စီးပွားရေး

"များများလည်း ထွက်ရမယ်၊ ဈေးနှုန်းလည်း ချိုသာရမယ်။ ဒါမှ သူများနိုင်ငံကိုယှဉ်နိုင်မယ်"

Want create site? Find Free WordPress Themes and plugins.

လက်ဖက် အကြီးအကျယ်စိုက်ပျိုးသော ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တွင် လက်ဖက်ကို ပိုမိုနည်းစနစ်တကျ ထုတ်လုပ်နိုင်ရန် ဒေသခံတို့က ကြိုးစားနေကြသည်။ ပင်လောင်း လက်ဖက်အစုအဖွဲ့မှ အတွင်းရေးမှူး ကိုစိုင်းကောင်ခမ်းက နည်းပညာရရှိမှုနှင့် ဈေးကွက်အခြေအနေများ အကြောင်း ပြောပြ ထားသည်။

မေး။ ။ နည်းပညာအသစ်တွေ ရရှိမှု အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ တိုးတက်လာတယ်။ အရင်ကဆိုရင် လက်ဖက်ကို ခူးမယ်၊ နယ်မယ်၊ အခြောက်လှမ်းမယ် ပြီးရင် ပွဲရုံမှာ သွားရောင်းမယ်၊ ဒီအဆင့်လောက်ပဲ။ အခုဆို သူတို့ဘာသိလာလဲဆိုတော့ ကိုင်းဖြတ်ရမှာတွေ၊ ကိုင်းပြုပြင်ရင် လက်ဖက် ပိုထွက်လာမှာတွေ ဒါတွေကို တဖြည်းဖြည်းချင်း နားလည်လာတယ်။ လက်ဖက်အစုအဖွဲ့ မဖွဲ့ခင်ရော၊ ဖွဲ့ပြီးတော့ရော ကျနော်တို့ ဘယ်သူ့အထောက်အပံ့မှ မပါဘဲနဲ့ လက်ဖက်တောင်သူတွေကို သွားရောက် ဟောပြော ခဲ့တာပါ။ ရွာသူရွာသားတွေကို လူစုခိုင်းထားပြီးတော့ လက်ဖက်ကို ကိုင်းဘယ်လို ဖြတ်ရမယ်ဆိုတာ လက်တွေ့ပြတယ်။ လက်ဖက်လုပ်နည်း အသစ်လည်း သင်ပေးတယ်။ ပြီးတော့ အလှူခံထားတဲ့ ကိုင်းဖြတ် ကတ်ကြေးတွေပါ ဖြန့်ဝေပေးတယ်။

မေး။ ။ နည်းပညာနဲ့ ပတ်သက်ပြီး ဘယ်က အကူအညီရသလဲ။

ဖြေ။ ။ အစုအဖွဲ့ ဖွဲ့ပြီးနောက်ပိုင်းမှာတော့ GIZ အဖွဲ့က စိုက်ပျိုးရေးဌာနနဲ့ ပေါင်းပြီးတော့ ရာသီဥတုနဲ့ ပတ်သက်တာကို တနှစ်လောက်ပဲ လုပ်တယ်။ အဲဒါကလည်း ရွာတွေကို သင်တန်း နည်းနည်း ပေးလိုက်တာ လောက်ပဲ၊ ကြာကြာလုပ်ရင် ပိုကောင်းတာပေါ့။ ရာသီဥတုပူပြင်းလာတော့ လက်ဖက်ခြံတွေမှာ အရိပ်ရပင်တွေ စိုက်ဖို့ ဘာဖို့လောက်ပဲ ပြောခဲ့တော့ တနှစ်စီမံကိန်းဆိုတော့ တော်တော်နည်းတယ်။ ကျန်တဲ့ NGO အဖွဲ့တွေ ပင်လောင်း လာပြီးတော့ ကူညီတာမျိုး မရှိဘူး။

