စိုက်ပျိုးရေး စက်ကိရိယာများ အပြည့်အဝ မတင်သွင်း မသုံးစွဲနိုင်မီ ရာသီအချိန်မီ ထွန်ယက် စိုက်ပျိုးနိုင်စေရန် လယ်ယာတွင် အသုံးပြုနေသည့် ခိုင်းကျွဲ၊နွားများအား ပြည်ပသို့ တင်ပို့ရောင်းချနေမှုအား ကန့်သတ်တားမြစ်ပေးရန် အဆိုတခုကို ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
ယင်းအဆိုကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ နုတ်ထွက်ထားသူ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးစိန်ဝင်းက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး အဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် ဆုံးဖြတ်စဉ် ကန့်ကွက်သူရှိ၍ မဲခွဲရာ ထောက်ခံမဲ ၂၃၁ မဲ၊ ကန့်ကွက်မဲ ၁၀၄ မဲဖြင့် ဦးစိန်ဝင်း အနိုင်ရခဲ့သည်။
ရာသီဥတု ဖောက်ပြန်မှုများစွာ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသည် စားနပ်ရိက္ခာ ဖူလုံရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသလို အစိုးရတွင်လည်း တာဝန်ရှိ၍ မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်း၊ လယ်ယာသုံး စက်ကိရိယာများကို အကြွေးဖြင့် မရောင်းချနိုင်မီ ခိုင်းနွားများကို ရောင်းချခွင့်ပြုခြင်းသည် ရေရှည်တွင် ဒုက္ခရောက်နိုင်ကြောင်း ဦးစိန်ဝင်းက လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။
“အခုဖြစ်တဲ့ ပြဿနာက အခု တက်မှာ မဟုတ်ဘူး။ နောင် ၂၀၁၉ မှာ ပြဿနာ တက်မှာ။ နောင် ၁၀ နှစ်၊ ၁၅နှစ်အထိ ပြဿနာတက်မှာ။ ဒါကြောင့် ခိုင်းကျွဲ၊ ခိုင်းနွာတွေကို နိုင်ငံခြားကို မတင်ပို့ခင်မှာ စက်ကိရိယာတွေကို အစားထိုး မလုပ်နိုင်ခင်မှာ ခိုင်းကျွဲ၊ ခိုင်းနွားတွေကို မရောင်းဖို့နဲ့ လယ်သမားတွေ လိုအပ်နေတဲ့ အခက်အခဲကို သိရှိနားလည်ပြီးတော့ ဖြေရှင်းနိုင်ဖို့ တင်ပြခဲ့တာပါ”ဟု ၎င်းက ပြောသည်။
ကျွဲနှင့်နွား အရှင်များကို ပြည်ပနိုင်ငံများသို့ တရားဝင်တင်ပို့ရန် ပြည်တွင်းလုပ်ငန်းရှင်များသို့ လိုင်စင်များ စတင်ထုတ်ပေးခြင်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ပြည်ပသို့ ကျွဲ၊ နွားအရှင်များ တင်ပို့မည့် လုပ်ငန်းရှင်များအနေဖြင့် ဝယ်ယူစုဆောင်းခြင်း၊ တိရိစ္ဆာန်ကျန်းမာရေး စစ်ဆေးခြင်း၊ ပြည်တွင်း နယ်ကျော်သယ်ဆောင်ခြင်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးတို့၏ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။
