တရုတ်ပိုးလမ်းမသစ် စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစြင်္ကန်တည်ဆောက်ရေး အချက် ၁၅ ချက်ပါ နားလည်မှု စာချွန်လွှာ တခုကို ၂ နိုင်ငံ အရာရှိများ သဘောတူညီ မူရရှိသွားပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေး ဦးစီးဌာန DICA ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦး ပြောသည်။
“သဘောတူညီချက်တွေ ရပြီးလို့ နားလည်မှုစာချွန်လွှာက အသင့်ဖြစ်ပြီ” ဟု ဦးမင်းဇော်ဦးက ဧရာဝတီသို့ပြောသည်။ “၂ နိုင်ငံ ဒီနှစ်အတွင်း လက်မှတ်ထိုးမယ်လို့ ကျနော်တို့ မျှော်လင့်တယ်” ဟုလည်း ဆိုသည်။
တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် နားလည်မှု စာချွန်လွှာကို ဖေဖေါ်ဝါရီလက လုပ်ငန်းအဖွဲ့အဆင့်တွင် အပြီးသတ် တိုင်ပင်ရေးဆွဲပြီးနောက် အစိုးရက ပြန်လည် သုံးသပ်သည်ဟု သူက ရှင်းပြသည်။
ထိုစီးပွားရေးစင်္ကြန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေး၊ ထိုမှတဆင့် အရှေ့ဖက်တွင် ရန်ကုန်နှင့် အနောက်ဖက်တွင် ကျောက်ဖြူအထူးစီးပွားရေး ဇုန်အထိ ဆက်သွယ်သွားမည်ဟု DICA ၏အဆိုအရ သိရသည်။
နားလည်မှု စာချွန်လွှာအရ ၂ နိုင်ငံ အစိုးရများသည် အခြေခံ အဆောက်အအုံ၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လူသားရင်းမြစ် ဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေး နှင့် စီးပွားရေးစြင်္ကန်တည်ဆောက်ရန် သုတေသနနှင့် နည်းပညာ တို့အပါအဝင် ကဏ္ဍ အများအပြားတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူကြသည်ဟု ဦးမင်းဇော်ဦး ပြောသည်။
စီးပွားရေးစင်္ကြန် အကောင်အထည်ဖေါ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများသည် အခြေခံအဆောက်အအုံစီမံကိန်းအရ ဦးစားပေးများ သတ်မှတ်ရန် လုပ်ငန်းအဖွဲ့များနှင့် ၂ နိုင်ငံအကြား ပူးတွဲကော်မတီများ ဖွဲ့စည်းရန် လိုသည်။
“အခြေခံအဆောက်အအုံတည်ဆောက်ရေး စီမံကိန်းတွေ (အထူးစီးပွားရေးဇုန်၊ ရထားလမ်းများ၊ လမ်းများနှင့် စက်မှုဇုန်များ) ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တာဝန်ယူလိမ့်မယ်။ လုပ်ငန်းအဖွဲ့တွေနဲ့ ပူးတွဲကော်မတီတွေ( တရုတ်-မြန်မာ) ဖွဲ့စည်းဖို့ အစိုးရရဲ့ စီးပွားရေးကော်မတီကို ကျနော်တို့က အဆိုပြုရမယ်”ဟု ဦးမင်းဇော်ဦးက ပြောသည်။
နှစ်ဘက်လုံးမှ အနိမ့်ဆုံးအဆင့် ဒုတိယ ဝန်ကြီးများသည် အခြေခံ အဆောက်အအုံ စီမံကိန်းများအတွက် ဆွေးနွေးရန် လိုသည်ဟုလည်း ရှင်းပြသည်။
ယမန်နှစ် နိုဝင်ဘာလတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ရာ တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် တည်ထောင်ရေး အဆိုပြုခဲ့သည်။
ထို စီးပွားရေးစြင်္ကန်သည် One Belt One Road စီမံချက်၏ တရုတ်နှင့်မြန်မာ ပူးပေါင်းဆောင်ရွက်မှု အောက်တွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ပေးမည်ဟု ဝမ်ယိ ပြောသည်။
One Belt One Road စီမံချက်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်၏ အဓိက နိုင်ငံခြားရေးမူဝါဒ စီမံကိန်းဖြစ်သည်။ ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့သော ထိုစီမံကိန်းကို ၂၁ ရာစု ရေကြောင်း ပိုးလမ်းမကြီးဟုလည်း သိကြသည်။ ထိုစီမံချက်တွင် ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် ရုရှားကိုဖြတ်ပြီး တရုတ်နှင့် ဥရောပကို ဆက်သွယ်သည့် လမ်းများ၊ ရထားလမ်းများနှင့် ရေကြောင်းလမ်းများ တည်ဆောက်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးရန် ရည်ရွယ်သည်။
