စမတ်ဖုန်း ထုတ်လုပ်ရေးကဏ္ဍသို့ အသစ်ဝင်ရောက်လာသော လုပ်ငန်းများအပါအဝင် ဗီယက်နမ် ကုမ္ပဏီများသည် ပြည်ပကုမ္ပဏီများ၊ အထူးသဖြင့် ပြည်တွင်းဈေးကွက်ကို လွှမ်းမိုးထားသော ဆမ်ဆောင်း အီလက်ထရွန်းနစ် (Samsung Electronics) ကို စိန်ခါ်ရန် စတင်လုပ်ငန်းတိုးချဲ့လာကြသည်။
ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံး အိမ်ခြံမြေလုပ်ငန်းဖြစ်သည့် ဗင်ဂရု (Vingroup) သည် ၂၀၁၈ ခုနှစ်မှစတင်ပြီး စမတ်ဖုန်း ထုတ်လုပ်ရန် အစီအစဉ်ကို ကြေညာကာ ပြည်တွင်း အီလက်ထရွန်းနစ်လုပ်ငန်း အဆန်ဇို (Asanzo) က ထိုနှစ်တွင်ပင် ယခင်နှစ်ကထက် အဆ ၅၀ တိုးပြီး စမတ်ဖုန်း ၆ သိန်း ထုတ်လုပ်မည်ဟု ကြေညာသည်။
ထို လုပ်ငန်းနှစ်ခုစလုံးသည် မူရင်းကိရိယာ ထုတ်လုပ်ရေးအတွေ့အကြုံမှ ရရှိသော နည်းပညာကို အလျှင်အမြန် တိုးတက်နေသော ဈေးကွက်တွင် အသုံးချကြမည် ဖြစ်သည်။
ဆမ်ဆောင်းသည် ဗီယက်နမ် စမတ်ဖုန်းဈေးကွက်၏ ထက်ဝက်နီးပါး ရရှိထားသော်လည်း ပြည်တွင်းကုမ္ပဏီများက တန်ဖိုးနည်းမော်ဒယ်များဖြင့် ထိုးစစ်ဆင်ကြမည်ဖြစ်သည်။
Vingroup သည် စမတ်ဖုန်းဈေးကွက်ကို ထိုးဖောက်ရန် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၃၁ သန်း တန်ဖိုးရှိ VinSmart မကြာသေးမီက ထူထောင်ခဲ့သည်။ ထိုလုပ်ငန်းခွဲသစ်သည် ဗီယက်နမ်မြောက်ပိုင်း ကမ်းရိုးတန်းမြို့ ဟိုင်ဖောင်တွင် စမတ်ဖုန်း စက်ရုံ ဆောက်လုပ် အခြေစိုက်မည်ဖြစ်သည်။
ဆမ်ဆောင်းသည် တောင်ကိုရီးယား၊ ဂျပန်နှင့် တခြား ကုန်ပစ္စည်း အစိတ်အပိုင်း ပေးသွင်းသူများကို ခေါ်ဆောင်လာပြီး ဗီယက်နမ်တွင် စမတ်ဖုန်း ထုတ်လုပ်ရေး အချက်အခြာနေရာတခု ဖန်တီးခဲ့သော်လည်း ၎င်းတို့အနက် တချို့သည် ဗီယက်နမ် စမတ်ဖုန်း ထုတ်လုပ်သူများအား အစိတ်အပိုင်းများ စတင်ပေးသွင်းနေကြပြီဖြစ်သည်။ အင်ဂျင်နီယာများသည် ပြည်တွင်းကုမ္ပဏီများတွင် ဝင်ရောက်လုပ်ကိုင်နေသောကြောင့် စမတ်ဖုန်းထုတ်လုပ်ရန် လိုအပ်သော နည်းပညာများသည် ထိုသို့သော လုပ်ငန်းများမှတဆင့် ဗီယက်နမ်တွင် စုပုံလာခြင်းဖြစ်သည်။
ဗီယက်နမ် စမတ်ဖုန်း ဈေးကွက်သည် နှစ်စဉ် ၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင် တိုးတက်နေပြီး ၂၀၁၄ ခုနှစ်တွင် စမတ်ဖုန်း ၁၅ သန်း ရောင်းချရာမှ ၂၀၁၇ ခုနှစ်တွင် နှစ်ဆတိုးလာသည်။
အဆင့်မြင့် ဆယ်ဖီလ် လုပ်ငန်းဆောင်တာများ၏ ကျေးဇူးကြောင့် ၂၀၁၂ တွင် ဗီယက်နမ် ဈေးကွက်သို့ စတင်ဝင်ရောက်သော Oppo က စမတ်ဖုန်းဈေးကွက်တွင် Apple ကို ကျော်တက်ပြီး ငါးနှစ်အတွင်း ဗီယက်နမ်တွင် ဒုတိယနေရာ ရလာသည်။ အခြားတရုတ်လုပ်ငန်း Xiaomi သည်လည်း ဗီယက်နမ် အီလက်ထရွန်းနစ် လက်လီ အရောင်းလုပ်ငန်း Digiworld နှင့် ချိတ်ဆက်ပြီး ဈေးကွက်ချဲ့ထွင်ရန် ကြိုးစားနေသည်။
