ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ၏ ပဋိပက္ခ ဖြစ်ပွားမှု အကျိုးဆက်ကို ခံစားနေရသော ဒေသများ၌ စီးပွားရေးနှင့် အလုပ်အကိုင် ရရှိရန် ကမ္ဘာ့ဘဏ်မှ ငွေကြေး ကူညီမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ငွေကြေးကို ကမ္ဘာ့ဘဏ်က ပဋိပက္ခ ဖြစ်ပွားမှု အကျိုးဆက်ကို ခံစားနေရသော ဒေသများ၏ ပြည်လည် ထူထောင် ရေး လုပ်ငန်းများနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပံ့ပိုးကူညီပေးခြင်းဖြစ်သည်ဟု ဇူလိုင်လ ၁၀ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘာ့ဘဏ်မှ အာရှနှင့် ပစိဖိတ် ဒေသ ဒု ဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာ က “ကမ္ဘာ့ဘဏ် အနေနှင့် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုး ရေး လုပ်ငန်းစဉ်တွေကို ကူညီရာတွင်မိတ်ဖက်အဖွဲ့အစည်းဖြင့် ခိုင်ခိုင်မာမာ ရပ်တည်သွားမှာ ဖြစ်တယ်။ “ငြိမ်းချမ်း သာယာ စည်ပင်သော ရပ်ရွာ အသိုင်းအဝိုင်းများ တည်ဆောက်ရေး စီမံကိန်း” ကဲ့သို့ ပံ့ပိုးကူညီမှု အသစ်နဲ့ ရခိုင်ပြည်နယ် အပါအဝင် ပဋိပက္ခ ဖြစ်ပွားမှုကို ခံစားနေရတဲ့ ဒေသတွေမှာ စီးပွားရေး အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ဖို့နဲ့ လူမှုအသိုက် အဝန်းများကြား သဟဇာတ ဖြစ်စေဖို့ ကူညီသွားမှာပါ”ဟု ၎င်းက ပြောကြားထားသည်။
ထိုစီမံကိန်း အရ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အဓိက ကျသည့် စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြေခံကျသည့် လူမှုဝန်ဆောင်မှုများ၊ ရုပ်ပိုင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း အပြင် ရပ်ရွာအသိုင်းအဝိုင်းများ၏ စွမ်းဆောင်ရည်များကို မြင့်တင်သွားမည်ဖြစ်ကြောင်း ဒုဥက္ကဋ္ဌ က ဆိုသည်။
ယင်း စီမံကိန်းကို ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း၂၀၀ မှ ၂၅၀ ကြား ဘဏ္ဍာရေး ထောက်ပံ့သွားမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းအပြင် ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အတွက်လည်း အမေရိကန် ဒေါ် လာသန်း ၁၀၀ ကူညီ ထောက်ပံ့ပေးရန် ပြည်ထောင်စု အစိုးရနှင့် ညိုနှိုင်း ဆွေးနွေးနေကြောင်းလည်း ကမ္ဘာ့ဘဏ်မှ သိရ သည်။
ကမ္ဘာ့ဘဏ် ပြန်ကြားရေး တာဝန်ခံ ကိုကျော်စိုးလင်းက “ဒီစီမံကိန်းကို ကျနော်တို့ ဒု ဥက္ကဋ္ဌနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ အချိန်မှာ ဒီလို အစီစဉ်လေး လုပ်ပါရစေ ဆိုပြီး တင်ပြတာ ဖြစ်တယ်။ အကြံပြုချက် တောင်းတယ်။ ပြည်ထောင်စု အစိုးရကလည်း သဘောကျတယ်။ ဘာလို့လဲ ဆိုတော့ ပဋိပက္ခ ဖြစ်ပွားတဲ့ ဒေသတွေမှာ ငြိမ်းချမ်းရေး အတွက် လက်မှတ်ထိုးပြီးရင် ဒီဒေသတွေက ဖွံ့ဖြိုးရေးက လိုအပ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ဒီလို ဖွံ့ဖြိုးရေးအတွက် လိုအပ်တာကြောင့် သူတို့ဒေသမှာ စီးပွားရေးအတွက် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်မယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ်။ နောက်ပြီးတော့ ကျန်းမာရေး၊ ပညာပေးကဏ္ဍတွေမှာ လမ်းပန်း ဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံ စတဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရင် ငြိမ်း ချမ်းရေးကို အခုမှ ရတဲ့ဒေသတွေက ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်ကို ခံစားနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ ဖြစ်ပါ တယ်”ဟု ဆိုသည်။