မေး။ ။ တောင်သူတွေကရော နည်းပညာသစ်တွေအပေါ် စိတ်ဝင်စားမှုရှိလား။

ဖြေ။ ။ လက်ဖက်တောင်သူတွေက မိရိုးဖလာနည်းလို့ ပြောရအောင်ကို သူတို့အဘိုးအဘွား လက်ထက် ကတည်းက လုပ်လာတော့ ပြုပြင်ပြောင်းလဲဖို့က အရမ်းခက်တယ်။ အဲဒါကြောင့် ကျနော် ဟောပြောပွဲလုပ်လို့ လူစုခိုင်းရင် လူငယ်၊ လူလတ်ပိုင်းလောက်ပဲ လူစုခိုင်းတယ်၊ အဲဒါမှ သူတို့က အပြောင်းအလဲကို လက်ခံမှာ။ အသက်ကြီးတဲ့ အပိုင်းက ဒါတွေကို ပြောင်းလဲဖို့ိခက်တယ်။ ပြောင်းလဲရမှာလည်း တအားကြောက်တယ်။

နည်းပညာကိုတော့ သူတို့ စိတ်ဝင်စားကြတယ်၊ သွားဟောလိုက်ပြီးဆိုရင် သူတို့မှာ တအံ့တသြကြီးကို ဖြစ်နေတယ်။ သူတို့ သတင်းရတာ နည်းတော့ သူများဒေသမှာ ဘယ်လိုလုပ်နေတယ်၊ ဘယ်လို ပြုပြင် ပြောင်းလဲဖို့လိုပြီ ဆိုတာကို သွားဟောလိုက်ရင် ဒါကြီးက သူတို့အတွက် အသစ်အဆန်းကြီး ဖြစ်နေတယ်။ အခုတော့ ဒါတွေကို သူတို့မြင်လာပြီ။ အားလုံးပြောင်းလဲဖို့ ဆိုရင်တော့ အဆင့်တွေ အများကြီးလိုသေးတယ်။

မေး။ ။ ဘာတွေ ပြောင်းလဲဖို့လိုသေးလဲ။

ဖြေ။ ။ စိုက်ပျိုးတဲ့ အခါမှာ အရည်သွေးကောင်းတဲ့ မိခင်ပင်ကို ရွေးချယ်ဖို့လိုတယ်။ ဒါမှ မျိုးစေ့အဖြစ် သုံးမယ့် အသီးက အရည်အသွေး ကောင်းမှ စိုက်တဲ့လက်ဖက်ပင်လည်း ကောင်းမှာ။ နောက်တခုက အတန်းလိုက် စိုက်တဲ့အခါ တောင်စောင်းတွေမှာ ကန့်လန့်စိုက်သင့်တယ်။ ထောင်လိုက်စိုက်ရင် မိုးရွာလို့ ရေတိုက်စားတဲ့အခါ မြေဆီမြေနှစ်တွေ ပါသွားတတ်တယ်။ စိုက်နည်းစနစ်က မှားနေတယ်။ မှားလို့ အဲဒီအပင်တွေဖျက်ဖို့ပြောတာ မဟုတ်ဘူး။ လှေခါးထစ်ပုံစံ ဖြစ်သွားအောင် ပေါင်းပေါက် လိုက်ဖို့လိုတယ်။ အဲဒါဆို အကန့်လိုက်ဖြစ်သွားပြီး မြေဆီလွှာ ထိန်းသိမ်းဖို့လည်း လွယ်သွားမယ်။

နောက် လက်ဖက်ပင်ကို ကိုင်းဖြတ်တဲ့အခါမှ တချို့က ဓားနဲ့ ရမ်းတော့ ကိုင်းပြတ်တာမညီဘဲ တချို့ကိုင်းတွေက ပုတ်သွားနိုင်တယ်။

လက်ဖက်ခူးတဲ့အခါ အရွက်ကြမ်းကို ခူးတာက ကျနော်တို့မြန်မာနိုင်ငံမှာပဲ ရှိတယ်။ သူများနိုင်ငံက ဈေးနှုန်းကောင်းကောင်းရတော့ နှစ်ရွက် တစ်ညွန့် ခူးနည်းကို မှန်မှန်ကန်ကန် ခူးတယ်။ ကျနော်တို့ဆီမှာက အရွက်ကြမ်းတွေခူးတယ်၊ အရိုးတွေလည်း ခူးတယ်။ ဒါကလည်း ခြံရှင်က လက်ဖက်ခူးသမား ငှားတော့ ခူးသမားကလည်း အလေးချိန်ရအောင် ပိုခူးတယ်၊ ခူးယူမှု စနစ်မှားတော့ လက်ဖက်အရည်အသွေးလည်း ကျတာပေါ့။