ဟောင်ကောင် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု ကောင်စီ အစီရင်ခံစာ တစောင်အရ One Belt One Road စီမံချက်တွင် အာရှ၊ ဥရောပနှင့် အာဖရိကတို့ကို ဆက်သွယ်သည့် စီးပွားရေး စြင်္ကန် ၆ ခုပါဝင်ပြီး ၎င်းတို့မှာ ယူရေးရှား ကုန်းလမ်း ပေါင်းကူးစီးပွားရေးစင်္ကြန်သစ် – New Eurasia Land Bridge Economic Corridor ၊ တရုတ်၊ မွန်ဂိုလီးယား၊ ရုရှား စီးပွားရေးစင်္ကြန် – China-Mongolia-Russia Economic Corrido ၊ တရုတ်၊ ဗဟိုအာရှ၊ အနောက်အာရှ စီးပွားရေး စင်္ကြန် – China-Central Asia-West Asia Economic Corridor ၊ တရုတ်၊ အင်ဒိုချိုင်းနား ကျွန်းဆွယ် စီးပွားရေး စင်္ကြန် – China-Indochina Peninsula Economic Corridor ၊ တရုတ်၊ ပါကစ္စတန် စီးပွားရေးစင်္ကြန် – China-Pakistan Economic Corridor နှင့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေး စင်္ကြန်- Bangladesh-China-India-Myanmar Economic Corridor တို့ဖြစ်သည်။
မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှအကြားနှင့် ကုန်းတွင်းပိတ် တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နှင့် အိန္ဒိယ သမုဒ္ဓရာ တို့အကြားတွင် တည်ရှိပြီး One Belt One Road စီမံချက်တွင် ပထဝီ အနေအထားအရ အရေးပါသော နေရာမှာတည်ရှိသည်။
သေနင်္ဂဗျူဟာ သဘောအရကြည့်ပါက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အိန္ဒိယ သမုဒ္ဓရာသို့ တိုက်ရိုက်သွားရောက်သော လမ်း ၂ ခုအနက် တခုကို ပိုင်ဆိုင်ထားသည်။ အခြားလမ်းကြောင်းမှာ ပါကစ္စတန်ဖြစ်သော်လည်း အကြောင်းများစွာကြောင့် ထိုနိုင်ငံသည် ပြဿနာရှိနေသည်။
ဇွန်လ ၁၆ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်းဟီနှင့် နေပြည်တော်တွင် တွေ့ဆုံပြီး ၂ နိုင်ငံဆက်ဆံရေး ဆွေးနွေးသည်။ ထိုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်၏ One Belt One Road အစီအစဉ်နှင့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာအောင်လုပ်မည်ဟု ကတိပေးသည်ဟု တရုတ် မီဒီယာက ဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘေဂျင်းတွင် ဇွန်လ ၂၈ ရက်နေ့က ကျင်းပသည့် အစည်းအဝေးတွင်လည်း ဝမ်ယိက တရုတ်၊ မြန်မာစီးပွားရေးစင်္ကြန် သဘောတူညီချက်နှင့် နယ်စပ်ဒေသများတွင် ငြိမ်းချမ်းတည်ငြိမ်ရေးကို တွန်းအားပေးသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အသစ်ခန့်အပ်ထားသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ပြည်ထောင်စု ဝန်ကြီးဦးသောင်းထွန်းသည် ဇွန်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဟောင်ကောင်တွင် ကျင်းပသော တတိယအကြိမ် Belt and Road Summit 2018 ညီလာခံသို့ တက်ရောက်သည်။
ထိုညီလာခံ တက်ရောက်သော ကိုယ်စားလှယ်များအား ဦးသောင်းထွန်းက ” မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုကော်မရှင် စီမံခန့်ခွဲမှုသစ်အောက်မှာ စီးပွားရေးလုပ်ငန်းတွေကို လမ်းဖွင့်ထားပေးပြီးပြီ။ စီးပွားရေးအခွင့်အလမ်းတွေပေါကြွယ်နေဆဲဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့အရေးပါမှုလည်း ဆက်လက်ရှိနေပါတယ်” ဟု ပြောသည်ဟု ဟောင်ကောင် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ၏ ကြေညာချက်တခုအရ သိရသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးကြောင်း၊ အထူးသဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် သဘောတူညီချက်ကို ဦးစားပေးရန် ရည်ရွယ်ကြောင်း ဦးသောင်းထွန်းက South China Morning Post သို့ပြောသည်။
