မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော Mytel ၏ အခမဲ့ ဝန်ဆောင်မှု ပေးသော “Shake Mytel” အစီအစဉ်ကို ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ကြောင်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စာတိုက်နှင့် ဆက်သွယ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
Mytel ၏ ရှယ်ယာ ၄၈ ရာခိုင်နှုန်းကို မြန်မာ စစ်ဘက် ကျောထောက်နောက်ခံပြု Star High Company က ပိုင်ဆိုင်ပြီး ရှယ်ယာ ၂၈ ရာခိုင်နှုန်းပိုင်သော ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်သည်။ ကျန် ၂၃ ရာခိုင်နှုန်းကို ပြည်တွင်း ကုမ္ပဏီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသည့် Myanmar National Telecom Holding Public Ltd က ရရှိထားသည်။
ဇွန်လ ၉ ရက်နေ့က ကျင်းပသော Mytel ၏ တရားဝင်ဖွင့်ပွဲအခမ်းအနားကို မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗီယက်နမ် ပြည်သူ့တပ်မတော် မှ အမျိုးသားကာကွယ်ရေး ဒု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး ထရန်ဒွန်နှင့် နှစ်နိုင်ငံမှ စစ်ဗိုလ်ချုပ် တဒါဇင်နီးပါး တက်ရောက်ကြသည်။
ဦးမျိုးဆွေက Mytel သည် Shake program ကို မူလက ကံစမ်းမဲအနေဖြင့် အဆိုပြုခဲ့သော်လည်း လက်တွေ့တွင် သုံးစွဲသူများကို အခမဲ့ဝန်ဆောင်မှု ရက်သတ္တပတ် အတန်ကြာပေးခဲ့ကြောင်း ပြောသည်။
“ကံစမ်းမဲရဲ့ သဘောသဘာဝကို ခင်ဗျားလည်း သိတဲ့အတိုင်းပဲ၊ လှုပ်တိုင်း မပေါက်ဘူးလေ။ အခု သူတို့အစီအစဉ်က တနေကုန် ဖုန်းလှုပ်လိုက်တိုင်းပေါက်နေတယ်။ တနေ့ကို ဆယ်ကြိမ်၊ ဆယ့်ငါးကြိမ် ဖုန်းကို လှုပ်လိုက်တိုင်း အခေါက်တိုင်းလိုလို မဲပေါက်နေတာ။ သူတို့ မဲဖောက်တယ်ဆိုတာကလည်း ပေါက်တဲ့သူတွေကို ကားတွေ၊ ဖုန်းတွေ၊ တခြားပစ္စည်းတွေ ပေးတာမျိုး မဟုတ်ဘူး။ သူ့ရဲ့ဝန်ဆောင်မှုကို အခမဲ့ ဝန်ဆောင်မှုပဲ ပေးတဲ့ဟာမျိုး” ဟု ဦးမျိုးဆွေက ဆက်လက်ရှင်းပြသည်။
“ အခွန်ဆိုင်ရာ မူဘောင် သဘောတူညီချက်နဲ့ အခမဲ့ဝန်ဆောင်မှုပေးတာကို တားမြစ်ရတဲ့အကြောင်းရင်းကတော့ ဆက်သွယ်ရေးကဏ္ဍမှာ လုပ်ငန်းတခုနဲ့တခု အပြိုင်အဆိုင် ယှဉ်ပြိုင်မှုဖြစ်ပေါ်စေတယ်။ တကယ်လို့ ကျနော်တို့ အဲဒါကို ခွင့်ပြုလိုက်ရင် နောက်ဝင်လာတဲ့ အင်အားကြီးမားတဲ့လုပ်ငန်းက ကျန်တဲ့လုပ်ငန်းတွေကို အနိုင်ယူသွားနိုင်တယ်” ဟုလည်း ရှင်းပြသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက အိမ်နီးနားချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် မညီမျှသည့် ဈေးကွက်ယှဉ်ပြိုင်မှု ပြဿနာဖြစ်ပွားခဲ့ကြောင်း သူကထောက်ပြသည်။ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနသည် ရေရှည်တည်တံ့သော ဆက်သွယ်ရေး ကဏ္ဍတွင် လုပ်ငန်းများ မျှတသော ယှဉ်ပြိုင်မှု လုပ်ထုံးလုပ်နည်းများ ဖန်တီးရန် အခွန် လုပ်ထုံးလုပ်နည်း မူဘောင်အသစ်ကို ရေးဆွဲလျက် ရှိသည်။