လက်ဖက်စိုက်နည်းစနစ် မှန်မှန်ရယ်၊ ကိုင်းဖြတ် ပြုပြင်ပေးမှုရယ် ပြီးတော့ မှန်မှန်ကန်ကန် ခူးမယ်ဆိုရင် လက်ဖက်အရည်အသွေး ပိုကောင်းလာနိုင်တယ်။

မေး။ ။ လက်ဖက်ခြောက် ထုတ်မယ်ဆိုရင် ဘယ်လိုနည်းစနစ်တွေနဲ့ ထုတ်သင့်လဲ။

ဖြေ။ ။ လက်ဖက်ခူးတဲ့စနစ် မမှန်ဘဲခူးလာတဲ့ လက်ဖက်တွေကို ပလိုင်းတွေထဲမှာ ထည့်သိပ်ထားတယ်၊ ပြီးတော့ ဆာလာအိတ်ထဲမှာ ထည့်သိပ်ထားတယ်၊ ပြီးတော့ တနေကုန် ခူးပြီးသားလက်ဖက်တွေကိုမှ ပေါင်းဖို့၊ လှော်ဖို့ စလုပ်တာပေါ့။ တကယ်ဆိုရင် ပလိုင်းပြည့်ပြီဆိုရင် အိတ်ထဲချက်ခြင်း မထည့်ဘဲနဲ့ ဖျာနဲ့ပဲဖြစ်ဖြစ် လက်ဖက်တွေကို ဖြန့်ပြီးတော့ ခင်းထားရမှာ။ ဒါမှ လက်ဖက်က ချဉ်နံံ့ပျောက်မှာ။

အိုးထဲ ထည့်လှော်တဲ့ အခါမှာလည်း အများကြီး ထည့်လှော်ရင် အကျက်မညီတာဖြစ်နိုင်တယ်။ နိုင်သလောက်ပဲ ထည့်သင့်တယ်။ မီးဖို လုပ်တဲ့အခါမှာလည်း မီးခံပြားနဲ့ မီးခိုးခေါင်းတိုင်ပါတဲ့ မီးဖိုကိုသုံးသင့်တယ်။ မဟုတ်ရင် လက်ဖက်ခြောက် မဖြစ်ခင်မှာဘဲ လက်ဖက်က မီးခိုးနံ့ ထွက်နေတတ်တယ်။

ထွက်လာတဲ့ လက်ဖက်ကိုလည်း အခုကတော့ စက်နဲ့ပဲ နယ်ကြတယ်။ ဒီဒေသက ထွက်တဲ့စက်ပေါ့။ စက်ကလည်း တမိနစ် ဘယ်လောက်နှုန်း လည်ပတ်ရမယ်၊ ထည့်သွင်းမယ့် လက်ဖက် ပမာဏကိုလည်း သေချာတွက်ချက်ရမယ်၊ ဒါတွေလည်း လိုတယ်။ လှော်ပြီးပြီးချင်း လက်ဖက်ကိုလည်း ခဏ အအေးခံပြီးမှ နယ်သင့်တယ်။ မဟုတ်ရင် လက်ဖက်အညွန့်တွေ ကျိုးကျေသွားတာ ဖြစ်နိုင်တယ်။

လက်ဖက် လှန်းတဲ့အခါမှာလည်း စင်နဲ့လှန်းသင့်တယ်။ လမ်းပေါ်မှာပဲ ဖျာနဲ့လှန်းရင် အမှုန်အမွှား တွေ၊ မြေကြီးနံ့တွေ၊ ဖုန်တွေ ပါလာတတ်တယ်။ လှော်တဲ့အိုးတွေကိုလည်း မှန်မှန်ဆေးကြောသင့်တယ်။ ဖျာကိုလည်း သန့်သန့်ရှင်းရှင်း ထားရမယ်။ တော်တော်များများ မှားနေကြတာက ဖျာဆိုရင် မဲနက်နေမှ။ အဲဒါကလည်း အမှားတခုပဲ။ အဓိကကတော့ သူတို့လုပ်နေတဲ့ စနစ်ကနေ နည်းနည်းလေး ထပ်တိုး ပြောင်းလဲလိုက်မယ် ဆိုရင် အဆင်ပြေသွားပြီ။

