ကုမ္ပဏီ အားလုံး အွန်လိုင်းစနစ် (Myanmar Companies Online -MyCo) ဖြင့် ပြန်လည် မှတ်ပုံတင်ခြင်း လုပ်ငန်းကို ၆ လ အတွင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောသည်။
ဇွန်လ ၂၅ ရက် ရန်ကုန်မြို့ သစ္စာလမ်းရှိ DICA ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌
ဦးအောင်နိုင်ဦး က “ကုမ္ပဏီဥပဒေ စပြီး အသက်ဝင်တဲ့ သြဂုတ်လ ၁ ရက်က စပြီး သူတို့ရဲ့ ကုမ္ပဏီတွေ ပြန်လည် မှတ်ပုံတင်ခြင်းကို မပျက်မကွက် လုပ်ဖို့လိုပါတယ်။ အွန်လိုင်းကပဲ လုပ်ဖို့ ဖြစ်ပါတယ်။ မှတ်ပုံတင်ကြေး ထပ်သွင်းစရာ မလို ပါဘူး။ ဘာ အခကြေးငွေမှ သွင်းစရာမလိုပါဘူး။ အခမဲ့ ဆောင်ရွက်ရမှာ ဖြစ်တယ်” ဟု ပြောသည်။
ယင်းကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အတွင်း မပျက်မကွက် အီလက်ထရောနစ် -Myco နှင့် မှတ်ပုံတင်ရမည် ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄ သို့မဟုတ် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေနှင့် မှတ်ပုံတင်ထား သည့် တည်ဆဲကုမ္ပဏီများ၊ အသင်းအဖွဲ့များ အနေဖြင့် ပြန်လည်မှတ်ပုံတင်ရာ၌ အခကြေးငွေ ပေးစရာမလိုသော်လည်း ကုမ္ပဏီ အသစ်များကမူ အခကြေးငွေ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
အများနဲ့ မသက်ဆိုင်သည့် ကုမ္ပဏီများ မှတ်ပုံတင်ကြေးကို၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ စတင်၍ ယခင် ကျပ် ၅ သိန်း ကောက်ခံရာမှ ကျပ် ၂ သိန်း ၅ သောင်းဖြင့် ကောက်ခံနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (ကုမ္ပဏီ ကိစ္စရပ်များ ဆိုင်ရာ)က သိရသည်။
ဦးအောင်နိုင်ဦးက “မှတ်ပုံတင်တဲ့ လုပ်ငန်းက ဘယ်လောက်မှ မကြာပါဘူး။ ၁၅ မိနစ်လောက် အတွင်းမှာ ပြီးပါတယ်။ အချိန်ကလည်း ၆ လ ပေးထားတာ ဆိုတော့ ကြိုက်တဲ့ အချိန်မှာ လုပ်လို့ရပါတယ်။ အလုပ်မရှုပ်ပါဘူး။ ရုံးဖွင့်ရက်၊ ရုံးပိတ် ရက် မလိုဘဲ ပြုလုပ်နိုင်ပါတယ်” ဟု ရှင်းပြသည်။
အဆိုပါ စနစ်ဖြင့် မှတ်ပုံတင်ရာ၌ အခကြေးငွေ ထပ်မံ ပေးသွင်းစရာ မလိုကြောင်း သို့သော် လုပ်ငန်းရှင်များမှ နားမလည် ခြင်း မရှင်းလင်းခြင်းနှင့် မလုပ်ဆောင်တတ်ပါက DICA ရုံးသို့ လာရောက် မှတ်ပုံတင်ခြင်းကို ပြုလုပ်နိုင်ပြီး ယင်းအတွက် ဝန်ဆောင်ခ ၅ သောင်းကျပ် ကောက်ခံရန် ဝန်ကြီးထံ တင်ပြထားကြောင်း ၎င်းက ဆက်လက် ပြောသည်။
ဆက်လက်၍ ဦးအောင်နိုင်ဦး က “ဘာလို့ ၅ သောင်းလောက် ယူလဲဆိုတော့ သူတို့လာလုပ်ရင် ဒီက ဝန်ထမ်းတွေက စာရွက်စာတမ်းတွေ မိတ္ထူဆွဲပေးရတာတို့ Scan ဖတ်ပေးရတာ တို့အတွက် နိုင်ငံရဲ့ အရင်းအမြစ်ကို သုံးရတယ်။ ဒါကြောင့်မို့ သင့်တင့်တဲ့ ငွေကြေးကို သတ်မှတ်တာ။ နောက်တချက်က ရုံးကိုသွားတင်ရင် ၅ သောင်းပေးရမယ် ဆိုတော့ ကိုယ့်ဘာသာကိုယ်ပဲ တင်ကြအောင်လို့ပါ” ဟု ပြောသည်။
သတ်မှတ်ကာလအတွင်း၌ ပြန်လည် မှတ်ပုံမတင်သည့် ကုမ္ပဏီများ၊ အသင်းအဖွဲ့ ကုမ္ပဏီများကို စာရင်းပယ်ဖျက် သွား မည် ဖြစ်ကြောင်း DICA က သိရသည်။