လက်ရှိ အခွန်လုပ်ထုံးလုပ်နည်း မူဘောင်အရ ဆက်သွယ်ရေးလုပ်ငန်းများသည် ဖုန်းခေါ်ဆိုမှု၊ စာတိုစနစ်နှင့် အချက်အလက် ဝန်ဆောင်မှုများကို သတ်မှတ်ထားသော ကြမ်းခင်းဈေးအောက်ထက် ပိုမိုလျှော့ချပိုင်ခွင့် မရှိပေ။ သတ်မှတ်ထားသော အရောင်းမြှင့်တင်ရေးကာလနှင့် အထူးအစီအစဉ်သစ်များအတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုကို သတ်မှတ်ကြမ်းခင်းဈေးအောက် ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သော်လည်း Mytel သည် ၎င်း၏ အရောင်းမြှင့်တင်ရေးကာလ သုံးလအတွက် ကြမ်းခင်းဈေးအောက် ၇၀ ရာခိုင်နှုန်းအထိ လျှော့ချခွင့်ရရှိထားသည်။ ထိုသို့ခွင့်ပြုခြင်းမှာ အခြေကျပြီးသော အခြားဆက်သွယ်ရေးလုပ်ငန်းကြီးများအတွက် ထိခိုက်မှု အနည်းငယ်သာရှိမည်ဟု ဝန်ကြီးဌာနက ယူဆထားခြင်းကြောင့်ဖြစ်သည်။
Mytel ၏ ပြင်ပဆက်သွယ်ရေးအရာရှိချုပ် ဦးဇော်မင်းဦးက ဖုန်းလှုပ်သည့် အစီအစဉ်ကို ဇွန်လ ၂၇ ရက်နေ့က စတင်ပြောင်လဲခဲ့ကြောင်း အတည်ပြုပြောဆိုသည်။ သို့သော် ဖုန်းလှုပ်သည့် Shake အစီအစဉ်မှာ အသက်ဝင်နေဆဲဖြစ်ကြောင်း သိရသည်။ ဖုန်းလှုပ်သည့် (ကနဦး) အစီအစဉ်သည် အင်တာနက် မဂ္ဂါဘိုက်၊ စာတိုစနစ်နှင့် ဖုန်းပြောဆိုသည့် ဝန်ဆောင်မှုများ အခမဲ့ပေးကြောင်းလည်း သူရှင်းပြသည်။ Mytel အနေဖြင့် တနေ့လျှင် ဆုမဲပေါင်း ၁၀,၀၀၀ ခန့်ပေးကြောင်း သူကပြောသည်။
ထိုသို့သော အခမဲ့ပေးသည့်စနစ်ကို ရယူရန် Mytel ဆင်းကဒ် အသုံးပြုသူများအနေဖြင့် Mytel Android အန့်ဒရွိုက် အပလီကေးရှင်းကို ဒေါင်းလုပ်ရယူပြီး Shake အစီအစဉ်ကို ဖွင့်လိုက်ရန်သာ လိုသည်။ အသုံးပြုသူများက ၎င်းတို့၏ဖုန်းများကို လှုပ်ခါလိုက်သည်နှင့် စာတိုပေးပို့မှု ၁၀ စောင်မှ ၁၅ စောင်အထိနှင့် တခါတရံ အင်တာနက်ဒေတာ ၁၀ မှ ၁၀၀ မဂ္ဂါဘိုက် နှင့် ၁၀ မိနစ်မှ ၁၅ မိနစ်အထိ အခမဲ့ဖုန်းပြောခွင့်ပေးခဲ့ကြောင်း Mytel ဆက်သွယ်ရေး အရာရှိက ဆိုသည်။
ထိုကဲ့သို့သော အခွင့်အလမ်းများကို အန့်ဒရိုက် ဖုန်းသုံးစွဲသူများသာ ရရှိနိုင်ကြောင်း ဂျာဗားနှင့် အိုင်အိုအက်စ်များတွင် အလုပ်မလုပ်သောကြောင့် ဆုများကို အသုံးပြုသူတိုင်း ရရှိနိုင်မည် မဟုတ်ကြောင်းလည်း ရှင်းပြသည်။ ထိုအစီအစဉ်အသက်ဝင်စဉ်ကာလတွင် ၎င်းတို့၏ ဝန်ဆောင်မှုကို အသုံးပြုသူ အနည်းငယ်သာ ရှိသေးကြောင်း သူက ဆိုသည်။
စင်စစ်မှာမူ Mytel သည် ဖွင့်ပွဲမတိုင်မီ ၆ ရက်ကတည်းက ကြိုတင်ပြီး အဆိုပါ အခမဲ့ ဝန်ဆောင်မှု စတင်ခဲ့ခြင်းဖြစ်သည်။ ဆက်သွယ်ရေးလုပ်ထုံးလုပ်နည်းဌာနသို့ အခြားသော ဆက်သွယ်ရေးလုပ်ငန်းများက ဈေးကွက်ယှဉ်ပြိုင်မှု မျှတရေးနှင့် ပတ်သက်ပြီး မေးခွန်းအများအပြား ထုတ်လာသောကြောင့် “Shake Mytel” ဝန်ဆောင်မှုကို ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ပြီး ဇွန်လ ၂၇ ရက်နေ့တွင် ရပ်စဲခဲ့ရသည်။ ထို့အပြင် Mytel သည် ၎င်း၏ ဝန်ဆောင်မှု စတင်အသုံးပြုသူများကို သုံးလအတွင်း အသုံးပြုနိုင်သော အင်တာနက် မဂ္ဂါဘိုက် ၁၅၀၀ နှင့် ဖုန်းခေါ်ဆိုမှု အကြိမ် ၁၅၀ အခမဲ့ ခွင့်ပြုပေးထားသည်။
