ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့်သူများ အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များ၊ ကုန်ကျစရိတ်များအား ခန့်မှန်းတွက်ချက် နိုင် ရန် အစီရင်ခံစာ တစောင် ထွက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်း က ပြောသည်။
ဇူလိုင်လ ၂၆ ရက်က ရန်ကုန်မြို့ သစ္စာလမ်းရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ DICA ရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောခြင်း ဖြစ်သည်။
ယင်း အစီရင်ခံစာကို Cost of Doing Business in Myanmar (Survey Report 2018) ဟု ခေါ်ဆိုကြောင်း သိရ သည်။
ဦးကျော်ဝင်းထွန်းက “ရင်းနှီးမြှုပ်နှံသူတွေ မြန်မာပြည်ကို လာရင် အဓိက အခက်အခဲက ဌာနတွေရဲ့ လုပ်ထုံးလုပ်နည်း ကို ပွင့်ပွင့်လင်းလင်း မသိရင် ရင်းနှီးမြှုပ်နှံဖို့ ကြိုတင် ခန့်မှန်းဖို့ မလွယ်ဘူး။ ဒါကြောင့် လုပ်ထုံးလုပ်နည်းနဲ့ ကုန်ကျ စရိတ်၊ မြေဈေးတွေကို စစ်တမ်း (Survey)တွေ ပြုလုပ်ပြီး သုတေသန တွေ့ရှိချက်တွေကို အစီရင်ခံစာ စာအုပ် ထုတ် ဝေ ခဲ့တာဖြစ်တယ်။ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေကတော့ သိပြီးသားပေါ့။ နိုင်ငံခြားသားကို ရည်ရွယ်တဲ့အတွက် ထုတ် တာ ဖြစ်တယ်” ဟု ပြောဆိုသည်။
အဆိုပါ အစီရင်ခံစာမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ပိုမိုဖိတ်ခေါ်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များ နှင့် ပတ်သက်သည့် ကုန်ကျစရိတ်များ ခန့်မှန်းတွက်ချက်နိုင်ရေးကို အထောက်အကူ ပြုစေနိုင်ရေး အတွက် ဖြစ် ကြောင်း DICA က သိရသည်။
Cost of Doing Business အစီရင်ခံစာမှာ မြန်မာနိုင်ငံရှိ နေပြည်တော် ကောင်စီ အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၅ ခု ၏ မြေဈေးနှုန်းများ၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်သော လုပ်ငန်းများ၊ ကုမ္ပဏီများ၊ အခြားစီးပွားရေး လုပ်ငန်းများ အကြောင်း ပါဝင်သောကြောင့် အတိုင်းအတာ တခုထိ ထောက်ပံ့ပေးနိုင်မည်ဟု ဦးကျော်ဝင်းထွန်း က ပြောသည်။
အစီရင်ခံစာ၌ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် စီးပွားရေး လုပ်ကိုင်မည် ဆိုပါက မြေငှားရမ်းခများ၊ မန်နေဂျာ ရာထူးမှ စ၍ အဆင့်လိုက် လုပ်ခ လစာများ၊ အွန်လိုင်းက တဆင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်း ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ပတ် သက် သည့် လုပ်ထုံးလုပ်နည်းများ၊ စီးပွားရေး လုပ်ကိုင်လျှင် အဓိက ကြုံတွေ့ရမည့် အခွန်စနစ်များ၊ ထောက်ပံ့ သယ်ယူ ပို့ဆောင်ရေး အကြောင်းများ၊ ငွေကြေး ကဏ္ဍများ၊ အာမခံ အကြောင်းများ၊ သီလဝါ အထူးစီးပွားရေးဇုန်နှင့် ပတ်သက် သည့် သတင်း အချက်အလက်များ စသည့် အကြောင်းအရာများ ပါဝင်သည်။
Myanmar Survey Research မှ ဒါရိုက်တာ ဦးရဲညွန့်က “မနှစ်က စာအုပ်ထက်စာရင် ဒီနှစ်က အများကြီး ပါတယ်။ ဒီနှစ် က ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်း ပြောင်းတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပါတယ်။ ဒီဥပဒေက ပြည် တွင်း ပြည်ပ မခွဲခြားတော့ဘူး။ လုပ်ရကိုင်ရ အဆင်ပြေသွားတယ်။ တချို့အစိုးရ အဖွဲ့အစည်းတွေမှာ အနည်းငယ် ပြောင်းလဲတဲ့ အချက်လေးတွေ ပါတယ်။ အထူးသဖြင့် ကုန်ကျစရိတ်နဲ့ ပတ်သက်လို့ ထည့်ထားတာလေးတွေ ရှိတယ်” ဟု ပြောသည်။
ယခုနှစ် အစီရင်ခံစာ စာအုပ်တွင် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုရှိ အစိုးရ ဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ စက်မှုဇုန်များနှင့် စီးပွားရေးဇုန်များကို စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၂၀၁၇ ခုနှစ် မေလက Cost of Doing Business အစီရင်ခံစာကို ပထမ အကြိမ် ထုတ်ဝေခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အများ ဆုံး ဝင်ရောက်သည့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီးနှင့် သီလဝါ အထူး စီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ် နိုင်ရန် လိုအပ်သော အချက်အလက်များကို စစ်တမ်း ကောက်ယူ ဖော်ပြပေးထားသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI)၏ အထွေထွေ အတွင်းရေးမှူး ဦးအောင်ကြည်စိုးက “ပြီးခဲ့တဲ့နှစ်က ထုတ်တာက အခြားပြည်နယ်နဲ့ တိုင်းတွေ သိပ်မပါခဲ့ဘူး။ ဒီနှစ်မှာတော့ ဥပမာ ထားပါတော့ မန္တလေးမှာ သွားလုပ်ရင် မြေဌားခ ဘယ်လောက် ရှိမယ်။ စက်မှုဇုန်မှာ သွားလုပ်ရင် ဘယ်လောက်ရှိမယ်။ စီးပွားရေး ဧရိယာဆို ဘယ်လောက် ဒါမျိုးတွေကို သူက လက်ရှိပေါက်နေတဲ့ ဈေးနှုန်းကို ထည့်ထားပေးတာ ပါတယ်” ဟု ပြော သည်။
ဆက်လက်၍ ၎င်းက “စီးပွားရေး လုပ်ငန်းရှင် အနေနဲ့ မြို့တမြို့မှာ စီးပွားရေး လုပ်မယ်ဆိုရင် အဲဒီနေရာကို ဖုန်းဆက် စရာ မလိုဘဲ အကြမ်းဖျင်း သိနိုင်ပါတယ်။ အင်မတန် ကောင်းပါတယ်။ ဈေးနှုန်းသိရင် ငှားသင့် မငှားသင့် စဉ်းစားလို့ ရပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
ထို့ပြင် အဆိုပါ အစီရင်ခံစာများအား တနှစ်ထက် တနှစ် ပိုမိုပြည့်စုံလာစေရန် အတွက် DICA အနေနှင့် ထုတ်ဝေလာ ရန် မျှော်လင့်ကြောင်း ဦးအောင်ကြည်စိုးက ပြောသည်။
Cost of Doing Business in Myanmar (Survey Report 2018) အစီရင်ခံစာ စာအုပ်ကို Myanmar Survey Research (MSR)နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) တို့ ပူးပေါင်း၍ ယခုနှစ် ဧပြီလက စတင် ကောက်ယူခဲ့ခြင်း ဖြစ်သည်။