အွန်လိုင်းစနစ် အသုံးပြုသည့် e-commerce လုပ်ငန်းများကြောင့် စားသုံးသူများမှ ဝယ်ယူသော ပစ္စည်းများတွင် ရောင်းမှား၊ ဝယ်မှား ဖြစ်ပေါ်လာပါက နောက်ကြောင်း ပြန်စုံစမ်း၍ မရနိုင်သဖြင့် ဥပဒေနှင့် နည်းဥပဒေများ ပြဌာန်းပေးရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်း ဒုဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ပြောသည်။
“အွန်လိုင်းဈေးကွက်က အခုတွင်တွင်ကျယ်ကျယ်နဲ့ ဖြစ်လာနေပြီ။ ဒါပေမယ့် လက်ရှိ အွန်လိုင်းလုပ်ကိုင်နေတဲ့ သူတွေက ဘာမှ Registration မလုပ်ထားဘူး။ တကယ်လုပ်နေတဲ့ Shop.com.mm၊ တို့လို မှတ်ပုံတင်ထားတဲ့ဟာတွေကို ဆိုလိုခြင်း မဟုတ်ဘူး။ ဒါကြောင့် အွန်လိုင်းပေါ်မှာ ရောင်းချမယ့် သူတွေအနေနဲ့ Registration သေချာစွာ ပြုလုပ်ရန် လိုအပ်တယ်။ အွန်လိုင်းရောင်းချခြင်းဆိုင်ရာ လုပ်ငန်းတွေအတွက် ဥပဒေ၊ နည်းဥပဒေများကို တိကျစွာ ပြဌာန်းပေးဖို့တဲ့အတွက် ကျနော်တို့ အသင်းကနေ အစိုးရကို တင်ပြတောင်းဆိုထားတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ဥပဒေ ပြဌာန်းပေးရန် ဆိုသည်မှာ စားသုံးသူများပေါ် အကျိုးသက်ရောက်လာမည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများတွင် အွန်လိုင်းပေါ်တွင် ရောင်းချသော ကုန်ပစ္စည်းများနှင့် ပတ်သက်သော အချက်အလက်များကို တိကျစွာ ရှင်းလင်းဖော်ပြပေးရန်၊ Copy Right ၊ Distributor Right များနှင့် ပတ်သက်သော ဥပဒေ၊ နည်းဥပဒေများတွင်လည်း အွန်လိုင်း၌ ရောင်းချသော ကုန်ပစ္စည်းများနှင့် ပတ်သက်သည့် အချက်အလက်များကို တိကျရှင်းလင်းစွာ ဖော်ပြပေးရန် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“facebook မှာ ရောင်းကြတယ်။ ဝယ်ကြတယ်။ ဒီကုမ္ပဏီတွေက အကောင့်တခုပဲ ဖွင့်ပြီး လုပ်နေကြတာလေ ဒီအပေါ်မှာ မှတ်ပုံတင်ဆောင်ရွက်ထားခြင်းလည်း မရှိဘူး။ ရောင်းချလိုက်တဲ့ ကုန်ပစ္စည်းက စားသုံးသူကို နစ်နာစေတာလား။ နောက်ပြီး တချို့ကလည်း စားသုံးသူနောက်ပြောင်ပြီးတော့ ရောင်းချသူတွေအပေါ်မှာ လုပ်တာမျိုးရှိတယ်။ ဒီလို နှစ်ဦး နှစ်ဖက် နစ်နာမှုပေါ်မှာ ဥပဒေ မူဝါဒကို ထုတ်ပြန်ဖို့ အစိုးရကို တင်ပြထားခြင်း ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အွန်လိုင်းတွင်ရောင်းချသော သူများအနေနှင့် တဦးတယောက်ချင်းစီလည်း ကုမ္ပဏီမှတ်ပုံတင်ထားခြင်း မရှိကြောင်း၊ နိုင်ငံတော်သို့လည်း ပေးဆောင်ရမည့် အခွန်အခများပေးဆောင်ခြင်း မရှိခြင်း၊ ကုန်ပစ္စည်းများ ရောင်းချရာတွင်လည်း နိုင်ငံတော်မှ ရောင်းချရန် ခွင့်မပြုထားသည့် ပစ္စည်းမျိုးကိုလည်း အွန်လိုင်းမှ ရောင်းချခြင်း တို့နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။
