အိမ်နီးချင်း တရုတ်နိုင်ငံ၏ One Belt One Road (ပိုးလမ်းမ) စီမံကိန်းကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်က နေပြည်တော် MICC-2 တွင် ပြုလုပ်သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
၎င်းက “တရုတ်ပြည်နဲ့ ပူးပေါင်း ဆက်စပ်တဲ့ တိုင်းပြည်တွေမှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိမလဲ။ ဒီကမ္ဘာကြီးမှာရော ဘယ်လိုပြောင်းလဲမှု၊ သက်ရောက်မှုတွေ ဖြစ်ပေါ်မလဲ ဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ရဖို့ ရှိတယ်” ဟု ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။
သမ္မတကြီး ရှီကျင့်ဖျင် လက်ထက်တွင် ကြားသိရသည့် One Belt One Road ဆိုသည့် အစီအစဉ်သည် ရဲတင်းသော အတွေးအခေါ်များနှင့် လက်တွေ့ အကောင်အထည် ဖော်ဆောင်ပြီး အောင်မြင်လာခဲ့ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ခေါင်းဆောင်များနှင့် နောက်ထပ် ပိုမိုရဲဝံ့သော အတွေးအခေါ်နှင့် ဆောင်ရွက်ချက်ဟု မြင်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
တိုင်းပြည် တပြည်တွင် ဆိုရှယ်လစ်စနစ်နှင့် ဈေးကွက် စီးပွားရေးစနစ် ပေါင်းစပ်၍ စနစ်နှစ်မျိုး ကျင့်သုံးခဲ့ခြင်း ဖြစ်ကြောင်း၊ စနစ်ချင်း မတူသော နိုင်ငံများ ပေါင်းစပ်ပြီး စီးပွားရေးရာ၊ နိုင်ငံတကာ ဆက်ဆံရေးရာ အဆောက်အအုံကြီးတရပ် ထူထောင်ရန် ကြိုးစားသည့် စိတ်ကူး၊ အစီအစဉ်ဟုမြင်ကြောင်းလည်း ဝန်ကြီးက ဆိုသည်။
ဆက်လက်၍ ယင်းအစီအစဉ်ကြီးသည် ယနေ့အချိန်၌ မျက်စိရှေ့မှောက်တွင် စတင်နေပြီ ဖြစ်ကြောင်း၊ ၎င်းအစီအစဉ်တွင် ပါဝင်သူများလည်း ပါဝင်နေပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအစီအစဉ်ကို ရဲရဲဝံ့ဝံ့ အကောင် အထည်ဖော်နေပြီဟု မြင်ကြောင်း၊ ထိုသို့ ဖော်ဆောင်ရာတွင် မည်သည့် အတိုင်းအတာအထိ အောင်မြင်နိုင်မည်၊ မည်ကဲ့သို့ အကျိုးကျေးဇူးများနိုင်မည် ဆိုသည်ကို စောင့်ကြည့်ရန် လိုအပ်ကြောင်း ဦးဖေမြင့်က ဆိုသည်။
တရုတ်နိုင်ငံ ပြန်ကြားရေးဌာနဝန်ကြီး H.E.Mr. Huang Kunming က “စာအုပ်အတွင်းမှာ တရုတ်ပြည် ကွန်မြူနစ်ပါတီ ကဏ္ဍစုံကနေ ဦးဆောင်တဲ့ တင်းတင်းကြပ်ကြပ် စည်းမျဉ်း စည်းကမ်း အတိုင်း ထည့်သွင်းစဉ်းစားဖို့နဲ့ လက်တွေ့ ဖော်ပြတဲ့ အခြေ အနေကို ပြသ ထားပါတယ်” ဟု မနေ့က MICC – 2 တွင် ပြောသည်။
၎င်းက ဆက်လက်၍ တရုတ် – မြန်မာ ၂ နိုင်ငံသည် အိမ်နီးချင်း နိုင်ငံကောင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်မှုကိုလည်း ထောက်ခံကြောင်း၊ တရုတ်သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပြီး တရုတ်ကွန်မြူနစ် ပါတီနှင့် မြန်မာပြည် အနိုင်ရ ပါတီကြားတွင် နီးနီးကပ်ကပ် ဆက်ဆံမှု ရှိသည်ကိုလည်း တွေ့ရကြောင်း ထို ဆက်ဆံရေးကြောင့် ၂ နိုင်ငံ အမြင်ချင်း ဖလှယ်ခြင်းဖြစ်ကြောင်း တရုတ်ပြန်ကြားရေး ဝန်ကြီးက ဆက်ပြောသည်။
တရုတ် သမ္မတရှီကျင့်ဖျင် ရေးသားသည့် နိုင်ငံရေး စီမံခန့်ခွဲရေး ဆိုသည့် စာအုပ်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့အထိ ပြောကြားသော မိန့်ခွန်း များ၊ ဆွေးနွေးချက်များ၊ ဆွေးနွေးပွဲများ၊ အမေးအဖြေကဏ္ဍများ၊ လမ်းညွှန်ချက် များနှင့် သဝဏ်လွှာ စသော ဆောင်းပါးပေါင်း ၇၉ စောင်၊ ဓာတ်ပုံပေါင်း ၄၅ ပုံ ပါဝင်ပြီး ၂၁၀၄ ခုနှစ် စက်တင်ဘာလတွင် ပုံနှိပ် ထုတ်ဝေခြင်း ဖြစ်သည်။ ဘာသာပေါင်း ၂၄ မျိုး ဖြင့် ထုတ်ဝေခဲ့သည့် ယင်း စာအုပ်တန်ဖိုးမှာ မြန်မာငွေ ၅ သောင်းကျပ် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ ပြန်ကြားရေးဌာနဝန်ကြီး H.E.Mr. Huang Kunming တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာ နိုင်ငံ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ လွှတ်တော် ဒုတိယဥက္ကဋ္ဌများ၊ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်အပါအဝင် အစိုးရ အရာရှိများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။