ဧရာဝတီတိုင်း ဆားကြမ်းဈေးနှုန်း စံချိန်တင်မြင့်တက်
ဧရာဝတီတိုင်းဒေသကြီးတွင် ဆားအထွက်နှုန်း နည်းပါးပြီး ဝယ်လိုအားများနေသည့်အတွက် ဆားကြမ်း တပိဿာလျှင် ၂၃၀ ကျပ် ဈေးနှုန်းပေါက်ဈေးရှိနေပြီး ယင်းဈေးနှုန်းမှာ နာဂစ်မုန်တိုင်း ဖြစ်ပွားခဲ့သည့် ၂၀၀၈ ခုနှစ်နောက်ပိုင်း ၁၀ နှစ်တာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း သတင်းရရှိသည်။
“ဆားကြမ်းက ပုသိမ်၊ မြောင်းမြ ဆိပ်ကမ်းအရောက် တပိဿာကို ၂၃၀ ကျပ် ဈေးနှုန်း ဖြစ်နေတယ်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဖြစ်ပြီးကာစ တုန်းကတော့ ဆားတပိဿာ ၄၀၀ ကျပ်အထိ ဖြစ်ခဲ့တယ်။ အခု ဈေးနှုန်း ကတော့ နာဂစ်ဖြစ်ပြီးနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းပါပဲ” ဟု ဧရာဝတီတိုင်းဒေသကြီး ဆားစက် လုပ်ငန်းရှင်များအသင်း နာယက ဦးထွန်းထွန်းက ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးရှိ ငပုတောနှင့် လပွတ္တာမြို့နယ်များတွင် နေလှန်းဆားချက် လုပ်ငန်းများ အဓိက လုပ်ကိုင်ကြပြီး ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် ဆားအထွက်နှုန်းမှာ ယခင်နှစ်များထက် ၃ ပုံ ၁ ပုံခန့် လျော့ကျ ခဲ့ကြောင်း၊ ထို့ကြောင့် ရောင်းလိုအား နည်းနေပြီး ဝယ်လိုအား များနေသည့်အတွက် ၁၀ နှစ်တာ ကာလအတွင်း စံချိန်တင် ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။
“ဆားအထွက်နှုန်း ကျဆင်းတာက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ဆက်စပ်နေပါတယ်။ အာတိတ်ဒေသမှာ ရေခဲတောင်တွေ ပြိုတဲ့အတွက် ပင်လယ်ရေရဲ့ ဆားပါဝင်မှုနှုန်း ကျဆင်းလာတယ်။ ပြီးတော့ နေပူလိုက်၊ မိုးအုံ့လိုက်၊ မိုးရွာလိုက်တော့ ရာသီမမှန်တဲ့အခါမှာ ဆားကွင်းတွေ ပျက်စီးထိခိုက်မှုတွေ ဖြစ်လာပြီး ဆားအထွက်နှုန်း ကျဆင်းရတာဖြစ်ပါတယ်” ဟု ဆားစက်ပိုင်ရှင်လည်းဖြစ်ပြီး ကိုယ်တိုင်လည်း ဆားထုတ်လုပ် နေသူ ဦးထွန်းထွန်းက ရှင်းပြသည်။
ငပုတောနှင့် လပွတ္တာမြို့နယ်တို့မှ ဆားတောင်သူများမှာ နှစ်စဉ် အောက်တိုဘာလမှ စတင်၍ နေလှန်းဆားချက် လုပ်ငန်း လုပ်ကိုင်ကြပြီး နောင်နှစ် ဖော်ဖော်ဝါရီလနှင့် မတ်လများတွင် ဆားကျုံးလေ့ရှိကြသည်။
ယခုနှစ် ဆားကြမ်းစတင်ထွက်ရှိချိန်က တပိဿာလျှင် ၉၀ ကျပ် ဈေးနှုန်းသာ ရှိခဲ့သော်လည်း ဝယ်လိုအား များသည့်အတွက် ဆားဈေးနှုန်း တရိပ်ရိပ် မြင့်တက်ခဲ့ပြီး ဇူလိုင်လဆန်းပိုင်းတွင် ဆားတပိဿာ ၂၃၀ ကျပ်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
“လက်ရှိပေါက်ဈေးနဲ့ အရောင်းအဝယ်တွေတော့ ဖြစ်နေကြတယ်။ ဒါပေမယ့် ဆားတောင်သူအများစု လက်ထဲမှာတော့ ဆားတွေမရှိတော့ပါဘူး။ ရောင်းလို့ကုန်ကြပြီ။ ငွေကြေးအဆင်ပြေပြီး လှောင်နိုင်တဲ့ ဆားတောင်သူတွေပဲ တပိဿာ ၂၀၀ ကျော်ဆိုတဲ့ အမြင့်ဈေးရကြတယ်။ ဒီနှစ်ဆားရာသီမှာ ဆားအထွက်နှုန်း လျော့ကျပေမယ့် ဈေးမြင့်နေတဲ့အတွက် ဆားတောင်သူတွေ အဆင်ပြေကြတယ်။ ဒီလိုမျိုး ဆားဈေး အမြင့်အတိုင်းသာ နှစ်တိုင်းရခဲ့မယ်ဆိုရင် ဆားတောင်သူတွေဘ၀ ပိုပြီးတိုးတက်လာကြမှာပါ။ အဲဒီလို ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်” ဟု ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှ ဆားလုပ်ငန်းရှင် ဒေါ်စီစီအောင်က ပြောသည်။
လပွတ္တာနှင့် ငပုတောဒေသမှ ထွက်ရှိသည့် ဆားကြမ်းများကို ပုသိမ်မြို့နှင့် မြောင်းမြမြို့ရှိ ဆားအချော ထုတ်လုပ်သည့် ဆားစက်ရုံများက ဝယ်ယူ၍ အိုင်အိုဒင်းဆားချော ထုတ်လုပ်ကာ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ နေလှန်း ဆားချက်လုပ်ငန်း၏ ၇၅ ရာခိုင်နှုန်းမှာ လပွတ္တာနှင့် ငပုတောမြို့နယ်တွင်
တည်ရှိပြီး ဆားကွင်း ဧရိယာ ဧက ၃ သောင်းကျော် တည်ရှိကာ ဆားတောင်သူပေါင်း ၉၀၀ ကျော် လုပ်ငန်း လုပ်ကိုင်လျှက် ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး စာရင်းများအရ သိရသည်။
နေလှန်းဆားချက်လုပ်ငန်းကို ဧရာဝတီတိုင်းအပြင် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း လုပ်ကိုင်ကြသည်။