အိန္ဒိယနိုင်ငံသို့ မြန်မာ့ ပဲစင်းငုံနှင့် မတ်ပဲ တင်ပို့နိုင်ရေး ညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း လက်ရှိတွင် အဆင်မပြေသေးကြောင်း မြန်မာနိုင်ငံ ပဲတင်ပို့ ရောင်းချသူများအသင်းက ဆိုသည်။
နှစ်ပေါင်း ၃၀ ကျော်ခန့် မြန်မာ့ပဲများ အိန္ဒိယနိုင်ငံသို့ တင်ပို့နေရာမှ ၂၀၁၇ ခုနှစ်ကစ၍ အိန္ဒိယအစိုးရက မြန်မာ့ပဲ ဝယ်ယူမှု တန်ချိန် ကန့်သတ်ခြင်းနှင့် မူဝါဒ အပြောင်းအလဲများကြောင့် ပြည်တွင်း ပဲစိုက်တောင်သူများနှင့် ကုန်သည်များ အခက်အခဲ ကြုံတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ပဲတင်ပို့ ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက “ဖြစ်နေတဲ့ အနေအထားကတော့ အိန္ဒိယဘက် က အခုလိုပဲ Control လုပ်နေတဲ့ ပုံစံမျိုးက ရေရှည်မှာ စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံအနေနဲ့ အန္တရာယ် အရမ်းများပါတယ်။ ဘာကို ပြောချင်တာလဲ ဆိုတော့ အခုပိတ်မယ်။ တော်ကြာ ပြန်ဖွင့်မယ်ဆိုရင် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူ ဒါမှမဟုတ် ကုန်သည် နောက်ဆုံးအနေနဲ့က နိုင်ငံက သူရရှိတဲ့ငွေ လျော့နည်းတာတို့ ဖြစ်စေတယ်” ဟု ဧရာဝတီသို့ ပြော သည်။
ထို့ကြောင့် မတ်ပဲကိုလည်း အာမခံချက် တခုခု ရရှိစေရန် အတွက် အိန္ဒိယနှင့် ယခု ၃ လအတွင်း ဆွေးနွေး ညိုနှိုင်းသွားမည် ဟု ဦးမင်းကိုဦး က ပြောသည်။
“ဒီလို ကြိုးစားလို့ အိန္ဒိယအစိုးရက ဝယ်ယူမှုကို တခုခု ညိုနှိုင်းမှု မရှိဘူးဆိုရင် ဘာလုပ်သင့်တယ်ဆိုတာ ထပ်ပြီးတော့ အသင်းအဖွဲ့တွေနဲ့ ညိုနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အာမခံချက် မရှိတဲ့ဟာကို စိုက်ပျိုးထုတ်လုပ်နေမယ် ဆိုရင် တခြားနိုင်ငံက ဈေးကွက် လိုအပ်ချက် ရှိသလောက်ပဲ စိုက်ပျိုးတဲ့ အနေအထားက သင့်တော်တယ်”ဟု ၎င်းက သုံးသပ် သည်။
ထိုသို့ အိန္ဒိယနိုင်ငံ အပြင် အခြားနိုင်ငံများမှ ပဲဝယ်လိုအားနည်းသောကြောင့် ၂၀၁၈- ၂၀၁၉ ခုနှစ်တွင် ပဲစင်းငုံ စိုက်ပျိုးမှုကို မလုပ်ကြရန် မေလဆန်းပိုင်းက ကြေညာခဲ့ကြောင်း မြန်မာနိုင်ငံ ပဲတင်ပို့ရောင်းချသူများ အသင်း က သိရသည်။
