ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံ၏ ပိုင်ဆိုင်မှု ဝေစုတိုးမြှင့်ရန် တရုတ်ဆောက်လုပ်ရေးလုပ်ငန်းတခုနှင့် သဘောတူညီချက်များကို ပြန်လည်ညှိနှိုင်းနေစဉ်အတွင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်အား ကျောက်ဖြူအထူးစီးပွားရေးဇုန်စီ မံခန့်ခွဲမှုကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်လိုက်သည်။
ထိုရာထူးတွင် ဦးဆက်အောင်ကို မေလ ၈ ရက်နေ့က စတင်တာဝန်ယူစေခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန်များဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဌ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက အတည်ပြုပေးခဲ့ကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်သည့် အစိုးရပြန်တမ်းတွင် ဖော်ပြထားသည်။ စီမံခန့်ခွဲရေးကော်မတီ၏ ယခင်ဥက္ကဌ ဦးစိုးဝင်းကို ပူးတွဲဥက္ကဌအဖြစ် ပြန်လည်ခန့်အပ်သော်လည်း ဥက္ကဌနှစ်ဦး အတူတကွ လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
ထိုကြေညာချက်ကို အစိုးရ၏ကြေညာချက်များကို ပထမဆုံးထုတ်ပြန်လေ့ရှိသည့် သမ္မတရုံးနှင့်ပြန်ကြားရေးဝန်ကြီးဌာနတို့၏ အင်တာနက်စာမျက်နှာများတွင် တင်ထားခြင်း မရှိပါ။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းဝန် ဦးထွန်ထွန်းနိုင်က ထိုပြန်တမ်းသည်မှ န်ကန်ကြောင်း ဧရာဝတီသတင်းဌာနသို့ အတည်ပြုပြောကြားသည်။
ဦးဆက်အောင်သည် ရန်ကုန် အရှေ့တောင်ဘက်ရှိ မြန်မာနိုင်ငံ၏ ပထမဆုံး အထူးစီးပွားရေးဇုန်ဖြစ်သော သီလဝါ အထူးစီးပွားရေးဇုန်၏ ဥက္ကဌအဖြစ် တာဝန်ယူနေသည်။ ယခု သူသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး အထူးစီးပွားရေးဇုန်နှစ်ခု၏ ဥက္ကဌ ဖြစ်လာသည်။
“သီလဝါမှာ သူ လုပ်တာ ကိုင်တာ အောင်မြင်တယ်။ ဒါကြောင့် ကျောက်ဖြူကိုလည်း သူ တာဝန်ယူဖို့ဖြစ်လာတယ်။ အစိုးရက ဒီစီမံကိန်းကို တရုတ်ဖက်နဲ့ပြန်ညှိကတည်းက ကျောက်ဖြူစီမံကိန်းမှာ သူဝင်ပါနေတာ” ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။
ရခိုင်ပြည်နယ်တွင် တည်ရှိသော ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် စက်မှုဇုန်တခုနှင့် ရေနက်ဆိပ်ကမ်းတခုတို့ ပါဝင်သည်။ ထိုစီမံကိန်း တည်ဆောက်ခွင့်ကို တရုတ်နိုင်ငံမှ China International Trust and Investment Corporation (CITIC) က၂၀၁၅ ခုနှစ်တွင် ရရှိခဲ့သည်။ ထိုစဉ်က သမ္မတဦးသိန်းစိန်လက်ထက်တွင် ချုပ်ဆိုခဲ့သော စာချုပ်အရ တရုတ်နိုင်ငံက စီမံကိန်း၏ ၈၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံက ကျန်အစိတ်အပိုင်းကိုသာ ပိုင်ဆိုင်သည်။
ထိုစီမံကိန်းကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကြွေးထောင်ချောက်အတွင်း ကျရောက်သွားနိုင်သည်ဟု ဝေဖန်သူများက ပြောကြသည်။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ၂၀၁၆ ခုနှစ်တွင် တာဝန်ယူပြီးနောက် ထိုစီမံကိန်းတွင် မြန်မာနိုင်ငံ၏ ပိုင်ဆိုင်မှုကို ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ညှိနှိုင်းနေခဲ့သည်။
ကျောက်ဖြူစီမံကိန်း၏ အတိုင်းအတာကို လျှော့ချပြီး အကြွေးထောင်ချောက်ကို ရှောင်ရှားရန် မလိုအပ်သော စရိတ်များ ဖြတ်တောက်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက မကြာသေးမီက Nikkei Asian Review သို့ပြောခဲ့သည်။
မြန်မာနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာရှိများသည် CITIC အုပ်စု ကိုယ်စားလှယ်များနှင့် နေပြည်တော်တွင် လွန်ခဲ့သောအပတ်က တွေ့ဆုံခဲ့ပြီး သဘောတူညီချက်သစ်ကို မကြာမီ ထုတ်ပြန်မည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ဥက္ကဌအနေဖြင့် ဦးဆက်အောင်သည် ထိုသဘောတူညီချက်ကို ဆုံးဖြတ်ပေးရမည့်နေရာတွင် ပါဝင်နိုင်ဖွယ် ရှိသည်။
“သူက အထူးစီးပွားရေးဇုန်တွေကို စီမံခန့်ခွဲတဲ့နေရာမှာ အတွေ့အကြုံ ရှိတယ်။ သူ့အတွေ့အကြုံနဲ့ ကျောက်ဖြူစီမံကိန်းအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အဖြေရှာနိုင်မယ်လို့ ထင်တယ်”ဟု ကမ္ဘောဇဘဏ်၏ ဝါရင့်အကြံပေးနှင့် ဗဟိုဘဏ်ဒုဥက္ကဌဟောင်း ဦးသန်းလွင်က ပြောသည်။
ဦးဆက်အောင်သည် ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ဗဟိုဘဏ် ဒုဥက္ကဌ တာဝန်ကိုလည်း ယူခဲ့ဖူးသည်။ သူသည် ယခင်က အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဒုဝန်ကြီးနှင့် ယခင်သမ္မတဦးသိန်းစိန်၏ စီးပွားရေးအကြံပေးအဖြစ်လည်း တာဝန်ယူခဲ့သည်။
သူသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်ဌာန Myanmar Development Resource Institute ကို တည်ထောင်သော ဒါရိုက်တာဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ National Economic and Social Advisory Council အတွင်းရေးမှူးလည်း ဖြစ်သည်။
သူသည် စီးပွားရေး စီမံခန့်ခွဲမှု ပညာဘွဲ့နှင့် မဟာဘွဲ့များကို မြန်မာနိုင်ငံမှ ရရှိခဲ့ပြီး စကော့တလန်မှ စီးပွားရေး၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ မဟာဘွဲ့နှင့် လန်ဒန်မှ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့များကိုလည်း ရရှိခဲ့သည်။
(အင်္ဂလိပ်ဘာသာဖြင့် Deputy Finance Minister Named New Chair of Kyaukphyu SEZ တွင် ဖတ်ပါ။)