DICA ၌ ပြန်လည်မှတ်ပုံတင်သည့် ကုမ္ပဏီများ၏ ထူးခြားချက် အနေနှင့် မှတ်ပုံတင် နံပါတ်အသစ် ထုတ်ပေးမည်ဖြစ်ပြီး ယင်း နံပါတ်အသစ်မှာ အခွန် မှတ်ပုံတင်နံပါတ်နှင့် နံပါတ်စဉ် တခုတည်း ဖြစ်သောကြောင့် ကုမ္ပဏီများ အနေနှင့် လုပ်ငန်း များ လုပ်ကိုင်ရာ၌ သက်သာသွားမည် ဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။
“လုပ်ငန်းရှင်တွေ အများကြီး လုပ်ရကိုင်ရတာ အလုပ်တွေ သက်သာသွားမယ်။ ကုမ္ပဏီမှတ်ပုံတင်တာနဲ့ အခွန်ပါ မှတ်ပုံတင်ပြီးသား ဖြစ်ပါမယ်။ ဥပမာ- ဥပဒေဟောင်း အရ မှတ်ပုံတင်တဲ့ အချိန်မှာ သတ်မှတ်မတည်ငွေကို ဖော်ပြရမှာဖြစ်ပြီး ဥပဒေသစ်မှာတော့ အဲဒီကိစ္စတွေ မပါတော့ဘူး။ ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးရင်လည်း တရားရုံး ခွင့်ပြုချက်ယူပြီး DICA ကို လျှောက်စရာ မလိုတော့ဘူး။ အဲဒီလို ဥပဒေသစ်ရဲ့ အခွင့်အလမ်းတွေရမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် နောက်ပိုင်း၌ မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှု ကော်မရှင် (MIC) သို့ လုပ်ငန်းလုပ်ကိုင်ခွင့် အဆိုပြုလွှာ လာရောက် လျှောက်ထားခြင်းကိုလည်း အွန်လိုင်း စနစ်ဖြင့်သာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“မှတ်ပုံတင်ဖို့ကိုလည်း အွန်လိုင်းက လုပ်ရမယ်ဆိုရင်တော့ ကိုယ်တိုင်မသွားနိုင်လို့ ပွဲစားက တဆင့် ဝန်ဆောင်ခပေးပြီး လုပ်ရတဲ့ အဆင့်တွေ လျော့သွားတာပေါ့။ မှတ်ပုံမတင်ဘဲ လုပ်နေတဲ့ SME လိုလုပ်ငန်း အသေးတွေ အတွက်လည်း ငွေကြေးသက်သာ သွားတဲ့အတွက် မှတ်ပုံတင်ဖို့ တွန်းအားပေးရာလည်း ရောက်ပါတယ်။ အဲဒီလို မှတ်ပုံတင်ရင် ဘယ်လို အကျိုးခံစားခွင့်တွေ ရမလဲ ဆိုတာမျိုး ရှင်းရှင်းလင်းလင်း ဖော်ပြပေးရင်တော့ လုပ်ငန်းသေးတွေပါ စနစ်တကျလုပ်ဖို့ စိတ်ဝင်စားလာကြမှာပါ” ဟု ခရီးသွား လုပ်ငန်း လုပ်ကိုင်နေသူ မစန္ဒီက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ်မှာ သြဂုတ်လ ၁ ရက်တွင် စတင် အသက်ဝင်မည် ဖြစ်သောကြောင့် လိုအပ်သည့် အမိန့်ကြော်ငြာစာများကို ယခုပတ်အတွင်း ထုတ်ပြန်သွားမည် ဖြစ်ပြီး ဥပဒေသစ်နှင့် ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများကိုလည်း ဆက်လက် ထုတ်ပြန်သွားရန် ရှိကြောင်း MIC မှ သိရသည်။
အဆိုပါ ဥပဒေသစ် အသက်ဝင်လာပါက ကုမ္ပဏီ မှတ်ပုံတင်ခြင်းအပြင် ကုမ္ပဏီနှင့် ပတ်သက်၍ အခြား ဝန်ဆောင်ခများ သွင်းခြင်းတို့ကိုလည်း မည်သည့် ငွေပေးချေကတ်နှင့် မဆို အွန်လိုင်းက တဆင့် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် မှတ်ပုံတင်ထားသော ကုမ္ပဏီများ၏ နှစ်ပတ်လည် အစီရင်ခံစာများ ပေးပို့ခြင်း၊ အခြားကုမ္ပဏီများ၏ ပြောင်းလဲမှုများ ၊ ရှယ်ယာ အတိုးအလျှော့များ၊ လိပ်စာ အပြောင်းအလဲများ စသည့် ကိစ္စရပ်များကိုလည်း အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
လက်ရှိ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ မြန်မာနိုင်ငံသား ကုမ္ပဏီ စုစုပေါင်း ၅ သောင်းကျော်နှင့် နိုင်ငံခြားသား ကုမ္ပဏီ ၇ ထောင်ကျော် မှတ်ပုံတင်ထားကြောင်း သိရသည်။