ယခုနှစ် အတွင်း စက်ရုံ အလုပ်ရုံများ ပိတ်သိမ်းခြင်းနှင့် ပိတ်သိမ်းတော့မည့် သတင်းများမှာ အလုပ်ရှင်၊ အလုပ်သမား များသာမက ပြည်သူများကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေသည်။
လှိုင်သာယာ စက်မှုဇုန်ရှိ အလုပ်သမား ၅၀၀ ကျော်နှင့် လည်ပတ်နေသော Seduno အထည်ချုပ် စက်ရုံမှာ ဆက်လက် ရပ်တည်ရန် ခက်ခဲလာခြင်းကြောင့် ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ စတင်၍ ကြေငြာချက် ထုတ်ပြန်ပြီး အလုပ်သမား များကို ဥပဒေ အတိုင်း လျှော်ကြေးပေးကာ ပိတ်သိမ်းခဲ့သည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်နွယ် က “ဇွန်လကုန်မှာ ၁ ရုံ ပိတ်တယ်။ အခု ရက် ပိုင်း အတွင်းပဲ လှိုင်သာယာမှာ အထည်ချုပ်စက်ရုံ ၂ ခု ပိတ်တယ်။ ပြီးတော့ ပီနံအိတ်စက်ရုံ ၁ ရုံပိတ်တယ်။ စက်ရုံတွေ ပိတ်တာက တရက် လုပ်ခလစာ ၄၈၀၀ ကျပ်ဖြစ် လာလို့တော့ မဟုတ်ဘူး။ ပိတ်ရခြင်း အကြောင်းအရင်းက အများကြီး ရှိတယ်” ဟု ပြောဆိုသည်။
ယင်းကဲ့သို့ ပိတ်လိုက်သော စက်ရုံ ၃ ရုံမှ အလုပ်သမား ၁၅၀၀ ခန့်မှာ လတ်တလော အလုပ်လက်မဲ့ ဖြစ်ခြင်း၊ အလုပ် အကိုင် အခွင့်အလမ်းများ ရှားနေခြင်း စသည့် အခက်အခဲများကို ရင်ဆိုင်နေကြရသည်။
စက်ရုံများ ပိတ်သိမ်းမည့် အခြေအနေအရပ်ရပ်ကြောင့် လက်ရှိ ၂၀၁၈ ခုနှစ်အတွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများမှာ ရှားသထက် ရှားလာနေပြီ ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။
အလုပ်သမား အများစုကို အလုပ်အကိုင်ပေးနိုင်သည့် အထည်ချုပ် စက်ရုံများမှာ ပြည်ပမှ အော်ဒါ မှာယူမှု လျှော့နည်းလာခြင်း၊ စက်မှုဇုန်များတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု မရှိခြင်း၊ လုပ်ခလစာများ မြင့်တက်လာခြင်း အစရှိသည့် အကြောင်းရင်းများကြောင့် ၂၀၁၈ ခုနှစ်အတွင်း စက်ရုံ အများအပြား ပိတ်သိမ်းမည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။ ပိတ်သိမ်းရန် ပြင်ဆင်နေသည့် စက်ရုံများကလည်း အလုပ်သမားဦးရေ လျှော့ချခြင်းတို့ကို ပြုလုပ်လျှက်ရှိကြသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။
ယင်းအပြင် ရေဆိုး စွန့်ပစ်မှု နည်းပညာ အခက်အခဲများနှင့် အစိုးရ အဆက်ဆက် လက်ရှိ အချိန်ထိ မဖြေရှင်းနိုင် သေးသည့် ကျူးကျော် ပြဿနာများ၊ လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ခြင်း မရှိသည့် ကိစ္စရပ်များကလည်း စက်ရုံများ ပိတ် သိမ်းရန် အတွက် တွန်းအားသဖွယ် ဖြစ်နေကြသည်။
စက်ရုံများ ပိတ်သိမ်းလာခြင်း၏ အဓိက အကြောင်းအရင်းများထဲတွင် ပြည်တွင်း လုပ်ငန်းရှင်များ သာမက ပြည်ပမှ လုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်ရန် ခက်ခဲလာခြင်းကြောင့်ဟု ဆိုကြသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များမှ လုပ်ကိုင်နေသော အထည်ချုပ် စက်ရုံ ၁၈ ရုံခန့် ပိတ် သိမ်းခဲ့ရသည်။ ၂၀၁၇ ခုနှစ်က ပိတ်သိမ်းသည့် စက်ရုံများ ရှိသကဲ့သို့ အသစ်ဖွင့်လှစ်သည့် စက်ရုံများလည်း ရှိခဲ့သည်။