သို့သော် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ကုန်ကျမည့် အကြွေးများအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေသည်။ ထိုနေရာသည်တရုတ်နိုင်ငံအတွက် အာရှနှင့် အခြားနေရာများသို့ ချဉ်းကပ်ရန် လမ်းကြောင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန်ခေတ်တွင် ချုပ်ဆိုသော သဘောတူညီချက်အရ ထိုစီမံကိန်းတွင် တရုတ်နိုင်ငံက ၈၅ ရာခိုင်နှုန်း ပိုင်ပြီး မြန်မာနိုင်ငံက ၁၅ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ရန်ဖြစ်သည်။ သို့သော် ထိုစီမံကိန်းမှာ မြန်မာ ပြည်သူများအကြား ထောက်ခံမှုမရလှဘဲ အစိုးရအနေဖြင့် ပိုင်ဆိုင်မှု အချိုးအစားကို ပြန်လည်ညှိနှိုင်းရန် ဖြစ်လာရသည်။
မြန်မာနိုင်ငံသည် အကြွေးနွံမနစ်စေရန် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၏ အရွယ်အစားကိုလျှော့ချရန် ကြိုးစားပြီး မလိုအပ်သော အသုံးစရိတ်များဖြတ်တောက်မည်ဟု စီမံကိန်းနှင့် ဘာဏ္ဍာရေးဝန်ကြီးသစ် ဦးစိုးဝင်းက Nikkei Asian Review နှင့် သီးခြား တွေဆုံမေးမြန်းရာတွင် ပြောသည်။
” အကြွေး ခြိမ်းခြောက်မှု အတွက် ကျနော်တို့မှာ အမြင် အမျိုးမျိုးရှိနေပေမယ့် ကျနော်တို့ဟာ One Belt One Road ကို ငြင်းပစ်လိုက်လို့ မရဘူး” ဟု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဒု ဥက္ကဌ ဦးမောင်မောင်လေးက ပြောသည်။
နားလည်မှုစာချွန်လွှာမှာ စီမံကိန်းအတွက် မည်သူ မည်မျှ ထည့်ဝင်မည်ကို ပြသည့် ယေဘုယျ သဘောတူညီချက်သာဖြစ်ပြီး စီမံကိန်းတခုစီအတွက် ဝန်ကြီးအဆင့် ထပ်မံဆွေးနွေးရန် လိုသည်ဟု သူက ပြောသည်။ မြန်မာနိုင်ငံသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားစေကာမူ အသေးစိတ်နှင့် ဘဏ္ဍာရေးဆိုင်ရာများကို ဆက်လက်ညှိနှိုင်းနိုင်သည်ဟုလည်း ပြောသည်။
ကျောက်ဖြူသည် အကြွေးနွံနစ်မည်ကို ပူပန်နေရသည့် တခုတည်းသော စီမံကိန်း မဟုတ်ပေ။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် သဘောတူညီချက်အတိုင်းဆိုလျှင် မြန်မာနိုင်ငံက ငွေကြေး မစိုက်ထုတ်နိုင်သော ထိုစီးပွားရေးစင်္ကြန်တလျှောက်တည်ဆောက်မည့် စက်မှုဇုန်များ၊ ရထားလမ်းများ၊ ကားလမ်းများနှင့် အခြားအခြေခံ အဆောက်အအုံများလည်း ရှိနေသေးသည်။
“တရုတ်နိုင်ငံက ဒီသေနင်္ဂဗျူဟာ စီမံကိန်းကို သတိကြီးကြီးနဲ့ စီစဉ်နေတာ နှစ်ပေါင်းများစွာကြာပြီ။ မြန်မာအစိုးရက ဘာလုပ်မှာလဲ။ ဒီသဘောတူညီချက်ရဲ့ အကျိုးဆက်တွေအတွက် အဆင်သင့်ပြင်ပြီးပြီလား” ဟု မြန်မာ သေနင်္ဂဗျူဟာနှင့် မူဝါဒသိပ္ပံမှ သုတေသီ ဒေါ်ခင်ခင်ကျော်ကြီးက ပြောသည်။
အကြွေးနွံမနစ်ရန် သေနင်္ဂဗျူဟာ စီမံချက် ပြင်ဆင်ပြီးပြီလား။ စီမံကိန်းတခုချင်းစီအတွက် ငွေကြေး မည်သူက မည်သို့ စိုက်ထုတ်မည်နည်း။ ရင်းနှီးမြှုပ်နှံမှုအတွက် မြန်မာအစိုးရက တတိယ ကြားလူကို ဖိတ်ခေါ်ခွင့် ရှိပါသလား။ ပဋိပက္ခဒေသကို ဖြတ်သန်းသော စီးပွားရေးစင်္ကြန်လမ်းတလျောက် ဒေသခံပြည်သူများနှင့် အာဏာပိုင်များက စေ့စပ်ညှိနိူင်းမှုများ ပြုလုပ်မလားဆိုသော မေးခွန်းများကို မြန်မာ အစိုးရအနေနဲ့ စဉ်းစားရန် လိုသည်ဟု သူက ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ ယခုနှစ်မေလအထိ တရုတ်နိုင်ငံသည် မြန်မာတွင် ၂၀.၀၁ ဘီလီယံ မြှုပ်နှံထားသည်ဟု DICA၏ စာရင်းများအရ သိရသည်။
(အင်္ဂလိပ်ဘာသာဖြင့် China, Myanmar Agree 15-Point MoU on Economic Corridor တွင် ဖတ်ပါ။)