အစိုးရမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အတွက် စိုက်ထုတ် သုံးစွဲနေရသည့်အတွက် အရှုံးပေါ်နေသဖြင့် လိုအပ်သည့်လ ျှပ်စစ် ဓာတ်အားလိုင်းသစ်များ မတည်ဆောက်နိုင်သေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင် ကပြောသည်။
ဒုတိယ ဝန်ကြီးဒေါက်တာ ထွန်းနိုင် က “တကယ်တမ်း ပြန်ပြောရရင် အဲဒီ ဘီလီယံ ၅၀၀ ဆိုတဲ့ ပမာဏကိုသာ အသုံးပြုမယ်ဆိုရင် လျှပ်စစ်ဓာတ်အားထုတ်တဲ့ စက်ရုံကြီး ဆောက်မယ်ရင် မဂ္ဂါဝပ် ၄၀၀ ထုတ်လို့ရတဲ့ စက်ရုံကြီး ဆောက်လို့ရတယ်” ဟု ဇူလိုင် ၂၃ ရက်နေ့က ကျင်းပသည့် ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် နဝမ ပုံမှန် ပထမရက် အစည်းအဝေးအပြီးတွင် ဧရာဝတီသို့ ပြောသည်။
“မီးသုံးတဲ့ သူတွေ အတွက် အရှုံးခံနေရတာ။ မီးမရသေးတဲ့ သူတွေ အတွက်က ဒီအရှုံးက သူတို့အတွက် ဘာအကျိုးခံစားခွင့်မှ မရှိပဲနဲ့ အရှုံးပေးနေရတာ။ ကျန်တဲ့ ပြည်သူတွေ အားလုံး အတွက်လည်း မျှဝေပြီးတော့ ဆောင်ရွက်သင့်တာပေါ့လေ” ဟု ဒုဝန်ကြီးကပြောသည်။
ထို့ကြောင့် လက်ရှိ အသုံးပြုနေသည့် မီတာခ နှုန်းထားကို ပြောင်းလဲ ကောက်ခံရမည့် အနေအထားရှိကြောင်း၊ ကောက်ခံရသည့် အကြောင်းအရင်းမှာ ပြည်သူများအသုံးပြုနေသည့် ဓာတ်အား ၁ ယူနစ်ထုတ်လုက်ပါက ၁ ယူနစ်၏ ကုန်ကျစရိတ်မှာ ၁၀၀ နီးပါကုန်ကျကြောင်း၊ ဖြန်ဖြူးရောင်းချချိန်တွင် ၁ ယူနစ် ၃၅ ကျပ်မှ ၅၀ နှုန်းဖြင့်သာ ပြန်လည်ရောင်းချရသဖြင့် အစိုးရမှာ အရှုံးပေါ်နေကြောင်း၊ ထိုကဲ့သို့ နှစ်စဉ် အရှုံးပေါ်နေသဖြင့် လိုအပ်သည့် ဓာတ်အားလိုင်း အသစ်များကို ဆက်၍ တည်ဆောက်နိုင်ခြင်းမရှိသဖြင့် မီးမရရှိသေးသည့် ပြည်သူများမှာ မီးရရှိရန် အတွက် အလှမ်းကွာဝေးမှုများရှိနေခြင်းဖြစ်သည်ဟု ဒုတိယ ဝန်ကြီးက ဆိုသည်။
နေပြည်တော်ရှိ ကားဝပ်ရှော့ တည်ထောင်ထားပြီး စီးပွားရေး လုပ်ငန်းရှင်တဦးလည်းဖြစ်သူ ဦးရန်နိုင်က “ မီတာခ ပြောင်းကောက်တာပဲ ဖြစ်ဖြစ်၊ တိုးကောက်တာပဲ ဖြစ်ဖြစ် လက်ခံပါတယ်။ မီးအချိန်ချိန်မှန်မှန် လာဖို့တော့ လိုတာပေါ့။ ဦးတို့လို လုပ်ငန်းသမားတွေအတွက် လေတိုက်တာနဲ့ မီးပျက်နေတော့ အဆင်မပြေဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် ပြည်သူတိုင်းက မိမိ သုံးသည့် လျှပ်စစ် ပမာဏ အတွက် တန်ရာ တန်ကြေးကို ပေးသင့်ကြောင်း၊ ထိုမှသာ မီးမရသေးသည့် ပြည်သူတွေ အတွက် ကြိုးပမ်းခွင့်ရမည်ဖြစ်ကြောင်း၊ လက်ရှိမီးသုံးနေသည့် ပြည်သူများ မီးမရသေးသည့် သူများ၏ အခက်အခဲကို ကိုယ်ချင်းစာဖို့ လိုအပ်ကြောင်း၊ မီးရပြီးတဲ့ ပြည်သူများအတွက်သာ အစိုးရမှ နှစ်စဉ်စိုက်ထုတ်မှုများ ပြုလုပ်နေရသည့် အတွက် မီးမရသေးသည့် ပြည်သူများမီးရရန် မေ ျှာ်လင့်ချက် ဝေးနေရာ မသင့်တော်သည့်အတွက် အားလုံးဝိုင်းဝန်းစဉ်းစားဖို့လိုကြောင်း ဒေါက်တာ ထွန်းနိုင်က ဆိုသည်။
