မြန်မာနိုင်ငံတွင် နိုင်ငံခြားကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၁ ဘီလီယံရှိပြီး တဝက်ကျော်မှာ တရုတ်ထံတွင် တင်ရှိသောကြွေးမြီ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကော်မတီထံမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ဥပဒေကြမ်းကော်မတီ၏ ပူးတွဲကြေညာချက် အမှတ် ၁/ ၂၀၁၈ အရ ကြွေးမြီတဝက်ကျော် (သို့မဟုတ်) အမေရိကန် ၄ ဒသမ ၂၇ ဘီလီယံမှာ ၁၉၈၈ ခုနှစ်မတိုင်မီက တင်ရှိနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ထပ်မံချေးယူခဲ့ပြီး နောက်ထပ်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကို ၂၀၁၂ ခုနှစ်တွင် ထပ်မံချေးယူခဲ့သည်။
မြန်မာ့ကြွေးမြီကို ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး GDP နှင့် အချိုးချကြည့်လျှင် ၁၆ ရာခိုင်နှုန်းရှိသည်။
တရုတ်သည် အကြီးမားဆုံးမြီရှင်ဖြစ်ပြီး အကြွေး ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကျော်ကို မြန်မာက ပေးဆပ်ရန် ရှိနေသည်။ ဂျပန်ထံမှ ကြွေးမြီပမာဏ ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံနှင့် နှိုင်းယှဉ်နိုင်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အစိုးရက နိုင်ငံခြားအဖွဲ့အစည်း ၅ ဖွဲ့နှင့် ချေးယူမှု သဘောတူညီချက် ၁၄ ခုကို နှစ်၂၀ မှ ၄၀ အထိ အတိုး ၀ ဒသမ ၀၁ မှ ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ထံမှ စီမံကိန်း ၅ ခု အကောင်အထည်ဖော်ရန် အမေရိကန်ဒေါ်လာ ၄၀၄ ဒသမ ၈၀၉ သန်းကို မြန်မာအစိုးရက ချေးယူခဲ့သလို စီမံကိန်း ၆ ခုအတွက် ဂျပန်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ထံမှ အမေရိကန်ဒေါ်လာ ၁၁၁၅ ဒသမ ၇၆၁ သန်း ချေးယူခဲ့သည်။ အခြားစီမံကိန်းတခုအတွက် နိုင်ငံတကာဖွံ့ဖြိုးရေးအသင်း IDA ထံမှ အမေရိကန်ဒေါ်လာ ၁၉၃ ဒသမ ၄၉၇ သန်းချေးယူခဲ့သည်။ ယင်းဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသည် ဂျပန်ထံမှ အမြင့်ဆုံးကြွေးမြီကို ရယူခဲ့သည်။
အောက်ဖော်ပြပါ ဧရာဝတီ၏ သတင်းအချက်အလက် သရုပ်ပြပုံတွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးကြွေးရှင်များကို ယှဉ်တွဲလေ့လာနိုင်ပါသည်။
အမြင့်ဆုံးကြွေးရှင်များ
အဓိကကြွေးယူသည့် ဝန်ကြီးဌာနများ
ပြည်ထောင်စုလွှတ်တော် ဥပဒေမူကြမ်းကော်မတီ၏ အဆိုအရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ချေးငွေ၏ ၃၂ ဒသမ ၅၃ ရာခိုင်နှုန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၃ ဒသမ ၃၈ ရာခိုင်နှုန်း၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ၁၅ ဒသမ ၆ ရာခိုင်နှုန်း၊ စက်မှုဝန်ကြီးဌာနက ၁၅ ဒသမ ၇ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ၇ ဒသမ ၇ ရာခိုင်နှုန်း၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂ ဒသမ ၆ နှင့် ကျန်ဝန်ကြီးဌာနများက ၃ ဒသမ ၁ အသီးသီး ရယူကြသည်။
ဝန်ကြီးဌာနများ၏ အကြွေးရယူမှု ခွဲတမ်းပြဇယား
(အင်္ဂလိပ်ဘာသာဖြင့် Myanmar’s Foreign Debt — The Big Picture တွင် ဖတ်ရှုပါ)