မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားသော Belt and Road Initiative အစီအစဉ်၏ အစိတ်အပိုင်းဖြစ်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်များ တည်ထောင်မည့်နေရာသုံးခုကို အစိုးရက ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့တွင် အတည်ပြုလိုက်သည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ပြောကြားချက်အရ သိရသည်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့် တရုတ်ပြည် ခရီးစဉ်မှ ပြန်ရောက်ပြီး မကြာမီ တရုတ်မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကော်မတီ အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း ဦးခက်အောင်က ပြောသည်။
ထိုစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကို ဒီမိုကရေစီသစ် တပ်မတော်ပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်ထားသည့် ကချင်အထူးဒေသ(၁)ရှိ ကန်ပိုက်တီး၊ ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော်နှင့် မူဆယ်မြို့နယ်များတွင် အကောင်အထည်ဖော်မည်ဟု သိရသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်ရှိ ချင်းရွေဟော်နှင့် မူဆယ်တို့မှာ လက်ရှိအချိန်တွင်ပင် ကုန်သွယ်ရေးအချက်အခြာနေရာများ ဖြစ်ကြသည်။ ကန်ပိုက်တီးတွင်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး ဂိတ် ရှိသည်။
“ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ဒီစီမံကိန်းတွေ အမြန်စတင်ဖို့ ကျနော်တို့ကို တွန်းအားပေးတယ်။ ဒီဇုန်တွေကို နယ်စပ်နှစ်ဖက်လုံး ခွပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ကန်ပိုက်တီးမှာ မြေ စတင်ရှင်းလင်းနေပါပြီ” ဟု ဦးခက်အောင်ကဧရာဝတီသတင်းဌာနသို့ သောကြာနေ့တွင် ပြောဆိုသည်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ၏ အဆိုအရ ဦးသန်းမြင့်သည် ဇူလိုင်လ ပထမပတ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဇူလိုင်လ ၁၀ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသော်လည်း ထိုခရီးစဉ်နှင့်ပတ်သက်သည့် အချက်အလက်များကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်း မရှိသေးပေ။
ထိုဇုန်များသည် နယ်စပ်ကုန်သွယ်ရေးကိုသာမက မတည်ငြိမ်သော ထိုဒေသများအတွက် ငြိမ်းချမ်းတည်ငြိမ်ရေးကိုပါ ယူဆောင်လာပေးမည်ဟု မျှော်လင့်ကြောင်း တရုတ်အရာရှိများက မြန်မာကူးသန်းရောင်းဝယ်ရေးဝန်ကြီးအား ပြောခဲ့သည်ဟု ဦးခက်အောင်က ပြောသည်။
ထိုဇုန်များသည် ဒေသအတွက် အလုပ်အကိုင်များ ဖန်တီးပေးပြီး အသေးစားအလတ်စားလုပ်ငန်းများကို အထောက်အကူပြုကာ တည်ငြိမ်မှု ထိန်းသိမ်းပေးသောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်လည်း အထောက်အကူပြုမည်ဟု နေပြည်တော်တွင် ကျင်းပသောကော်မတီအစည်းအဝေးတွင် ဦးသန်းမြင့်ကပြောကြားပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ထိုစီမံကိန်းများကို အကူအညီပေးရန် တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။
ထိုအစည်းအဝေးတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကိုးကန့်မှ အရာရှိများ တက်ရောက်သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုသည်။
ကန်ပိုက်တီး စီးပွားရေးဇုန်အတွက် ကနဦး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ သန်းရရှိပြီး ယခုနှစ်အကုန်တွင် စီမံကိန်းပြီးစီးမည်ဟု မျှော်လင့်ကြောင်းလည်း ဦးခက်အောင်က ပြောသည်။
၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံတွင် ကျင်းပသည့် Belt and Road Initiative ညီလာခံကို တတ်ရောက်ခဲ့ပြီး နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများအကြား စီးပွားရေးပူးပေါင်းမှုဇုန်များ တည်ဆောက်ရန် နားလည်မှုစာချွန်လွှာတစောင်အပါအဝင် နားလည်မှုစာချွန်လွှာ ၅ ခု လက်မှတ်ရေးထိုးခဲ့သည်။
တရုတ်မြန်မာနယ်စပ် စီးပွားရေးဇုန်များဆိုင်ရာ ပူးတွဲကော်မတီသည် ထိုအချိန်မှ စတင်ပြီး အသေးစိတ်များကို ရေးှဆွဲခဲ့သည်။ မြန်မာဖက်မှ ကိုယ်စားလှယ်အဖွဲ့ကို ဦးသန်းမြင့်က ဦးဆောင်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်များနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌတို့လည်း ကိုယ်စားလှယ်များအဖြစ် ပါဝင်ကြသည်။
Belt and Road Initiative အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် တည်ထောင်မည့် တရုတ်မြန်မာစီးပွားရေးစြင်္ကန်နှင့်ပတ်သက်ပြီး တရုတ်နှင့်မြန်မာနိုင်ငံတို့သည် အချက် ၁၅ ချက်ပါ နားလည်မှုစာချွန်လွှာတစောင်ကိုလည်း သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင် းရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ဧရာဝတီသတင်းဌာနသို့ ပြောခဲ့သည်။
ထိုစီးပွားရေးစြင်္ကန်သည် ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမှ တောင်ဖက်တွင် ရန်ကုန်နှင့် အနောက်ဖက်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အထိ ကျယ်ပြန့်မည်ဖြစ်သည်။
ထိုနားလည်မှု စာချွန်လွှာအရ အစိုးရနှစ်ရပ်တို့သည် အခြေခံအဆောက်အအုံ၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေး၊ သုတေသနနှင့် သိပ္ပံပညာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားကြသည်။
၂၀၁၃ခုနှစ်က စတင်ခဲ့သော Belt and Road Initiative အစီအစဉ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အထူးနိုင်ငံခြားရေးမူဝါဒဖြစ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် တရုတ်မှ ဥရောပသို့ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် ရုရှားတို့ကို ဖြတ်ကျော် ဆက်သွယ်သည့် နိုင်ငံပေါင်း ၇၀ ခန့်မှ လမ်းများ၊ ရထားလမ်းများနှင့် သင်္ဘောလမ်းကြောင်းများကို တိုးချဲ့မည့် အစီအစဉ်ဖြစ်သည်။
မြန်မာနိုင်ငံသည် ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် အိန္ဒိယသမုဒ္ဓရာသို့အမြန်ဆုံး သွားရောက်နိုင်သော ထွက်ပေါက် ဖြစ်သောကြောင့် ဗျူဟာကျသော နေရာတွင် တည်နေသည်ဟု ယူဆကြသည်။
(အင်္ဂလိပ်ဘာသာဖြင့် Govt Approves Sites For 3 New Economic Zones Along China Border တွင် ဖတ်ရှုပါ။)