လှိုင်သာယာစက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင်က “ ဈေးတက်မယ်ဆိုရင်တော့ အခုတောင် စီးပွားရေးလုပ်ငန်းတွေက မကိုက်လို့ လျော့ချတာတွေ ရှိတယ်။ တချို့စက်ရုံတွေ နောက်ဆုတ်ဖို့လည်းရှိကြတယ်။ အိမ်တအိမ်ကို မီး ၃ ပွင့်လောက်ကို ၃၅ ကျပ်မဟုတ်ဘူး။ အလကားပေးလည်း ရတယ်။ အဲကွန်းတွေ ၊ ဇိမ်ခံပစ္စည်းတွေ သုံးနေတာလည်း ၃၅ ကျပ်၊ ၅၀ တောင်းနေတယ်။ အမှန်က အဲဒီအတွက် တင်ရမှာ” ဟု ဧရာဝတီသို့ပြောသည်။
လုပ်ငန်းရှင်ကို နိုင်ငံခြားနှင့် မပြိုင်နိုင်အောင်တင်ထားသည့် သဘော ဖြစ်နေကြောင်း၊ ကုန်ဈေးနှုန်းတက်နေသဖြင့် လုပ်သားများကိုလည်း လုပ်အားခ တက်ပေးရတာမျိုးလည်း ရှိသဖြင့် စက်မှုလုပ်ငန်းသုံးနှင့် ဇိမ်ခံပစ္စည်း အတွက် အသုံးပြုသည့် လျှပ်စစ်မီတာခကို ကောက်ခံ မည်ဆိုပါက အစိုးရအနေနဲ့ အရှုံးနဲ့ ရင်ဆိုင်နေရသည့် ပြဿနာမှ ကင်းလွတ်မည်ဖြစ်ကြောင်း ဦးမြတ်သင်းအောင်ကပြောသည်။
လက်ရှိတွင် အိမ်သုံးအတွက် တစ်ယူနစ်လျှင် အနိမ့်ဆုံး ၃၅ ကျပ်မှ အမြင့်ဆုံး ကျပ် ၅၀ နှုန်း၊ စီးပွားရေးလုပ်ငန်း၊ စက်မှု လုပ်ငန်း သုံးအတွက် တစ်ယူနစ် လျှင် အနိမ့်ဆုံး ကျပ် ၅၀ မှ အမြင့် ဆုံး ကျပ်၁၅၀ ထိ အလွှာအလိုက် သတ်မှတ်ကောက်ခံလျှက်ရှိသည်။
လျှပ်စစ်မီးမရရှိသေးသည့် ရေတာရှည်မြို့နယ်အတွင်မှ တောင်သူ ဦးကြည်ဝင်းက “ ဒို့တောသားတွေက မီးမရတာ လူဖြစ် ရှုံးတာပဲလို့တောင်တွေးမိတယ်။ ဆိုလာ ဆိုတာလည်း မိုးရွာတော့ အလုပ်မဖြစ်ဘူးလေ။ လျှပ်စစ်မီးမရတော့ ဆေးရုံ၊ ဆေးခန်း ဆိုတာဝေလာဝေးပဲ။ ဗဟုသုတတွေပါ ဘာမှ မရကြဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့်အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူးပေးနေရသဖြင့် ရာခိုင်နှုန်းအရ တွက် ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိ နေခြင်းဖြစ်ပြီး၊ နှစ်စဉ် လျှပ်စစ်လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိသဖြင့် လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် (Demand Forecast ) အရ (၂၀၂၀-၂၀၂၁)ခုနှစ် တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့်လိုအပ်မည်ဖြစ်ပြီး လက်ရှိ ထုတ်လုပ်မှု အရ ၃၀၀၀ မဂ္ဂါဝပ်ခန့်သာရှိ နေဆဲဖြစ်သည်။