သို့သော် ယခု ၂၀၁၈ ခုနှစ်တွင် လက်ရှိ အချိန် အထိ အသစ်ဖွင့်လှစ် လုပ်ဆောင်မည့် စက်ရုံမှာ မရှိသလောက်ဖြစ်နေကြောင်း ရွှေလင်ပန်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။
အထည်ချုပ် လုပ်ငန်းများသည် တိုင်းပြည်၏ လုပ်သားအများစုကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော စက်မှုလုပ်ငန်း တခု ဖြစ်သောကြောင့် စက်ရုံများပိတ်သိမ်းရန် ပြင်ဆင်လာခြင်းက တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမှု ကြီး မားလာနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ဦးအေးသောင်းက “မြန်မာပြည်ရဲ့ စက်ရုံ လုပ်ငန်းနဲ့ ပတ်သက်တဲ့ ပေါ်လစီ မငြိမ်ဘူး။ နောက်ပြီး အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေနဲ့ အလုပ်သမား ဝင်လိုက် ထွက်လိုက် မငြိမ်မှုတွေကြောင့်လည်း ပါတယ်” ဟု ဆိုသည်။
စက်ရုံ လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ရေး အခက်အခဲများကို လုပ်ငန်းရှင်များဘက်မှ အစည်းအဝေးများတွင် တင်ပြသော်လည်း အစိုးရဘက်က ပူးပေါင်းပါဝင်မှု အားနည်းနေကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက “၂၀၁၃ ခုနှစ် ဇူလိုင်လကျမှ အီးယူ GSP အခွန် သက် သာခွင့် ပေးထားတဲ့ အတွက် အထည်ချုပ် လုပ်ငန်းက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ စပြီး ဖွံ့ဖြိုးတိုးတက်တယ်။ အဲဒီတော့ ၂၀၁၄ ခုနှစ်မှာမှ ပြန်လည်ပြီး ရှင်သန်လာတဲ့ လုပ်ငန်းတခုက ၂၀၁၈ ခုနှစ်မှာ ဘယ်လောက်ထိ ဖွံ့ဖြိုးတိုးတက်နိုင်မလဲ” ဟု စိုးရိမ်ပူပန်စွာ ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့ လုပ်ငန်းတွေ ဘက်ကို ပံ့ပိုးပေးမှုက ဘယ်နေရာမှာ ရှိမလဲ။ ပြည့်စုံလုံလောက်ဖို့ အတွက် အစိုးရအဖွဲ့က အခုက ကြိုးစားနေဆဲ ကာလပဲ ရှိတယ်။ လျှပ်စစ်မီး ရရှိအောင် လုပ်ပေးနေဆဲ ကာလမှာပဲရှိသေးတယ်။ လမ်းပန်း ဆက်သွယ်ရေးတွေ ပိုကောင်းလာအောင် လုပ်ပေးနေဆဲပဲရှိတယ်။ ဒီလို ပြုပြင်ပြောင်းလဲ နေတဲ့ ကာလမျိုးမှာ ကျနော်တို့ အတွက် ပံ့ပိုးမှုက မရှိဘူး” ဟု ရှင်းပြသည်။
၂၀၁၂ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့ ကြားတွင် လုပ်ငန်းများမှာ လုပ်ရကိုင်ရ ကောင်းခဲ့သော်လည်း ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်၌ လုပ်ငန်းတော်တော်များများ ဆက်လက် လုပ်ကိုင်နိုင်ခြင်း မရှိခြင်း၊ တချို့ စက်ရုံများမှာလည်း ရုန်းကန် ရင်ဆိုင် နေရသည်ဟု ရွှေလင်ဗန်းစက်မှုဇုန်ရှိ Excel lnt’l Trading ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးနေလင်းဇင်က ပြောသည်။