မေး။ ။ လက်ဖက်အရည်အသွေး ကောင်းလာရင် ဈေးကွက်ရော အဆင်ပြေနိုင်မလား။

ဖြေ။ ။ ဈေးနှုန်းက ရွှေဖီချိန်ဆိုရင်တောင် တော်တော် ကောင်းကောင်းသန့်သန့်လေးမှ ၁ ပိဿာ ၅,ဝဝဝ လောက်ပဲ ရတယ်။ ခူးခက ၁ ပိဿာကို ၇ဝဝ ကနေ ၁,ဝဝဝ ကြားရှိတယ်။ အရွက်စိမ်း လေးပိဿာမှ လက်ဖက်ခြောက် ၁ ပိဿာဆိုတော့ နည်းနည်းပဲကျန်တယ်။

ဒီလိုအချိန်ဆိုရင် ရွက်စိမ်းက ၁ ပိဿာ ၅ဝဝ ကနေ ၇ဝဝ ကြားရှိတယ်။ အဲဒီတော့ ခူးသမားနဲ့ ပိုင်ရှင်နဲ့က တယောက်တဝက်လိုဖြစ်နေတယ်။ အဲဒီတော့ လက်ဖက် တောင်သူကလည်း ခြံရှိလို့သာ လုပ်ရတဲ့ သဘောဖြစ်နေတယ်။ လက်ဖက်ခြောက် ၁ ပိဿာကို ၆,ဝဝဝ အထိ ပေးမယ်၊ လှလှလေး လုပ်ပေးပါဆိုရင် သူတို့လုပ်ကြမှာပဲလေ။ အဲဒါဆိုရင် ထိုင်းမှာ အလုပ် သွားလုပ် နေတဲ့သူတွေတောင် ပြန်လာပြီးလုပ်မှာ။

လက်ဖက်ခြောက် တရက်ကို နှစ်ပိဿာပဲ ထုတ်နိုင်ဦးတော့ သူတို့ဝင်ငွေက ၁ဝ,ဝဝဝ နဲ့ ၁၂,ဝဝဝ ကြားမှာရှိနေပြီ။ အခုလိုပုံမှန်ဆိုရင် ၄,ဝဝဝ၊ ၄,၂ဝဝ ပဲရှိတယ်။ ခူးခ နှုတ်ပြီးရင် သူ့မှာ ၂,ဝဝဝ ကျော်ပဲ ကျန်မယ်။ ပြီးတော့ ထင်းဖိုးကုန်မယ်၊ စက်နဲ့နယ်ရင်လည်း မီတာခ ရှိသေးတယ်။ မကိုက်တော့ တခြားနေရာထွက်ပြီးတော့ အလုပ်လုပ်ကြရတာပေါ့။

တကယ်တမ်း ပြောရရင်တော့ လက်ဖက်ခြောက်က မြေပြန့်ကိုမှီခိုနေရတာ။ မြေပြန့်က ကောင်းကောင်း ဝယ်ယူသုံးစွဲပြီး၊ ဈေးကောင်းကောင်းလည်းပေးမယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဥပမာ နာဂစ်ဖြစ်တုန်းက ဆိုရင် လက်ဖက်ခြောက် အရောင်းကျသွားတယ်။ အဓိကက ပြည်တွင်းကို မှီခိုနေရတာပေါ့။ ပြည်တွင်းမှာသာ တခြားနိုင်ငံက လက်ဖက်ခြောက်တွေ ဝင်လာမယ်ဆိုရင် တောင်သူတွေ ပိုအထိနာမယ်။ အဲဒီတော့ ဒီက တောင်သူတွေက အဆင့်မြင့်မြင့် ထုတ်ဖို့လိုတယ်။ များများလည်း ထွက်ရမယ်၊ ဈေးနှုန်းလည်း ချိုသာရမယ်။ ဒါမှ သူများနိုင်ငံကိုယှဉ်နိုင်မယ်။

မေး။ ။ ပင်လောင်းလက်ဖက်ကို ဘယ်တွေကို အဓိကပို့လဲ။

ဖြေ။ ။ အဓိကက မြန်မာပြည် အလယ်ပိုင်းပေါ့၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ ချောက်၊ ညောင်ဦး၊ ပခုက္ကူ၊ လယ်ဝေး ပြီးတော့ ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း အစုံပို့ရတယ်။ အများဆုံး ပို့ရတာတော့ ရွှေဖီချိန်နဲ့ ကဆုန်ခြောက်ပဲ။ မိုးခြောက်တော့ မရှိတော့ဘူး။ ရွှေဖီချိန်မှာဆိုရင် ပိဿာချိန် ၁၅,ဝဝဝ လောက် အထိ ပို့ရတယ်။