ယင်းစီမံကိန်းကို ယခုမှ စတင်၍ ကမ္ဘာ့ဘဏ်မှ ပြင်ဆင်နေခြင်း ဖြစ်ကာ စီမံကိန်း လျာထားသည့် နေရာများမှာ ရခိုင်၊ မွန်၊ ကရင်၊ ချင်းပြည်နယ်တို့နှင့် တနင်္သာရီ တိုင်းဒေသကြီး စသည့် ပြည်နယ်နှင့် တိုင်းများကို ကနဦး လျာထားကြောင်း ၎င်းက ပြောသည်။
ကိုကျော်စိုးလင်းက “တိတိကျကျတော့ ကျနော်တို့ မဆုံးဖြတ်ရသေးပါဘူး။ ကမ္ဘာ့ဘဏ် အနေနဲ့ စီမံကိန်းတွေကို စပြီး အနည်းဆုံးတော့ ၆ လကနေ ၁ နှစ်အတွင်း အချိန်ယူပြီးတော့ ပြင်ဆင်ပါတယ်။ အဓိကတော့ အစိုးရပေါ့နော်။ နောက် သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေရယ် ဖြစ်တယ်။ တိုင်းရင်းသား ဒေသတွေမှာ လုပ်မှာ ဖြစ်တဲ့အတွက် ဒီဒေသတွေရဲ့ EAO (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့) အဲဒီ အဖွဲ့တွေနဲ့လည်း တိုင်ပင်ဆွေးနွေးရမယ့် အပိုင်းတွေ ရှိတယ်” ဟု ၎င်းက ရှင်းပြ သည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အဓိက လိုအပ်ချက်မှာ လမ်းပန်းဆက်သွယ်ရေး ဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပါက စီးပွားရေး ဖွံ့ဖြိုးရေးအတွက်ပါ အထောက်အကူ ပြုနိုင်မည်ဟု စစ်တွေမြို့ အရပ်ဘက် လူမှုကူညီရေး အဖွဲ့မှ ဦးသန်းထွန်းက ဧရာဝတီသို့ ပြောသည်။
“ဒေသခံတွေရဲ့ ဘဝ စီးပွားဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ဆိုရင် ထောက်ပံ့ပေးတဲ့ အကူအညီက စက်ရုံ၊ အလုပ်ရုံတွေ ထောင် ပေးလိုက်မယ်ဆိုရင် ဒေသခံတွေလည်း အလုပ်အကိုင် ရရှိစေမှာ ဖြစ်ပေမယ့် အဲဒီလိုမျိုး အစီအစဉ်က လက်တွေ့ မဆန်ပါ ဘူး။ ရခိုင်ပြည်နယ်မှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဖြစ်တဲ့ ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာပဲ ဖွံ့ဖြိုးဖို့ အကူညီတွေ ပေးရင်ကို ဒေသခံတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ စီးပွားရေးပါ ကောင်းလာနိုင်ပါတယ်။ အထိုက်အလျောက်တော့ ထိရောက်မှု ဖြစ်စေမှာပါ။ နောက်တခုက ဒေသခံ စစ်စစ်တွေကိုပဲ ကူညီပေး စေချင်ပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောဆိုသည်။
ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ အတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ အသီးသီးတွင် အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ ဘီလီ ယံနှင့် ညီမျှသော ဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သည့် အခြေခံ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများကို မြှင့်တင်နိုင်ရေး၊ ပညာရေး ကဏ္ဍ၊ လျှပ်စစ်ဓာတ်အား တိုးတက် ရရှိရေး၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ပုဂ္ဂလိက ဖွံ့ဖြိုး တိုး တက်ရေး ကဏ္ဍများကို ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်မှ စတင်၍ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။