စာတိုက်နှင့် ဆက်သွယ်ရေးဌာန၏ အရာရှိ ဦးမျိုးဆွေက ၎င်းတို့အနေဖြင့် Mytel ကို ဇွန်လ ၂၀ ရက်နေ့တွင် စတင်အကြောင်းကြားခဲ့ကြောင်း၊ တပတ်အကြာ ဇွန်လ ၂၇ ရက်တွင် ထိုအစီအစဉ်ရပ်စဲသည်ကို တရားဝင် သိရှိရကြောင်းပြောပြသည်။
Mytel သည် ထို အစီအစဉ်ကို ၁၉ ရက်ကြာ ပြုလုပ်ခဲ့သောကြောင့် ၎င်းတို့၏ ဆင်းကဒ် အသုံးပြုသူများအား စုစုပေါင်း ဆုမဲပေါင်း ၁၉၀,၀၀၀ အထိပေးခဲ့သည်ကို ဖော်ပြနေသည်။ ကုမ္ပဏီအနေဖြင့် ထိုအစီအစဉ်အတွက် ကျပ်ငွေ သန်း ၁၀၀ ကျော်သုံးစွဲခဲ့ကြောင်း ဦးဇော်မင်းဦးက ခန့်မှန်းသည်။
Mytel သည် Shake အစီအစဉ်ကို ကံစမ်းမဲနည်းမဟုတ်ဘဲ အခြားနည်းဖြင့် အသုံးပြုခဲ့သော်လည်း ဆက်သွယ်ရေးဌာန၏ ဒဏ်ရိုက်ခြင်း မခံရရှိပေ။ ဇွန်လ ၂၇ ရက်နေ့မှ စတင်ကာ သမားရိုးကျ ကံစမ်းမဲ ပုံစံသို့ အလျှင်အမြန်ပြောင်းလဲခဲ့ပြီး ကံစမ်းသူများကို ကား၊ ဖုန်းနှင့် အခြားလျှပ်စစ်ပစ္စည်း အသုံးအဆောင်များကိုသာ “Shake Mytel” အစီအစဉ်တွင် ပေးကြောင်းပြောသည်။ Mytel ဆင်းကဒ် အသုံးပြုသူ တနိုင်ငံလုံးတွင် ၁ သန်းခွဲရှိပြီဖြစ်ကြောင်းလည်း ဦးဇော်မင်းဦးပြောသည်။
သူ၏ရှင်းပြချက်အရ Mytel အသုံးပြုသူများသည် ဖုန်းကိုလှုပ်ခါလိုက်ပါက (လက်ရှိ အစီအစဉ်) ကုဒ် နံပါတ်တခု ရရှိမည်ဖြစ်သည်။ ထို့နောက် ဆုမဲပေါက်သူများကို ၎င်းတို့၏ တရားဝင် ဖေ့ဘွတ်စာမျက်နှာတွင် အပတ်စဉ်ကြေညာမည်ဖြစ်ကြောင်းဆိုသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အသုံးပြုမှုမှာ Telenor နှင့် ကာတာနိုင်ငံမှ Ooredoo တို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ၂၀၁၄ ခုနှစ်တွင် ပေါက်ကွဲထွက်လာပြီး စစ်အစိုးရခေတ်နှင့် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရသက်တမ်း အစတွင် ဆင်းကဒ်တကဒ်ကို ကျပ်ငွေ သန်းချီရောင်းချသော မြန်မာ စာတိုက်နှင့် ဆက်သွယ်ရေးလုပ်ငန်း- MPTက လက်ဝါးကြီးအုပ်ထားသော ဈေကွက်က ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ ယခုအခါ ပြည်သူများသည် မည်သည့်ဆင်းကဒ်ကို မဆို လမ်းဘေးတွင် ၁၅၀၀ ကျပ်ဖြင့် အလွယ်တကူ ရရှိနိုင်သည်။
ဖေဖော်ဝါရီလအတွင်းက ဆက်သွယ်ရေးဝန်ဆောင်မှု Company များ ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တခုတွင် တနိုင်ငံလုံးတွင် ၎င်းတို့၏ ဝန်ဆောင်မှုများကို သုံးစွဲသူ ၅၃ သန်းရှိကြောင်း ဖော်ပြထားသည်။ ဂျပန်နိုင်ငံမှ KDDI နှင့် ၂၀၁၄ ခုနှစ်တွင် ပူးပေါင်းလိုက်သော MPT သည် ထိပ်ဆုံးတွင်ရှိနေပြီး သုံးစွဲသူ ၂၅ သန်းရှိကာ တယ်လီနောက သုံးစွဲသူ ၁၉ သန်းဖြင့် ဒုတိယနေရာတွင်ရှိသည်။ အော်ရီဒူး သုံးစွဲသူ ၉.၅ သန်းရှိသည်။
(အင်္ဂလိပ်ဘာသာဖြင့် Army-Backed Mytel Ordered to Halt ‘Shake’ Program တွင် ဖတ်ရှုပါ။)