တာဝန်သိ ခရီးသွားလုပ်ငန်း ဆုပေးပွဲ ဒုတိယအကြိမ်မြောက် ကျင်းပမည်
အဓိပ္ပာယ်ပြည့်ဝသော လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးစီးပွားများ ဖော်ထုတ်နိုင်မည့် ခရီးသွားလုပ်ငန်း အလားအလာနှင့် ပတ်သက်သော နိုးကြားမှုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အကျိုးအမြတ် မယူသော အဖွဲ့အစည်း “မြန်မာတာဝန်သိ ခရီးသွားလုပ်ငန်းဌာန” (MRTI) က ဒုတိယအကြိမ်မြောက် မြန်မာတာဝန်သိသော ခရီးသွားလုပ်ငန်းဆု (MRTA) ရွေးချယ်ပွဲကို ကျင်းပမည် ဖြစ်သည်။
MRTI သည် Business Innovation Facility နှင့်ပူးပေါင်းဆောင်ရွက်ပြီး Product & Package Innovation Competition (PPIC) ကိုလည်း ထည့်သွင်းကာ ၂၀၁၇ ခုနှစ်က စတင်ပြီး ထိုဆုများကို ပေးခဲ့ခြင်းဖြစ်သည်။
ထိုဆုကို အကောင်းဆုံး တာဝန်သိသော ခရီးသွားလုပ်ငန်း တည်းခိုနေထိုင်ရာနေရာ၊ အကောင်းဆုံး တာဝန်သိသော ခရီးသွားလုပ်ငန်း၊ လူထု ပါဝင်ပတ်သက်မှုအကောင်းဆုံး ခရီးသွားလုပ်ငန်း၊ အကောင်းဆုံး တာဝန်သိသော ခရီးသွားလုပ်ငန်း စီးပွားရေး တီထွင်ဆန်းသစ်မှု၊ အကောင်းဆုံး ခရီးသွားလုပ်ငန်း အသိမြှင့်တင်ရေး စီမံချက်နှင့် ပြည်သူလူထုကို အခွင့်အာဏာ ပေးအပ်နိုင်သော အကောင်ဆုံး တာဝန်သိသော ခရီးသွားလုပ်ငန်း ထုတ်ကုန် စသည့် ကဏ္ဍခြောက်ခုအတွက် ချီးမြှင့်ခြင်း ဖြစ်သည်။
သမ္မာန် ခရီးသွားလုပ်ငန်းသည် ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး တာဝန်သိသော ခရီးသွားလုပ်ငန်း ဆယ်သွယ်ရေး ကဏ္ဍကိုရရှိခဲ့ပြီး ထိုသို့ ဆုရရှိခြင်းသည် မြန်မာ့ခရီးသွားလုပ်ငန်း ရေရှည်တိုးတက်မှု အတွက် လုပ်ဆောင်ရန် တွန်းအားများနှင့် စွမ်းအင်များပေးသည်ဟု ထိုလုပ်ငန်းမှ ညှိနှိုင်းရေးမှူး ကိုသန့်စင်က သတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။
“၂၀၁၇ ခုနှစ်အတွက် MRTA ဆုရသူတွေဟာ သူတို့ရဲ့ အောင်မြင်မှုအတွက် အထူးဂုဏ်ယူသင့်တယ်။ တာဝန်သိသော ခရီးသွားလုပ်ငန်း လှုပ်ရှားမှုမှာ ခေါင်းဆောင်တွေအဖြစ် သူတို့ကို အသိအမှတ်ပြုလိုက်ပြီ။ နှစ်တိုင်းနှစ်တိုင်းလည်း ဒီလိုခေါင်းဆောင်တွေ ပေါ်ပေါက်လာဦးမယ်” ဟု MRTI ၏ ဥက္ကဋ္ဌ ဦးညွန့်ဝင်းနိုင်က ဇူလိုင် ၂၀ ရက်နေ့က ရန်ကုန်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။
ပြိုင်ပွဲအတွက် လျှောက်လွှာများကို သြဂုတ်လ ၁၀ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ရောင်းချ သွားမည် ဖြစ်သည်။ လျှောက်လွှာပိတ်ပြီးနောက်တွင် ပဏာမ ရွေးချယ်မှုကာလ စတင်မည်ဖြစ်ပြီး နောက်ဆုံး အခမ်းအနားကို ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ခွင့် ပုံစံများနှင့် အခြားအသေးစိတ်များကို www.myanmarresponsibletourismawards.org ရရှိနိုင်ကြောင်း သိရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ လွင်မာထွန်း၏ MRTI Organizes Second Round of Myanmar Responsible Tourism Awards ကို ဆီလျော်အောင် ဘာသာပြန်သည်။)