ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းထားသော နေအိမ် တိုက်ခန်းများ လေလံစနစ်ဖြင့် ရောင်းချမည့် အစီအစဉ်ကိုကန့်ကွက်စာများပေးပို့လာသောကြောင့် ရပ်ဆိုင်းထားကြောင်း ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောသည်။
“ကန့်ကွက်တဲ့ စာတွေရှိလို့ ဘုရားကို လှူထားတဲ့ တိုက်ခန်းတွေ လေလံစနစ်နဲ့ ရောင်းချမှာကို ဖျက်သိမ်းထားတယ်။ လောလောဆယ်တော့ ကန့်ကွက်မှု ရှိလို့ အကြမ်းဖျင်း ပြောလို့ရတယ်။ အသေးစိတ်ပြောလို့မရဘူး”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လှူဒါန်းထားသော နေအိမ် တိုက်ခန်း ၈ ခန်းမှာ လမ်းမတော်မြို့နယ်တွင် နှစ်၉၀ ဂရမ်ပါ ၂ ထပ်တိုက် ၃ လုံး၊ မြေပိုင်ရှင် အမည်ပေါက်နှင့် လသာမြို့နယ်တွင် ၂ ထပ်တိုက် ၁ လုံး၊နှစ်၆၀ မြေဂရမ်ရှိ ကြည့်မြင်တိုင် မြို့နယ်တွင် ၂ ထပ်တိုက် ၁ လုံး၊ စမ်းချောင်းမြို့နယ်တွင် ၄ ထပ်တိုက် ၁ လုံး၊ ကမာရွတ်မြို့နယ်တွင် ၂ ထပ်တိုက် ၁ လုံးနှင့် နှစ် ၃၀ ဂရမ်ရှိ လမ်းမတော်မြို့နယ် ရွှေတောင်တန်းလမ်းရှိ မြေညီ ၂ ခန်းတို့ အလှူရှင်များက စာချုပ်စာတမ်းများဖြင့် စေတီတော်သို့ လှူဒါန်းထားကြောင်း သိရသည်။
တိုက်ခန်းတန်ဖိုးနှင့် ငှားရမ်းခစရိတ်များ သုံးစွဲပုံအခြေအနေများနှင့် ပတ်သက်၍ ရွှေတိဂုံ ဂေါပက အဖွဲ့သို့မေးမြန်းရာတွင်လည်း လက်ရှိတွင် ဖြေကြားနိုင်ခြင်း မရှိဟု ဂေါပက ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ခန်းများကို ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်တွင် လေလံစနစ်နှင့် တင်ဒါခေါ်ယူပြီးရောင်းချမည် ဖြစ်ကြောင်းကို နိုင်ငံပိုင်သတင်းစာများတွင်ကြေညာခဲ့ပြီး လက်ရှိတွင် ကန့်ကွက်မှုများ ရှိနေသဖြင့် တင်ဒါခေါ်ယူမှုကို ရပ်ဆိုင်းထားခြင်း ဖြစ်သည်။
ကားဝင်း၊ ဆိုင်ခန်းများနှင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များထံမှ ကောက်ခံရရှိသော ငွေများကို ဝန်ထမ်းလစာ၊ ထောက်ပံ့ကြေးနှင့် ခရီးစရိတ်အဖြစ် အသုံးပြုပြီး စေတီတော်သို့ လှူဒါန်းထားသည့် ငွေနှင့် နေအိမ်တိုက်ခန်းများမှ ရရှိသောငွေကြေးကို ရွှေတိဂုံ စေတီတော်၏ ဝေယျာဝေစ္စများတွင် အသုံးပြုကြောင်း ဂေါပက အဖွဲ့မှ သိရသည်။
ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက”အန်ကယ်က ရွှေတိဂုံ စေတီတော်ကို လှူတဲ့ အလှူငွေတွေဘယ်လောက်ရှိလဲ လွှတ်တော်မှာ မေးတယ်။ ဘဏ်တိုးတွေဘာတွေ ဘယ်လောက်ရလဲ မေးတယ်။ ဝန်ကြီးက သူတို့ရေးပေးတဲ့အတိုင်း လာဖြေတယ်။ အဲဒီထဲက ပွင့်လင်းမြင်သာမှု မရှိဘူး။ အမှန်က ပြည်သူလူထု လှူဒါန်းထားတာတွေကို စာရင်းတိတိကျကျ သိချင်လို့ မေးတာ။ အဲဒီထဲက ဒီစာရင်းတွေ ထည့် ပြောရမှာပေါ့။ ဘဏ်မှာ အပ်တဲ့ငွေပဲပြောသွားတယ်”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “အခု တိုက်ခန်းတွေ ရှိတယ်။ လူထုက သဒ္ဒါတရားနဲ့ လှူဒါန်းထားတာပေါ့။ လှူဒါန်းပြီးတော့ ဘယ်နေ့က လှူတာလဲ ဒီတိုက်ခန်းတွေက တင်ဒါမခေါ်ခင်တုန်းက ဘာတွေအသုံးပြုထားတာလဲ။ ဘယ်လိုဝင်ငွေရတာလဲ။ ဘယ်လိုတွေ ငှားထားတာလဲ။ ဒါတွေက မေးစရာမေးခွန်းတွေ အများကြီးဖြစ်လာတယ်။ ပွင့်လင်းမြင်သာမှုမရှိဘူး ဆိုတာ အဲဒါတွေပါ။ အစထဲက ဂေါပကကို အစိုးရကလည်း ဖိအားပေးရမှာ မင်းတို့ အလှူငွေ တွေ ဘာညာဘာတွေရှိသေးလဲ ဆိုတာ။ ဒါကို ပြည်သူလူထုက သိထားရမှာဖြစ်တယ်”ဟု ပြောသည်။
လက်ရှိတွင် ခေါ်ယူထားသော တင်ဒါများကို ပြန်ပြီး ထိန်းသိမ်းခြင်းမှာလည်း မူဝါဒ အတိအကျ မရှိကြောင်း ၎င်းက ပြောသည်။
“ရွှေတိဂုံဂေါပက အဖွဲ့က လုပ်ချင်သလိုလုပ်နေတယ်။ အစိုးရအဖွဲ့ကလည်း ကြီးကြပ်မှုက တအားကို အားနည်းနေတယ်ဆိုတာ ပေါ်လွင်နေတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရွှေတိဂုံ စေတီတော်မှ ရရှိသော အလှူငွေစုစုပေါင်းမှာ ကျပ်သိန်းပေါင်း ဘီလီယံ ၆၇ သိန်းကျော်နှင့် အမေရိကန်ဒေါ်လာ ၁၅၂ သိန်းကျော်ကို မြန်မာ့စီးပွားရေး ဘဏ်အသီးသီးတွင် အပ်နှံထားပြီး အတိုးရရှိမှု အခြေအနေမှာ ၂၀၁၇ ခုနှစ်တွင် အတိုးနှုန်း ကျပ်သိန်းပေါင်း ၄၇၆၄ သိန်းကျော်ရှိကြောင်း ၂၀၁၈ ခုနှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၈ ရက်မြောက်တွင် ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက လွှတော်ကိုယ်စားလှယ် ဦးကျော်ဇေယျမှ မေးမြန်းသည်ကို ဖြေကြားထားသည်။
ရွှေတိဂုံစေတော်အပါအဝင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တန်ခိုးကြီး ဘုရားများ၏ အလှူငွေသုံးစွဲမှုကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ သုံးစွဲရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးကြပ်လျက် ရှိကြောင်း ဝန်ကြီးက ပြောကြားထားသည်။