လုပ်ငန်းရှင်များ အနေနှင့် စက်မှုဇုန်များတွင် မြေရရှိမှု ခက်ခဲခြင်း၊ ပိုင်ဆိုင်မှု စာရွက်စာတမ်း လျှောက်ထားရာ၌ ရရှိမှု ခက် ခဲခြင်း၊ လျှပ်စစ်မီး ရရှိမှု ခက်ခဲခြင်း၊ ကျူးကျော် ပြဿနာများ ရှိနေခြင်း အစရှိသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် အပြင် လုံခြုံမှု ကင်းမဲ့ခြင်းများလည်း ကြုံတွေ့နေရသည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများသည် အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီယား နိုင်ငံများနှင့် ယှဉ်ပြိုင်နေရသည့် ကာလ ဖြစ်သောကြောင့် Customer များကို ဆွဲဆောင်ရန် နည်းလမ်းသစ်များ လုပ်ဆောင်သင့်ကြောင်း ရွှေလင်ပန်း စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံပိုင်ရှင် ကိုအောင်မျိုးဟိန်းက ဧရာဝတီသို့ ပြောသည်။
စက်မှု ကုန်ထုတ် လုပ်ငန်းများ အတွက် ထပ်မံ ရင်ဆိုင်နေရသော အခြေအနေမှာ အလုပ်သမားများ ဆန္ဒပြခြင်း ဖြစ်ပြီး ထိုသို့ အခြေအနေကို လက်ရှိတွင် အထည်ချုပ်စက်ရုံများ သာမက ဖိနပ်စက်ရုံများ၊ စားသောက်ကုန်လုပ်ငန်းများ၊ ဆံပင် အတု လုပ်ငန်းများတွင် ကြုံတွေ့နေရလျက် ရှိသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အတွင်းရေးမှူးလည်း ဖြစ်သူ ဒေါ်ခိုင် ခိုင်နွယ်က“အခုလောလောဆယ် ကျမတို့ အတွက် စိတ်ထဲမှာ နေ့စဉ်နဲ့ အမျှ နားစွင့်ပြီး ပူနေရတာ တခုက ဆန္ဒပြမှု တွေပါ။ ဒါက တကယ်တော့ တိုင်းပြည်အတွက်ကို ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူး။ အဲဒီတော့ ကျမတို့ အလုပ်ရှင် အလုပ်သမား နားလည်မှုကို ကြိုးစားတော့ တည်ဆောက်နေတယ်။ အခါတိုင်းမှာတော့ ကျမတို့ တာဝန်ရှိတဲ့ လူကြီးပဲ လုပ်လို့ မရဘူး” ဟု ဆိုသည်။
ILO လှိုင်သာယာ မြို့နယ်မှ အလုပ်သမား ကိုယ်စားလှယ် ဒေါ်သိဂီၤဝင်းကမူ “အော်ဒါမရလို့ ပိတ်တာ။ အော်ဒါ ဘာလို့မရလဲ ဆိုတော့ လုပ်ငန်းခွင်မှာ အလုပ်သမားနဲ့ အလုပ်ရှင်နဲ့ ဆက်ဆံရေး မပြေလည်လို့ ဖြစ်တယ်။ အခု ၄၈၀၀ ကျပ် မပေးနိုင်လို့ ပိတ်တာတော့ မရှိသေးဘူး။ လုပ်ငန်းခွင်မှာ အလုပ်သမားတွေ အပေါ် ဖိနှိပ် ချုပ်ချယ်မှုတွေ များတယ်။ အဲဒါတွေကြောင့် အော်ဒါကို ပြန်ရုတ်သိမ်းလိုက်တဲ့ အချိန်မှာ သူတို့က လုပ်ငန်းကို မလည်ပတ်နိုင်တော့ဘူး”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ဆန္ဒမပြစေချင်ရင် ဆန္ဒမပြအောင်လုပ်လေ။ အခွင့်အရေးကို အလုပ်ရှင်ဘက်က တိတိကျကျလုပ် ပေး။ လုပ်ခလစာကိုလည်း တိတိကျကျပေးရင် အလုပ်သမားတွေက ဆန္ဒပြစရာ မလိုဘူး” ဟု ဆိုသည်။
ယခု အလုပ်သမားများ ဆန္ဒပြခြင်းမှာ လုပ်ငန်းခွင်တွင် ဖိနှိပ် ချုပ်ချယ်မှုများခြင်း၊ လုပ်ခလစာများ ချိုးနှိမ်ပေးခြင်း၊ အလုပ် သမား ဥပဒေပါ ခံစားခွင့်များကို အပြည့်အဝ မပေးခြင်း၊ အချိန်ပိုများ မတရားခေါ်ခြင်း စသည့် အချက်များမှာ ဆန္ဒပြမှုများ ဖြစ်လာခြင်း အကြောင်းအရင်းများတွင် ပါဝင်နေကြောင်း အလုပ်သမားရေးရာ ကိစ္စ ဖြေရှင်းရသည့် အတွေ့အကြုံများကို ပြောပြသည်။
ဝါးတရာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံမှ မထက်မြက်ကလည်း “ကျမတို့က စက်ချုပ်တာ တခုပဲ ရတော့ ဒီရုံက မကောင်းရင် ဟို ဘက်ရုံကို ပြောင်းရတာပေါ့။ စက်ရုံပိုင်ရှင်ကသာ လုပ်ခလစာ မှန်မှန်နဲ့ လုပ်ရင် လုပ်နိုင်သလောက် ပေးမယ်ဆိုရင် အချိန်ပို ဆင်းရလည်း ဆင်းတာပေါ့။ နှစ်လည်းကြာကြာ လုပ်ဖြစ်မှာပါ။ အရင်စက်ရုံတုန်းကတော့ လုပ်ခ လစာလည်း နှိမ်တယ်။ အချိန်ပိုလည်း မတရားဆင်းရတယ်။ အဲဒါကြောင့် ဆန္ဒပြခဲ့ရတယ်” ဟု ဆိုသည်။
လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က “အလုပ်ရှင် အလုပ်သမား ပြဿနာများကို လေ့ လာကြည့်ရင် အလုပ်ရှင်ဘက်က လွဲမှားသလို၊ အလုပ်သမားဘက်က လွဲမှားတာလည်း ရှိပါတယ်။ အဓိကတော့ အလုပ် သမား ဥပဒေလည်း ရှိတယ်။ အလုပ်သမားဘက်လည်း ဥပဒေနဲ့ အညီ တောင်းဆိုပါ” ဟု ပြောသည်။
ထို့ပြင် ၎င်းက “ကျနော်တို့ တိုင်းပြည်က အာဏာရှင် တိုင်းပြည် မဟုတ်ပါဘူး။ ဒီမိုကရေစီကို သွားနေတဲ့ တိုင်းပြည်ဖြစ် တဲ့အတွက် အလုပ်ရှင်လည်း အခက်မတွေ့အောင် အလုပ်သမားဖက်က ဥပဒေနဲ့ အညီ တောင်းဆိုနိုင်ပါတယ်။ ပြဿနာ တစုံတရာဖြစ်တိုင်း ထွက်ပြီး ဆန္ဒပြတယ် ဆိုရင် ရင်းနှီးမြှုပ်နှံမယ့်သူတွေလည်း ဒါကို စိုးရိမ်ပါတယ်”ဟု ပြောဆိုသည်။
ရင်းနှီးမြှုပ်နှံသူများ အနေနှင့် စက်ရုံများ ပိတ်၍ ပြန်သွားမည်ဆိုလျှင် တိုင်းပြည်အတွက် မကောင်းနိုင်ကြောင်း သို့ဖြစ်၍ ယင်းအခြေအနေများ မဖြစ်ပွားစေရန် အလုပ်ရှင်များဘက်က သာမက အလုပ်သမား ဖက်မှလည်း နှစ်ဖက်စလုံး ထိန်းထိန်း သိမ်းသိမ်းနှင့် ဆောင်ရွက်ပေးသင့်ကြောင်း ဦးဝင်းမြင့်က အကြံပြုသည်။
၂၀၁၇ ခုနှစ်၌ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု အနေနှင့် စက်မှုလုပ်ငန်းများတွင် လုပ်ငန်း အရေအတွက် ၁၃၆ ခုမှ ရင်းနှီး မြှုပ်နံှမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၇၆၉ ဒသမ ၁၃၆ မီလီယံ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည်။
၂၀၁၈ ခုနှစ် ၃ လတာ အတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု အနေနှင့် စက်မှုလုပ်ငန်းများ၌ လုပ်ငန်း အရေအတွက် ၁၉ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၇၅ ဒသမ ၆၆၃ မီလီယံ ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန စာရင်းများအရ သိရသည်။
ပြည်တွင်းရှိ စက်မှုဇုန် လုပ်ငန်းများတွင် ကြုံတွေ့နေရသော အခက်အခဲများကို အစိုးရ အနေနှင့် အမြန်ဆုံး တတ်နိုင်သည့် ဘက်မှ ဖြေရှင်းပေးရန် အရေးတကြီး လိုအပ်နေပြီး ထိုသို့ မဖြေရှင်းနိုင်လျှင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၈ ခုနှစ် အတွက် ကျဆင်းမည့် ဘက်သို့ ဦးတည် သွားနိုင်ကြောင်းကို စီးပွားရေး လုပ်ငန်းရှင်တွေက ခန့်မှန်းပြောဆိုကြသည်။