ဆက်လက်၍ ဦးမင်းကိုဦးက “ကျနော်တို့ တင်ပို့ရောင်းချတဲ့ နိုင်ငံအနေနဲ့က ဈေးကွက် အမြဲရှာနေတာပဲ။ ဒါပေမယ့် တခြား နိုင်ငံ ဈေးကွက်တွေဆိုလည်း မတ်ပဲတို့ ပဲစင်းငုံတို့ စားတဲ့ နိုင်ငံမှလည်း တင်ပို့လို့ရမှာ။ မတ်ပဲနဲ့ ပဲစင်းငုံက ကြည့်ပြန်ရင် လည်း အခြားနိုင်ငံ ဈေးကွက်တွေက မရှိဘူး မဟုတ်ဘူး ရှိတယ်။ ဒါပေမယ့် အိန္ဒိယ ဈေးကွက်လောက် ဝယ်ယူမှုမရှိဘူး ” ဟု ရှင်းပြသည်။
လက်ရှိ အိန္ဒိယမှ မြန်မာနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများမှ မတ်ပဲတန်ချိန် ၁ သိန်း ၅ သောင်း၊ ပဲတီစိမ်း တန်ချိန် ၁ သိန်း ၅ သောင်းနှင့် ပဲစင်းငုံ တန်ချိန် ၂ သိန်းကို ၃ လအတွင်း ဝယ်ယူမည် ဖြစ်ပြီး ထိုသို့ တင်သွင်းခွင့်ပြုသည့် အချိန်၊ ပစ္စည်းအရေ အတွက် အကန့်အသတ်နှင့် ပြန်လည် ဖွင့်ပေးခြင်းကြောင့် ပြည်တွင်း ပဲဈေးနှုန်းမှာ အထိုက်အလျောက် ဈေးရှိသော်လည်း ဈေးနှုန်းမြင့်ရန် အခက်အခဲများ ဖြစ်နေကြောင်း ၎င်းက ပြောသည်။
မတ်ပဲနှင့် ပဲစင်းငုံ စားသုံးမှုကို ကြည့်လျှင် အိန္ဒိယ နိုင်ငံအပြင် ဘင်္ဂလားဒေရှ့်၊ ပါကစ္စတန်၊ နီပေါ၊ ဒူဘိုင်းနှင့် သီရိလင်္ကာ တို့မှ ဝယ်ယူမှုများ ရှိသော်လည်း ဝယ်ယူသည့် ပမာဏမှာ တန်ချိန်၂ သိန်းထက် မပိုကြောင်း လုပ်ငန်းရှင်များထံမှ သိရ သည်။
“အခြားနိုင်ငံတွေကို တင်ပို့ရင် တန်ချိန် ၂ သိန်းထက်ပိုပြီးတော့ တင်ပို့ဖို့ ခက်တယ်။ ဒါကြောင့်လည်း လက်ရှိက ပြည်တွင်း မှာ စိုက်ပျိုးထုတ်လုပ်တဲ့ ပမာဏက များပြီး အိန္ဒိယ ပိတ်လိုက်တဲ့ အခါကျတော့ အခုလို ဈေးနှုန်း ကျတာတို့ ဘာတို့ ဒဏ်ခံ နေရတာ။ အိန္ဒိယက ပြန်မဖွင့်ခင် အနိမ့်ဆုံး ကျသွားတဲ့ ဈေးထက် အထိုက်အလျောက်တော့ ဈေးပြန်တက်တယ် ဆိုပေမယ့် အားရစရာတော့ မရှိဘူးလို့ ပြောရမှာပဲ” ဟု ဦးမင်းကိုဦး က ပြောသည်။
