အကောင့်များသို့ ငွေဝင်ရာ လမ်းကြောင်းကို သံသယ ရှိပါက ဘဏ်အကောင့်များအား အချိန်မရွေး ပိတ်၍ စစ်ဆေးခြင်း ပြုလုပ်သည့် အတွက် ယခုတကြိမ်သည်လည်း လောင်းကစားမှုနှင့် ဆက်စပ်၍ ငွေမည်းခဝါချမှုများ ရှိနိုင်သည်ဟု သံသယရှိကာ အကောင့်များ ပိတ်လိုက်ခြင်း ဖြစ် သည် ဟု နယ်စပ် ကုန်သည်များက ပြောသည်။
ကုန်သည်များ၏ ဘဏ်အကောင့်များ ပိတ်လိုက်သည့် အတွက် နှစ်ဘက် ကုန်သည်များ ကြား ငွေလွှဲပြောင်း ပေးချေ သည့် အပိုင်း၌ ကြန့်ကြာသွားပြီး အရောင်းအဝယ် ရပ်တန့်သည် အထိ ဖြစ်ရကြောင်း မြန်မာကုန်သည်များ က ဆို သည်။
မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒုဥက္ကဌ ဦးချမ်းသာဦးက “ပြီးခဲ့တဲ့ ရက်တွေကတော့ ငွေလွှဲတာ ရပ်ထားတဲ့ အတွက် ကြောင့် ဒီဘက်က ကုန်သည်တွေ အနေနဲ့ အတော်လေး အဆင်မပြေဘူး။ အခက်အခဲ ဖြစ်ရတယ်။ ဒီနေ့ တော့ (ဇွန် ၂၅) ငွေလွှဲ တွေ ပြန်လုပ်ကြသလို အရောင်းအဝယ်တွေလည်း ပြန်စပြီလို့ ပြောလို့ရတယ်” ဟု ဧရာဝတီကို ပြောသည်။
ယင်းသို့ ဘဏ်အကောင့် ပိတ်ခံရသည့်အတွက် တရုတ်ငွေနှင့် ကုန်စည် အရောင်းအဝယ် ပြုလုပ်ရာ၌ တဆင့်ခံ ငွေလွှဲ လုပ်ငန်း လုပ်ကိုင်သူများ(ဟွန်ဒီ)နှင့် ချိတ်ဆက် လုပ်ကိုင်နေကြကြောင်း ကုန်သည်များထံမှ သိရသည်။
ဟွန်ဒီ သမားများသည်လည်း ပြီးခဲ့သည့် ရက်ပိုင်းက ၎င်းတို့၏ အကောင့်များ အပိတ်ခံရမည် စိုးရိမ်သဖြင့် ငွေလွှဲ လုပ်ငန်း များကို ရပ်နားလိုက်ရာမှ ယနေ့ (ဇွန် ၂၅) ၌ လုပ်ငန်း ပြန်လည် စတင်လုပ်ကိုင်လာကြသဖြင့် အရောင်း အဝယ် ပြန်လည် လုပ်ဆောင်လာကြကြောင်းလည်း ကုန်သည်များက ပြောပြသည်။
တရုတ်သို့ ဆန်တင်ပို့နေသော မန္တလေးမြို့ရှိ ဆန်ကုန်သည် ဦးတင်လှိုင်ဝင်းက “ဘဏ်အကောင့်တွေကို ပိတ်တာက နှစ်တိုင်း လုပ်နေကြလို ဖြစ်နေပြီ။ တရုတ်အစိုးရက အကြောင်းပြချက် အမျိုးမျိုးနဲ့ ပိတ်ကြတယ်။ အဲဒီလို ပြဿနာတွေ မဖြစ်အောင် နှစ်နိုင်ငံအစိုးရ အချင်းချင်း ညှိနှိုင်းပြီး နယ်စပ်ကုန်သွယ်ရေးကို ပံ့ပိုးပေးနိုင်တဲ့ ဘဏ်စနစ်တခုကို အကောင် အထည် ဖော်သင့်ပြီ” ဟု ဧရာဝတီကို ပြောသည်။
တရုတ်-မြန်မာ အစိုးရ ပူးပေါင်း ညှိနှိုင်း၍ နယ်စပ်ကုန်သွယ်ရေး အဆင်ပြေစေမည့် ဘဏ်စနစ် တခု အကောင်အထည် ဖော်ရန် လိုအပ်ကြောင်း၊ ထိုသို့ မဟုတ်ပါက ယခုလို အခက်အခဲများကို ကြုံတွေ့နေရမည် ဖြစ်ပြီး ကာလရှည်ဖြစ်ပါက ကုန် သည်များ အတွက် ငွေအောင်း၍ နစ်နာမှု ပိုများလာမည် ဖြစ်ကြောင်းလည်း ဆိုသည်။
“ဒီလိုအချိန်က အရောင်းအဝယ် အေးတဲ့ ကာလ ဖြစ်တဲ့ အပြင် အခုလိုပြဿနာ ဖြစ်သွားတော့ ရပ်တဲ့အထိ ဖြစ်သွား တယ်။ ပုံမှန် ဒီအချိန် ဆန်ကားအစီးရေ ၂၀၀ လောက်ထွက်ရင် အခု ထက်ဝက်လောက်ပဲ သွားတော့တယ်” ဟု ဦးတင် လှိုင်ဝင်း က ပြောသည်။
ပြီးခဲ့သည့် နှစ်လယ်ပိုင်းတွင်လည်း လောင်းကစားမှုကြောင့် တရုတ်အစိုးရက ယခုလို ဘဏ်အကောင့်များ ပိတ်ပစ်ခဲ့ပြီး ငွေကြေးစီးဆင်းမှုနှင့် နယ်စပ်ကုန်သွယ်ရေး ရက်အတန်ကြာ တန့်သွားကြောင်း သိရသည်။
၂၀၁၇ ခုနှစ်တွင်လည်း မြန်မာကုန်သည်များ ငွေစာရင်း ပိတ်ခံရပြီးနောက် တချို့ကို ပြန်လည်ဖွင့်လှစ်ပေးသော်လည်း ၁၀၀ ခန့် ကျန်ရှိနေသေးသည့်အတွက် လက်ရှိအချိန် အပိတ်ခံရသော ဘဏ်စာရင်း အပါအဝင် စုစုပေါင်း ဘဏ်ငွေ စာရင်း စုစုပေါင်း၂၀၀ ကျော်ခန့် ပိတ်ခံထားရကြောင်း ကုန်သည်များက ပြောသည်။
လက်ရှိ တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပမာဏ အများဆုံး မိတ်ဖက်နိုင်ငံလည်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီ လအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၅၁ သန်းကျော် သွင်းကုန် ဒေါ်လာသန်း ၃၄၀ ကျော်နှင့် စုစုပေါင်း ကုန် သွယ်မှု ပမာဏသည် ဒေါ်လာ သန်း ၄၀၀ နီးပါးရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာ ရင်းများ အရ သိရသည်။