ယင်းအဆိုကို ကန့်ကွက်ခဲ့သူ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က “ဒီကိစ္စ ဆုံးဖြတ်ပြီးသား။ အခု စက်မှု လယ်ယာကို ပြောင်းတော့မယ်။ ဒါကြောင့် လွတ်လွတ်လပ်လပ် မွေးကြ၊ လွတ်လွတ်လပ်လပ်ရောင်းကြဆိုတဲ့ အတွေးအခေါ် ဝင်လာ တာ။ အခု တခါ ဆိုရှယ်လစ်ခေတ်ကလို နွားရောင်းလို့၊ နွားခိုးလို့ အဖမ်းခံရတဲ့ ဇာတ်လမ်းဖက်ကို ပြန်သွားနေတယ်။ ဒါကြောင့် ကန့် ကွက်တာ”ဟု သတင်းထောက်များကို ပြောသည်။
ယခင်က ပြည်ပသို့ ကျွဲနွားများ တင်ပို့ပါက အဖမ်းခံရသလို လာဘ်ပေးလာဘ်ယူမှု ကိစ္စများစွာ ရှိခဲ့ကြောင်း၊ ယခုအခါ တိုင်းပြည်က စက် မှုလယ်ယာသို့ သွား၍ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ရန်၊ နိုင်ငံခြားဝင်ငွေ ရရှိရန် ကျွဲနွားများ ပြည်ပသို့ပို့ရန် လွှတ်တော်တွင် ဆုံးဖြတ်ပြီး သား ကိစ္စကို ယခုတခါ ထပ်တင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းကမူ ခိုင်းကျွဲနွားများကို ပြည်ပသို့ တရားဝင် တင်ပို့ခွင့် ပြုထားသဖြင့် ခိုင်းနွား မရှိတော့ခြင်းမှာ ဟုတ်မှန်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းတွင် ကျွဲ၊ နွား ရှားပါးမှုကို ဖြေရှင်းနိုင်ရန် မွေးမြူရေးကို အစိုးရက အားပေးသင့်ကြောင်း ပြောသည်။
“တရားမဝင်ကိုလည်း အားမပေးချင်ဘူး။ တဖက်မှာလည်း ခိုင်းနွားလည်း မလျော့ချင်ဘူး။ Win-Win သီအိုရီအရ ဗမာပြည်သည် နွားမွေးမြူရေး လုပ်ငန်းကို ပိုလုပ်သင့်တယ်။ ကျနောတို့ဆီမှာ စီးပွားဖြစ် နို့စားနွား မွေးမြူရေးကို မရှိတာ။ ဒါတွေကို ဖွံ့ဖြိုးအောင် လုပ်သင့်တယ်။ နွားများများမွေးဖို့ လိုတယ်”ဟု ၎င်းက သုံးသပ်သည်။
အမျိုးသား ညီညွှတ်သော ဒီမိုကရက်တစ်ပါတီလည်း ထူထောင်ထားသူ ဦးစိန်ဝင်းက ခိုင်းကျွဲ၊ ခိုင်းနွားများ ထွန်ယက် စိုက်ပျိုးမှုနှင့် ထွန်စက်များဖြင့် စိုက်ပျိုးမှုမှာ ရွာတရွာလျှင် အချိုးအားဖြင့် လူ ၂၆ ဦးလျှင် ၂၅ ဦးသည် ကျွဲ၊ နွားကို အသုံးပြုလျက်ရှိကြောင်း၊ အစိုးရ ဌာနများမှ ထွန်စက်ငှားရမ်းရန်မှာလည်း လယ်သမားများတွင် အခက်အခဲများ ရှိနေကြောင်း ပြောသည်။
ထိုအချိန်တွင် မြန်မာ့ အိမ်နီးချင်းနိုင်ငံတခု ဖြစ်သည့် တရုတ်နိုင်ငံကမူ မြန်မာနိုင်ငံမှ ကျွဲ၊ နွားများကို ၁ နှစ်လျှင် အကောင်ရေ ၅ သိန်း နှင့်အထက် ဝယ်ယူရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံသို့ ကမ်းလှမ်းထားသည်။
ထို့ပြင် မြန်မာ နယ်စပ်မှတဆင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ကျွဲ ၊ နွား နှင့် ဆိတ်များကို မှောင်ခို တင်ပို့မှုများလည်းရှိနေပြီး တရားဝင် တင်ပို့သည့် အရည်အတွက်ကိုမူ အတိအကျ မသိရသေးပါ။