ဆက်လက်၍ ၎င်းက “အခု ပြန်တက်လာတာတောင် မတ်ပဲက ၁ တန်ကို ၄ သိန်း ၈ သောင်းကျပ် လောက်ပဲရှိမယ်။ ပဲစင်း ငုံက ၅ သိန်း ၅ ထောင်ကျပ် လောက်ရှိတယ်။ အဲဒီတော့ ဘာပဲပြောပြော ဒီဈေးနှုန်းအနေအထားက အကြမ်းဖျင်း တွက် ချက်လိုက်တဲ့ အခါမှာ စိုက်ပျိုးစရိတ်လောက်ပဲ ရှိတာ ဖြစ်တယ်။ ဘာမှ ဒါက အကျိုးမရှိနိုင်တော့ဘူး”ဟု ပြောသည်။
ထို့ကြောင့် ပဲစင်းငုံ၊ မတ်ပဲတို့ကို အိန္ဒိယမှ အာမခံချက် တစုံတရာ မရှိဘဲနှင့် တောင်သူများ စိုက်ပျိုးသင့်၊ မသင့်ကို ပဲစိုက် ပျိုးချိန်မတိုင်ခင် ၂ လခန့်အလိုတွင် အချိန်နှင့် တပြေးညီ မြန်မာနိုင်ငံ ပဲလုပ်ငန်းရှင်များ အသင်းမှ ထုတ်ပြန်ပေးမည် ဟု ဆို သည်။
အိန္ဒိယသံရုံးမှ ပထမ အမြဲတမ်းအတွင်းဝန် (စီးပွားရေးနှင့် ကုန်သွယ်ရေး) Mr.Shweta Singh က “အိန္ဒိယက ကမ္ဘာပေါ်မှာ ပဲအများဆုံးစားတဲ့ တိုင်း ပြည်လည်းဖြစ်တယ်။ မြန်မာပဲစိုက်တောင်သူတွေကို အဓိကပြောချင်တာက ဒီဈေးကွက် တခုပဲ အားမကိုးဖို့ ပြောချင်တယ်။ အဲဒီလိုပြောလို့ အိန္ဒိယက မြန်မာပြည်က ပဲကို မဝယ်တော့ဘူး ဆိုလိုတာ မဟုတ်ပါဘူး။ မြန်မာပြည်က ပဲကို ဆက်ပြီးတော့ ဝယ်နိုင်တယ်။ သို့သော် မြန်မာပြည်က အိန္ဒိယအပြင် တခြားသော ဈေးကွက်တွေကို ရှာဖွေဖို့လိုတယ် ဆိုတာ ပြောချင်ပါတယ်” ဟု ယခုလအတွင်း မီဒီယာများအား ပြောကြားသွားသည်။
လက်ရှိ၌ အိန္ဒိယနိုင်ငံ၏ ပဲစိုက်ပျိုး ထုတ်လုပ်မှုမှာတင် တန်ချိန် ၁၃ သန်းခန့် ထုတ်လုပ်လာနိုင်သောကြောင့် အိန္ဒိယ ပဲဈေး ကွက်အတွင်း၌ ရှိသင့်ရှိထိုက်သော ဈေးနှုန်းထက် ဈေးနှုန်းများ နိမ့်ကျလာသဖြင့် နိုင်ငံ၏ မူဝါဒအရ လယ်သမားများ အရှုံး မပေါ်စေရန် အိန္ဒိယ အစိုးရမှ လုပ်ဆောင်ခြင်းဖြစ်သည် ဟု ၎င်းက ဆိုသည်။
အိန္ဒိယမှ ပဲတင်သွင်းခွင့် ပိတ်ခြင်းမှာ ပြည်တွင်း ထုတ်လုပ်မှုအပေါ် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပြီး လာမည့်နှစ်တွင် ပြည်တွင်း ပဲထုတ်လုပ်မှုမှာ မည်မျှများမည်ကို မခန့်မှန်းနိုင်သဖြင့် ယင်းအပေါ်တွင် မူတည်၍ ကိုယ်တာ သတ်မှတ်ရသဖြင့် ကြိုတင်၍ မပြောဆိုနိုင်ခြင်း ဖြစ်ကြောင်းကို Mr. Shweta Singh က ပြောဆိုသည်။
ဆက်စပ်ဖတ်ရှုရန်- ပြည်တွင်း ပဲဈေးကွက် အိန္ဒိယကို စောင့်ကြည့်နေ