Vingroup သည် မော်တော်ယာဉ်ထုတ်လုပ်ရန် အစီအစဉ်ကို လွန်ခဲ့သော စက်တင်ဘာလက ထုတ်ပြန်ကြေညာပြီး စက်မှုဇုန်တခုတွင်စက်ရုံ တည်ဆောက်နေသည်။ စမတ်ဖုန်း စက်ရုံကို မော်တော်ယာဉ်စက်ရုံဘေးတွင် တည်ဆောက်မည်ဖြစ်သည်။
ထိုလုပ်ငန်းသည် ကနဦးတွင် ကားထုတ်လုပ်ရေး လုပ်ငန်းတွင် ကျင့်သုံးသည့် သေနင်္ဂဗျူဟာအတိုင်း တန်ဖိုးနည်းဖုန်းများ ထုတ်လုပ်မည် ဖြစ်ပြီး နောက်ပိုင်းတွင် တန်ဖိုးမြင့် ဖုန်းများ ထုတ်လုပ်သွားမည်ဟု အုပ်စု၏ ဒု ဥက္ကဋ္ဌ ငုယင် ဗီယက် ကွမ်က ပြောသည်။ ကနဦးတွင် တန်ဖိုးနည်းဖုန်းများ ထုတ်လုပ်မည်ဟု သူက ဆိုသည်။
Vingroup သည် တန်ဖိုးနည်းပြီး အကျိုးအမြတ် ရနိုင်သည့် ဖုန်းများထုတ်လုပ်ရန်အတွက် ပြည်ပလုပ်ငန်းများနှင့်လည်း ချိတ်ဆက် ထားပြီး ဖြစ်သည်။ ထို့နောက် ထို စီးပွားဖက်ထံမှ နည်းပညာကို လေ့လာမည်ဖြစ်ကြောင်း ထို လုပ်ငန်းလုပ်ဟန်နှင့် အကျွမ်းတဝင်ရှိသော သတင်းရင်းမြစ်များထံမှ သိရသည်။
အခြေခံအားဖြင့် ရုပ်မြင်သံကြား ထုတ်လုပ်သော လုပ်ငန်းဖြစ်သည့် Asanzo သည် ယခုနှစ် စမတ်ဖုန်းများ အကြီးအကျယ် တိုးတက် ထုတ်လုပ်ရန် အမေရိကန်ဒေါ်လာ ၈.၇ သန်း သုံးစွဲမည်ဖြစ်သည်။ ထိုလုပ်ငန်းသည် ၂၀၁၇ ခုနှစ်တွင် ဖုန်းမော်ဒယ်သစ် နှစ်မျိုးဖြင့် ဈေးကွက်သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ယနေ့အထိ ဖုန်းအလုံးရေ ၁၂၀၀၀ ရောင်းချပြီး ဖြစ်သည်။
Asanzo သည် ၂၀၁၈ ခုနှစ်တွင် မော်ဒယ်သစ်များကို သုံးလတကြိမ် ထုတ်လုပ်ရန်စီစဉ်နေပြီး လုံးရေ ၆၀၀၀၀၀ အထိ ရောင်းရမည်ဟု မျှော်မှန်းထားသည်။
Asanzo က ဒေါင် ၁ သန်းခန့်တန်သည့် လုပ်ငန်းဆောင်တာ ရိုးရှင်းသော တန်ဖိုးနည်းဖုန်း မော်ဒယ်များ ထုတ်လုပ်ရန် စဉ်းစား နေသည်ဟု ကုမ္ပဏီ ဥက္ကဋ္ဌ ဖန်ဗန်တန်ကပြောသည် (တဒေါင်လျှင် ဝ.၀၆၁ ကျပ်ရှိသည်)။ ဗီယက်နမ်တွင် ဆမ်ဆောင်းဖုန်းများကို ဒေါင် ၂.၅ သန်းမှ ၂၅ သန်းအထိ ရောင်းချရပြီး Apple ၏ အိုင်ဖုန်းများကို ဒေါင် ၉ သန်းမှ သန်း ၃၀ အထိ ရောင်းချနေသည်။
Asanzo သည် ၂၀၁၇ ခုနှစ်တွင် စံချိန်သစ်တင်ကာ ဒေါင် ၄.၆၂ ထရီလျှံ ဖိုးခန့် ရောင်းချပြီး ၉၀ ရာခိုင်နှုန်းမှာ ရုပ်မြင်သံကြား ထုတ်လုပ်ရေး လုပ်ငန်းမှ ရရှိသော ဝင်ငွေဖြစ်သည်။ စုစုပေါင်း ရောင်းချမှုတွင် ဖုန်းရောင်းသောကြောင့် ရရှိသောဝင်ငွေမှာ ၁ ရာခိုင်နှုန်းသာ ရှိသော်လည်း ၂၀၂၀ တွင် ဝင်ငွေအားလုံး၏ ၃၀ ရာခိုင်နှုန်းကို ဖုန်းရောင်းချခြင်းမှ ရရှိရန် မျှော်မှန်းထားသည်။