“ဆိုင်မှာရောင်းရတယ်ဆိုရင် ကျနော်တို့က ခွင့်ပြုချက်ရှိတဲ့ ပစ္စည်းကိုပဲ ရောင်းရတယ်။ သက်ဆိုင်ရာဖက်က လာစစ်ရင်လည်း ဒီဆိုင်တွေပဲလာစစ်တာ။ အွန်လိုင်းကို မစစ်ဘူး။ အွန်လိုင်းမှာက လိမ်တဲ့သူတွေလည်း ရှိတယ်။ လွယ်လွယ်ကူကူပဲ ရောင်းကြတယ်။ ဝယ်ကြတယ် ပစ္စည်းရောက်မှ ငွေချေတို့ဘာတို့ ရောင်းမှား၊ ဝယ်မှားတွေ ရှိကြတယ်။ ဒါကို ပြန်ပြီးအရေးယူလို့မရဘူးပေါ့”ဟု ၎င်းကပြောသည်။
ထိုအခြေအနေများကို တရားဝင်လမ်းကြောင်း ပေါ်တွင် မှန်မှန်ကန်ကန် ဖြစ်စေရန် အတွက် ဥပဒေ၊ နည်းဥပဒေများ သတ်မှတ်ပေးရန် အစိုးရသို့တောင်းဆိုခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
နိုင်ငံတကာတွင်လည်း အွန်လိုင်းရှော့ပင်းများ ရှိနေသကဲ့သို့ မြန်မာနိုင်ငံသည်လည်း နည်းလမ်းမှန်သော ဈေးကွက်တခု ဖြစ်ပေါ်လာစေရန် အတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။
မန္တလေးမြို့မှ အွန်းရှော့ပင်းရောင်းသူ မအိမ့်မျက်ခြယ်က “အဲဒီ ဥပဒေက အွန်လိုင်းရှော့ရောင်းတဲ့ သူတွေကို သက်သက် ချုပ်ကိုင်ဖို့ လုပ်တဲ့ ဥပဒေဆို အဆင်မပြေဘူး။ အခုအမတို့ယူရောင်းတယ်ဆိုတာလည်း ပုံမှန်အခွန်ဆောင်တဲ့ သူတွေဈေးရောင်းတဲ့ သူတွေဆီက တဆင့်ယူပြီးရောင်းတာဖြစ်တယ်။ နိုင်ငံခြားက တိုက်ရိုက်ဝယ်တယ်ဆိုရင်တောင်မှ အမတို့က ဒီနိုင်ငံကို ရောက်လာဖို့အတွက် အခွန်ဆောင်ရတယ်။ အမတို့က ဆိုင်မဖွင့်တခုပဲရှိတယ်။ အခွန်ဆောင်ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက”အွန်လိုင်းမှာ လိမ်တဲ့ဟာတွေလည်း ရှိတယ်။ ဝယ်တဲ့သူက ပစ္စည်းမှာပြီးတော့ ထပ်မယူတာမျိုးတွေ၊ ရောင်းတဲ့သူက ပစ္စည်းမပို့ပဲလိမ်တာမျိုး အဲဒီလိုမျိုးတော့ ရှိတယ်။ ဒါပေမယ့် အတိအကျတော့ ဥပဒေထဲမှာ ဘယ်အချက်တွေ ကပါမှာလည်း အဲဒီလိုမျိုးကာကွယ်ပေးမယ့် အချက်တွေပါတယ်။ ဆိုရင်တော့ ကောင်းတဲ့အချက်အလက်ဖြစ်တယ်။ တကယ်လို့ အဲဒီလိုမဟုတ်ဘူး။ ဒီအွန်လိုင်းရှော့သမားတွေကို အခွန်အမြတ်ရဖို့ အတွက် နှိပ်ကွပ်ဖို့ ဆိုရင် ဒီဥပဒေက အဆင်မပြေဘူး”ဟု ပြောသည်။
အွန်လိုင်းရှော့ လုပ်ကိုင်သော သူများသည် လူငယ်များ၊ ကလေးအမေများနှင့် အပြင်သို့ အလုပ်ထွက်လုပ်ရန် အဆင်မပြေသော သူများက ဝင်ငွေရှာခြင်းဖြစ်သည့် အတွက် အွန်းလိုင်း ဈေးကွက်တွင် တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်း၊ အရည်အသွေးမပြည့်မီသည့် ဆေးဝါးများ၊ အလှကုန်များရောင်းချခြင်းနှင့် လိမ်လည်မှုများမဖြစ်ပွားစေရန်အတွက် ကာကွယ်ပေးနိုင်သော ဥပဒေတရပ်ဖြစ်မည် ဆိုလျှင် ကောင်းမွန်ပါကြောင်း ၎င်းက ပြောသည်။
တာမွေမြို့နယ်မှ အွန်လိုင်းမှ ပုံမှန် ဈေးဝယ်လေ့ရှိသူ မယုမွန်က “အခုအွန်လိုင်းကရောင်းကြဝယ်ကြတယ်ဆိုတာက ယုံကြည်မှုနဲ့ပဲ လုပ်နေရတာ ဘာမှအာမခံချက်ရှိတာမဟုတ်ဘူး အခုလို အရည်အသွေးမပြည့်တဲ့ ပစ္စည်းတွေကို ရောင်းရင်အရေးယူနိုင်တယ်ဆိုတဲ့ ဥပဒေတွေရှိလာရင် အများကြီးကောင်းသွားမယ်။ ဥပဒေကလည်း ရှိနေရုံပဲဆို မလုံလောက်ဘူး တိုင်တန်းရတာလည်း လွယ်ကူရမယ် နောက် တကယ်အရေးယူဆောင်ရွက်မှုတွေလည်း ရှိဖို့လိုအပ်မယ် ထင်တယ်”ဟု ပြောသည်။