ပြည်ပမှ တရားမဝင် မှောင်ခိုဝင်ရောက်ခြင်းကို အထူးအဖွဲ့ ဖွဲ့စည်းပြီး တားဆီးသွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးချုပ် (UMFCCI) ၌ ပုဂ္ဂလိက ကဏ္ဍ ကိုယ်စားလှယ် များနှင့် ဆွေးနွေးပွဲတွင် ဒုသမ္မတ ဦးမြင့်ဆွေက ပြောသည်။
ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒု သမ္မတ ဦးမြင့်ဆွေက “ပြည်ပက အခွန်မပေးရဘဲနဲ့ ဝင်လာတဲ့ မှောင်ခို ပစ္စည်းတွေက အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းတွေ ထိခိုက်တယ်။ ဒီဘက်က အခွန်ပေးပြီး လုပ်ဆောင်နေရတဲ့ အတွက် အသေးစား စက်မှုလုပ်ငန်းတွေက အများကြီး မယှဉ်နိုင်တဲ့ အနေအထား ရှိပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ဦးမြင့်ဆွေက “ဒါကြောင့် အခု ရေပူစစ်ဆေးရေး ဂိတ်နဲ့ မရမ်းချောင် စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး တား ဆီးတဲ့ အနေအထားပါ။ ထိုက်သင့်သလောက်လည်း တားဆီးနိုင်ပါတယ်။ သို့သော်လည်း ရှောင်ကွင်းလမ်းတွေ ဘာတွေ ကနေ ပြေးတယ်ဆိုရင် တော်တော်လေး ထိခိုက်တယ်။ SME လုပ်ငန်းတွေ ပိတ်သွားတာမျိုးတွေ ရှိတယ်လို့ သိရတယ်။ ဒါကြောင့် အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ အများဆုံး ဦးစားပေး ဒေသ အလိုက် လုပ်သွားမယ်” ဟုလည်း ပြောဆိုသည်။
ယင်းသို့ ဦးစားပေး ဒေသ အလိုက် တရားမဝင် ကုန်သွယ်မှု တားဆီးရေး အထူးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည့် ဒေသ များမှာ ကချင်၊ မွန်၊ ကရင် ပြည်နယ်တို့နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌ ဖြစ်ပြီး လက်ရှိ ရှမ်းပြည်နယ်၌ အထူးအဖွဲ့ ဖွဲ့ စည်း၍ စတင် ဆောင်ရွက်နေကြောင်း ဒု သမ္မတက ပြောသည်။
နိုင်ငံတွင်းရှိ SME လုပ်ငန်းများမှာ တိုင်းပြည်၏ ၉၉ ရာခိုင်နှုန်း ရှိနေသောကြောင့် အလေးထား ဆောင်ရွက်ခြင်း မရှိလျှင် ထိခိုက် နစ်နာနိုင်သည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။
ထို့ကြောင့် အများဆုံး ရင်ဆိုင်ကြုံတွေ့နေရသည့် တရားမဝင် ကုန်သွယ်မှုနှင့် ဆက်စပ်သည့် SME လုပ်ငန်းများကို လျစ် လျူရှုထားခြင်း မရှိကြောင်းနှင့် တရားမဝင် ကုန်သွယ်မှု ကိစ္စရပ်များကို ထိုက်သင့်သည့် အတိုင်းအတာ တခုအထိ တားဆီး ဆောင်ရွက်ပေးနေကြောင်း ဦးမြင့်ဆွေ က ပြောဆိုသည်။
လက်ရှိ ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်အထိ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၇ ဒသမ ၉၈၃ ဘီလီယံ ရရှိထားပြီး ယင်းစာရင်းများ အနက် ပုဂ္ဂလိက ကဏ္ဍအနေနှင့် ဒေါ်လာ ၆ ဒသမ ၉၂၄ ဘီလီယံ ပါဝင်ထားသည် ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။
ထိုသို့ ပုဂ္ဂလိက ကဏ္ဍသည် ကုန်သွယ်မှုတွင် ပါဝင်မှုများသောကြောင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း ဒုသမ္မတက ဆိုသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က “မှောင်ခိုလုပ်ငန်းကိစ္စ တရားမဝင် လုပ်တာကိုလည်း တတ်နိုင်သမျှ တားဆီးမှု လုပ်နေတာ ရှိပါတယ်။ တရားမဝင်လုပ်တဲ့ လုပ်ငန်းတွေကြောင့် ပြည်တွင်းက SME လုပ်ငန်းတွေကို ထိခိုက်တယ် ဆိုတာ သဘောပေါက်ပါတယ်”ဟု ပြောကြားသည်။
ပြည်ပ နိုင်ငံများမှ ကုန်ပစ္စည်းများ တရားမဝင် ဝင်ရောက်မှုကို တားဆီးနှိမ်နှင်းနိုင်ရန် အတွက် အစိုးရအဖွဲ့ သော်လည်း ကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များ သော်လည်းကောင်း၊ UMFCCI သော်လည်းကောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ သော်လည်းကောင်း ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
အသေးစားနှင့် အလတ်စားစက်မှု၊ လက်မှုလုပ်ငန်းများ ဖွံံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းက “ဒါမျိုးက တရားမဝင် သွင်းလာတာတဲ့ အတွက် အခွန်အခတွေ မပေးရတာကြောင့် တရားဝင် ပေးပြီးတော့ သွင်းလာတဲ့ လုပ်ငန်းတွေထက် ဈေးနှုန်းအားဖြင့် ယှဉ်ပြိုင် မရောင်းချနိုင်ပါဘူး။ အရည် အသွေးလည်း မတူတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ဈေးနှုန်းခြင်း တန်းတူထား မရောင်းနိုင်ပါဘူး” ဟု ဧရာဝတီ ကို ပြောသည်။
စီးပွား/ကူးသန်းဝန်ကြီးက အဆိုပါ တရားမဝင် မှောင်ခိုလုပ်ငန်းများသည် အထူးသဖြင့် နယ်စပ် ဒေသများ၌ တရားဥပဒေ စိုးမိုးမှု နည်းပါးမှုကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်သကဲ့သို့ အခြားတဖက်တွင်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက် စေရန် လုပ်ခြင်းအားဖြင့် လျော့ကျလာနိုင်မည် ဖြစ်ကြောင်း ရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၅၂ ဘီလီယံ ကုန်သွယ်မှု ပြုလုပ်ခဲ့ ပြီး ပုဂ္ဂလိက ကဏ္ဍမှာ ဒေါ်လာ ၂၇ ဒသမ ၂၄ ဘီလီယံ ပါဝင်ခဲ့ကြောင်း စီးပွား/ကူးသန်း၏ စာရင်းများ အရ သိရသည်။