ဗီယက်နမ်မှ ထိပ်တန်း လုံခြုံရေးဆော့ဖ်ဝဲလ် လုပ်ငန်းဖြစ်သော Bkav သည် ဗီယက်နမ်တွင် စမတ်ဖုန်းများ စတင်ထုတ်လုပ်သော လုပ်ငန်းဖြစ်ပြီး ၂၀၁၅ ခုနှစ်က Bphone အမည်ဖြင့် ဈေးကွက်သို့ စတင်ဝင်ရောက်သည်။ ထိုဖုန်းအမည်က ဖော်ပြနေသကဲ့သို့ Bkav သည် အိုင်ဖုန်းကို ရည်မှန်းထုတ်လုပ်ခြင်းဖြစ်ပြီး ၎င်းတို့၏ စမတ်ဖုန်းများမှာ ထိုစဉ်က အိုင်ဖုန်းများထက် ၄၀ ရာခိုင်နှုန်း ဈေးသက်သာသည်။
Bkav သည် ယခုနှစ်တွင် မော်ဒယ်သစ် ထုတ်လုပ်မည်ဟု သတင်းများ ထွက်နေသော်လည်း ထိုလုပ်ငန်းက တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။
ဗီယက်နမ် စမတ်ဖုန်းဈေးကွက်သည် မကြာသေးမီနှစ်များအတွင်း လျှင်မြန်စွာ ကျယ်ပြန့်လာနေပြီး ခန့်မှန်းခြေ စမတ်ဖုန်း သန်း ၃၀ မှ ၄၀ အထိ အသုံးပြုနေသည်။ ၂၀၁၇ ခုနှစ် တနှစ်တည်းတွင် စမတ်ဖုန်း ၁၅ သန်း ရောင်းချရသည်။
ဗီယက်နမ်နိုင်ငံတွင် စမတ်ဖုန်းထုတ်လုပ်သော ဆမ်ဆောင်းက ဈေးကွက်ဝေစု ၄၆.၅ ရာခိုင်နှုန်း၊ တရုတ်မှ Oppo Electronics က ၁၉.၄ ရာခိုင်နှုန်း ဈေးကွက်ဝေစု ရရှိထားပြီး ဒုတိယလိုက်ကာ Apple က ၉.၂ ရာခိုင်နှုန်းဖြင့် တတိယလိုက်သည်။
ဆမ်ဆောင်းက လာရောက်၍ စက်ရုံဖွင့်လှစ်ထားသောကြောင့်သာ ဗီယက်နမ် ကုမ္ပဏီများသည် စမတ်ဖုန်းများ ထုတ်လုပ် နိုင်ကြခြင်း ဖြစ်သည်။ ထို တောင်ကိုရီးယား အီလက်ထရွန်းနစ်လုပ်ငန်းကြီးသည် ၂၀၀၉ ခုနှစ်မှစတင်ပြီး ဗီယက်နမ်မြောက်ပိုင်း ပြည်နယ်ဖြစ်သော ဘက်နင်းတွင် စမတ်ဖုန်းများ စတင်ထုတ်လုပ်ခဲ့သည်။
ဝင်ငွေနည်းသူများသည် ခေါက်ဖုန်းများကိုသာ ကိုင်ကြသောကြောင့် တန်ဖိုးနည်း စမတ်ဖုန်းများသည် ဗီယက်နမ်တွင် အသေးစား ဈေးကွက်မျှသာ ဖြစ်နေပြီး ဝယ်လိုအားနိမ့်သည်။
ပြည်တွင်း ဝယ်ယူ သုံးစွဲသူများသည် ရွေးချယ်မှု လွန်စွာများသောကြောင့် ကျော်ကြားသော ကုမ္ပဏီများသည်ပင် ဗီယက်နမ်တွင် ရုန်းကန်နေရသည်။ ဥပမာ ပြရပါက ဖင်လန်နိုင်ငံထုတ် နိုကီယာနှင့် ဂျပန်မှ ဆိုနီတို့သည် ဗီယက်နမ်နိုင်ငံတွင် လူကြိုက်များမှု လွန်စွာနည်းပါးကြသည်။
ဗီယက်နမ် ကုမ္ပဏီများက ထုတ်လုပ်သော စမတ်ဖုန်းများ၏ အနာဂတ်သည် တန်ဖိုးနည်းဖုန်းများ၏ ဆွဲဆောင်မှုရှိသော သွင်ပြင်လက္ခဏာများ ပါဝင်မှု ရှိမရှိနှင့် လူမှုကွန်ရက်ဝန်ဆောင်မှုများ အပါအဝင် တခြား ဈေးကွက်ရှာဖွေရေး နည်းလမ်းများ သုံးစွဲ၍ ဆွဲဆောင်နိုင်ခြင်း ရှိမရှိ တို့အပေါ်တွင် မူတည်နေသည်။
( Nikkei Asian Review ပါ Atsushi Tomiyama ၏ Vietnam smartphone makers break from Samsung empire ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)