ရွှေဖီချိန်က အရသာပိုရှိ၊ ပိုကောင်းတော့ မြေပြန့်က လူတွေက ၁ ရာသီစာ သုံးမယ့် လက်ဖက်ခြောက် တွေကို အဲဒီအချိန်မှာ ဝယ်လှောင်ထားကြတယ်။ ကျနော်တို့က ခိုင်မာတဲ့ ဈေးကွက် တခု ရှိဖို့လိုအပ်တယ်။ တခြား လုပ်ငန်းရှင်တွေနဲ့ အသေးစား၊ အလတ်စား ငွေချေးတဲ့ သူတွေလည်း အတိုးနှုန်းနည်းနည်းနဲ့ ချေးပေးရင် ပိုကောင်းမယ်။ အခုက ငွေချေးပြီး အလုပ်လုပ်နေတုန်း ရှိသေးတယ်။ အကြွေးက ပြန်ဆပ်ရတော့မယ်။

အဓိကကတော့ ခိုင်မာတဲ့ ဈေးကွက် မရှိဘူး။ အဲဒီတော့ လက်ဖက် တောင်သူတွေအတွက်က ငွေရေးကြေးရေးလည်း ရှိဖို့လိုတယ်။ ဈေးကွက်လည်း ရှိဖို့လိုတယ်။ ပြီးတော့ လုပ်ငန်းရှင်တွေလည်း အားပေးအားမြှောက် လုပ်ဖို့လိုတယ်။ လက်ဖက်အဓိက ထွက်တဲ့ဒေသမှာ စပါး စံပြကွက်တွေချည်းပဲ လုပ်နေရင်တော့ အလုပ် သိပ်မဟုတ်ဘူးပေါ့။ ဒီဒေသမှာ ဘာထွက်လဲ၊ ထွက်တဲ့ဟာကို အစိုးရက အားပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။

မေး။ ။ လက်ဖက်လုပ်ငန်း၊ ဈေးကွက် ဒီထက် ပိုပြီး အဆင်ပြေဖို့ ဘာတွေ လိုအပ်မလဲ။

ဖြေ။ ။ လက်ဖက်တွင်ကျယ်ဖို့က ထုတ်လုပ်မှုအပိုင်းချည်ပဲ လုပ်လို့လည်းမရဘူး။ လက်ဖက် ကွင်းဆက်အရ စိုက်တဲ့သူ၊ ကုန်ချောထုတ်တဲ့သူနဲ့ တင်ပို့ရောင်းချတဲ့သူက တကွင်းတဆက်တည်းဖြစ်ဖို့ လိုတယ်။ ကျနော်တို့မှာက ကုန်ကြမ်းရှိတယ်၊ နည်းပညာပိုင်း ကူညီမယ့် ပညာရှင်တွေ နည်းတယ်။ အဲဒီလိုကူညီမယ့် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အထောက်အပံ့တွေလိုတယ်။ အဲဒီလို ကူညီပြီး အသိပညာ များများ လာပေးမယ်ဆိုရင်တော့ လက်ဖက်က ပွဲစားဆိုတာတောင် ရှိမှာမဟုတ်တော့ဘူး။ တိုက်ရိုက် တောင်သူတွေနဲ့ သွားတဲ့စနစ်ပဲသွားတော့မှာပေါ့။

အဲဒါဆိုရင် နိုင်ငံခြားဈေးကွက်လည်း ရည်ရွယ်လို့ရလာမယ်။ ရည်လည်း ရည်ရွယ်နေတယ်။ အဲဒီလို ဖြစ်ဖို့ကလည်း လက်ဖက်တောင်သူတွေ ပါဝင်ဖို့လိုတယ်။ သူတို့ကိုလည်း ပိုမိုမြှင့်တင်ပေးဖို့ လိုတယ်။

ရန်ကုန်အခြေဆိုက် Myanmar Now သတင်းဌာနမှ ကူးယူဖော်ပြသည်

Did you find apk for android? You can find new Free Android Games and apps.
Loading