ပြည်တွင်း ငွေလဲလှယ်နှုန်းထားများ မတည်ငြိမ်ခြင်းက ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းကို ထိခိုက်မှုများစွာ ရှိနိုင် ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။
ဇူလိုင်လ ၉ ရက်က ရန်ကုန်မြို့ သစ္စာလမ်းရှိ ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှု ညွှန်ကြားမှု ဦးစီးဌာန (DICA) ရုံးတွင် ပြုလုပ် သော မီဒီယာ တွေ့ဆုံပွဲ၌ ၎င်းကပြောခြင်း ဖြစ်သည်။
ဦးအောင်နိုင်ဦးက “လတ်တလော ကျနော်တို့က ငွေဈေး (မြန်မာ ကျပ်ငွေဈေး) ရုတ်တရက် ကျသွားလို့ ရင်းနှီးမြှုပ်နှံမှုမှာ ရုတ်ချည်း သက်ရောက်မှုတော့ မရှိဘူး။ တက်လိုက် ကျလိုက် ဖြစ်နေမယ်ဆိုရင်တော့ ယုံကြည်မှုပေါ့။ မြန်မာနိုင်ငံမှာ ငွေကြေး နဲ့ ပတ်သက်ပြီး မတည်ငြိမ်ဘူး ဆိုတဲ့ ယုံကြည်မှု ထိခိုက်တာမျိုးတော့ ရှိလာနိုင်ပါတယ်”ဟု ပြောသည်။
ငွေလဲလှယ်မှုနှုန်း ရုတ်တရက် တက်ခြင်း၊ ကျခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုပေါ်တွင် အကျိုးသက်ရောက်မှု မရှိသော်လည်း မကြာခဏ ဖြစ်ပွားမည်ဆိုလျှင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အပေါ်၌ ယုံကြည်မှု ကျဆင်းစေနိုင်ကြောင်း ၎င်းက ဆို သည်။
ဆက်လက်၍ ဦးအောင်နိုင်ဦးက“ချက်ချင်း လက်ငင်း သက်ရောက်မှု မရှိဘူး။ ဒါပေမယ့် ဒီလို မတည်ငြိမ်မှု ဖြစ်မယ် ဆိုရင် တော့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ချယုံကြည်မှုကို ထိတာဖြစ်တယ်”ဟု သုံးသပ် ပြောဆိုသည်။
ဇွန်လ အတွင်းက အမေရိကန် ငွေလဲလှယ်နှုန်း အတက်အကျ မြန်သည့် ဖြစ်စဉ်မျိုးကို ယခင် ၂၀၁၇ နှစ် အမေရိကန် သမ္မတ အပြောင်းအလဲ ဖြစ်စဉ်ကလည်း ဖြစ်ပွားခဲ့သည်။
“မနှစ်က ဖြစ်စဉ် ကာလကတော့ သက်ရောက်မှု သိပ်မရှိလိုက်ဘူး။ ကာလလည်း တိုတယ်။ ပြန်ပြီး ထိန်းချုပ်နိုင်တယ်။ အခု ကတော့ အရင်လထက် စာရင် ဒီလက ငွေလဲလှယ်နှုန်း တက်လာတာပေါ့နော်။ ဒါပေမယ့် လက်ရှိ အခြေနေက ကျနော်တို့ အတွက် ရင်းနှီးမြှုပ်နှံမှုကို သက်ရောက်မှု မရှိသေးဘူး။ အဲဒီတော့ ဒါလေးကိုတော့ မြန်မြန် ထိန်းချုပ်နိုင်ရင် ပိုကောင်း တယ်” ဟု ဦးအောင်နိုင်ဦးက ရှင်းပြသည်။
ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်နှုန်းမှာ ဇွန်လ ၁ ရက်၌ ၁ ဒေါ်လာလျှင် ၁၃၄၄ ကျပ်ခန့် ရှိခဲ့ရာမှ ဇွန်လ၂၉ ရက်၌ ၁ ဒေါ် လာလျှင် ၁၄၀၃ ကျပ် အထိ မြင့်တက်လာသောကြောင့် ရက်ပေါင်း ၂၉ ရက် အတွင်း ၅၉ ကျပ်ခန့် ဈေးမြင့် တက်လာ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
Delta maubin ကုမ္ပဏီ Money changer ပိုင်ရှင် ကိုအောင်ဆန်း က “ဒီနေ့ အနေအထားကတော့ နည်းနည်းလေး ပြန် တက်တယ်။ ဗဟိုဘဏ် ကတော့ အမေရိကန် ၁ ဒေါ်လာ ၁၃၉၈ ကျပ် အဝယ် ဖြစ်တယ်။ အရောင်းက ၁၄၀၀ ကျပ် အရောင်းနဲ့ သွားနေတယ်။ ဒီရက်ထဲမှာ နည်းနည်း ဈေးပြန်မြင့်လာတဲ့ သဘောရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “အခု အနေအထားက နိုင်ငံတကာမှာ တက်လို့ တက်တဲ့ အနေအထားပဲ ရှိသေးတယ်။ ဂယက် တခုခု ကြောင့် တက်တာမျိုး မတွေ့သေးတာကြောင့် တအားကြီးတော့ ရင်းနှီးမြှုပ်နှံသူတွေကို ထိခိုက်စရာ မရှိသေးပါဘူး”ဟု လက် ရှိ ဈေးကွက် အခြေအနေကို ရှင်းပြသည်။
လတ်တလော၌ ဒေါ်လာ ဈေးတက်နေသော်လည်း လွန်ခဲ့သည့် ၆ နှစ်၊ ၇ နှစ်ခန့်က မြန်မာနိုင်ငံ၌ ဖြစ်ခဲ့ဖူးသည့် ဒေါ်လာ ဈေး မှာ ၁ ဒေါ်လာလျှင် ၁၄၅၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့ရာ ယင်းစံချိန်အထိ မရောက်သေးသဖြင့် စိုးရိမ်စရာ မရှိသေးကြောင်း ကိုအောင်ဆန်းက ပြောသည်။
၎င်းက ဆက်လက်၍ လက်ရှိ၌ ဒေါ်လာဈေးမှာ ၁၃၉၈ ကျပ် ဝန်းကျင်၌သာ ရှိနေနိုင်ပြီး ဈေးနှုန်းအမြင့်သို့ ထိုးတက်သွားရန် မရှိသေးကြောင်းလည်း ပြောဆိုသည်။
ဇူလိုင် ၁၀ ရက် ပြင်ပ ဈေးကွက်၌ ဒေါ်လာ ပေါက်ဈေးမှာ အဝယ် ၁၃၉၉ ကျပ်နှင့် အရောင်း ၁၄၀၀ ကျပ် ရှိကြောင်း သိရ သည်။
၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ပထမ အပတ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၆၉၂ ဒသမ ၉၀၈ သန်း ဝင်ရောက်ထားပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၃၆ ဒသမ ၂၈၀ သန်း အပါအဝင် ကျပ် ၇၁၀ ဘီလီယံ ခွင့်ပြုထားကြောင်း ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှု ဦးစီးဌာန စာရင်းတွင် ဖော်ပြထားသည်။