လက်ရှိ၌ မြန်မာ့ စီးပွားရေး အခြေအနေသည် အဆိုးဘက် သွားနေသည်ကို မြင်နေသောကြောင့် Orchid ဟိုတယ် ပိတ် သိမ်းမည် ဖြစ်ကြောင်း The National Trading ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ Orchid ဟိုတယ်၌ ဇူလိုင်လ ၁၈ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
Orchid ဟိုတယ် ပိုင်ရှင်လည်း ဖြစ်သည့် ဦးဌေးအောင်က “ဟိုတယ်လုပ်ငန်း မကောင်းဘဲ ကျနေတာကတော့ ၂၀၁၅ ခုနှစ် ထဲက စကျလာတာ။ အခု ၂၀၁၈ ခုနှစ်ကတော့ အဆိုးဆုံးပေါ့ဗျာ။ တကယ့် မျက်နှာမူရတဲ့ စီးပွားရေး အခြေအနေကလည်း အဆိုးဘက်ကိုပဲ မြင်နေရတဲ့ အတွက် လက်ဦးမှုကို ယူလိုက်တဲ့သဘော ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်” ဟု ပြော သည်။
Orchid ဟိုတယ်ကို ယခုနှစ် ဒီဇင်ဘာလ ၂၅ ရက်တွင် စတင် ပိတ်သိမ်းပြီး မိသားစု နေအိမ်အဖြစ် အသုံးပြုသွားမည် ဖြစ် ကြောင်း ၎င်းက ပြောဆိုသည်။
ဦးဌေးအောင်က“ကျနော်တို့ ပိတ်သင့်ပြီ ထင်လို့ ဆုံးဖြတ်လိုက်တာပါ။ ဟိုတယ်က စီးပွားရေးကျတာက ၇၅ ရာခိုင်နှုန်း လောက် ကျသွားပြီး၂၅ ရာခိုင်နှုန်းလောက်ပဲ ကျန်တယ်။ ဟိုတယ် ဝန်ကြီးဌာနကတော့ ဒီနေ့ထိ လိမ်ညာ ကောင်းနေတုန်း ပဲ။ သူတို့ရဲ့ စာရင်း ဇယားတွေကို သွားကြည့်ရင် ဘယ်မှာ တက်နေတယ်၊ ဘာညာနဲ့ အခြေအနေ အမှန်ကို မပြောဘူး။ ဘာကို စိုးရိမ်နေလည်းတော့ မသိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
Orchid ဟိုတယ်ကို ၁၉၉၃ ခုနှစ်က စင်ကာပူ အများပိုင် ကုမ္ပဏီတခုနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကာ ၁၉၉၇ ခုနှစ်၌် ပထမဆုံး ဖွင့်လှစ်ခဲ့ပြီး နှစ်ကုန်ပိုင်းတွင် တကြိမ် ပိတ်သိမ်းလိုက်သည်။
ထို့နောက် ၂၀၀၉ ခုနှစ်၌ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဒုတိယအကြိမ် ပြန်လည် ပိတ်သိမ်းခြင်း ဖြစ်သည်။
ထို့ပြင် ၎င်းလုပ်ကိုင်လျက် ရှိသည့် ပြင်ဦးလွင်ရှိ နန်းမြိုင်ဟိုတယ်နှင့် ရန်ကုန်တိုင်း ဒေသကြီး လက်ခုပ်ကုန်းဟိုတယ် တို့ကို လည်း အစိုးရထံသို့ ပြန်လည် အပ်နှံထားပြီး ဖြစ်ကြောင်းလည်း ဆိုသည်။
စီးပွားရေး ကျဆင်းခြင်း၊ ခရီးသွားဧည့်သည် ကျဆင်းခြင်းတို့ကြောင့် ဟိုတယ် လုပ်ငန်းများတွင် ဆုံးရှုံးမှုများ ဖြစ်လာသဖြင့့်် ယခုကဲ့သို့ ပိတ်သိမ်းခြင်းဖြစ်ကာ နန်းမြိုင်၊ လက်ခုပ်ကုန်းနှင့် Orchid ဟိုတယ် တို့ကို ပိတ်သိမ်းရန်အတွက် လွန်ခဲ့သည့် လပိုင်း ခန့်မှ ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နန်းမြိုင် နှင့် လက်ခုပ်ကုန်း ဟိုတယ်တို့အား ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ငှားရမ်း လုပ်ကိုင်ခြင်း ဖြစ်သဖြင့် နန်းမြိုင်ကို ဇူလှိုင်လ ၁၃ ရက်၌ ပြန်လည် လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန (ဟိုတယ်/ခရီး) သတင်း ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
“အစိုးရကနေ နန်းမြိုင်ဟိုတယ်ကို လွဲှပြောင်း လက်ခံယူလိုက်ခြင်း ဖြစ်တယ်။ လက်ခုပ်ကုန်းကတော့ အပ်မယ်လို့ ပြော တယ်။ လွဲှပြောင်းမှု မလုပ်သေးဘူး။ သူက ယူထားတာ ဟိုတယ် ၂ လုံးလေ။ လက်ခုပ်ကုန်းလည်း အကြွေးဆက် တင် နေပြန်ပြီ။ သူမနိုင်ရင်တော့ ပြန်အပ်ရတော့မှာပဲ”ဟု ၎င်းက ပြောသည်။
အဆိုပါ ကုမ္ပဏီမှ နန်းမြိုင်ဟိုတယ်အား၂၀၁၃ ခုနှစ် သြဂုတ်လတွင် ယူခဲ့ခြင်း ဖြစ်ပြီး ကျပ်သိန်း ၂၅၀ အစိုးရသို့ လစဉ် သွင်းပြီး ၆ လခန့် ပြင်ဆင်ပြီးမှသာ လုပ်ကိုင်ခဲ့ကြောင်း၊ လက်ခုပ်ကုန်း ဟိုတယ်ကို အစိုးရဆီမှ တနှစ်လျှင် ကျပ်သိန်း ၂၀၀ နှင့် မြေဧက ၂၈ ဧကပေါ်တွင် ငှားရမ်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက “အရင် ၂၀၁၁-၂၀၁၂ ခုနှစ်တုန်းက အခြေအနေ ကတော့ ဧည်သည် သန်းဂဏန်း အထိ တက်လာတယ်။ အဲဒီတုန်းကဆို ဟိုတယ်တွေ အကုန် ပြည့်ကြတယ်။ ဒါတွေ အကြောင်း ပြုပြီး ဟိုတယ်တွေ၊ လေကြောင်းလိုင်းတွေလည်း တိုးလာတယ်။ ဟိုတယ် အခန်းတွေကလည်း ၂ သောင်း လောက်ကနေ ဒီနေ့ ဆိုရင် ၉ သောင်းလောက် အထိ ဖြစ်လာတယ်။ အခုဆိုရင်တော့ ခရီးသွား ကဏ္ဍက အီလည်လည် ဖြစ်နေတယ်။ တိုးတက်သင့်သလောက် မတိုးတက်တော့ဘူး”ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ဧည့်သည့် ဗီဇာနှင့် လာရောက်သူ စုစုပေါင်း ၆ သိန်း ၆ သောင်းကျော် (၆၆၈၆၆၁ ဦး) ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံသို့ ပြည်ပ ဧည့်သည် ဗီဇာနှင့် လာရောက်ခဲ့သူ ပေါင်းမှာ လူဦးရေ စုစုပေါင်း ၆ သိန်း ၈ သောင်းကျော် (၆၈၂၁၀၀) ရှိခဲ့သောကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ခရီးသွား ဝင်ရောက်မှု ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန စာရင်းဇယားတွင် ဖော်ပြထား သည်။