အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေ ပြဋ္ဌာန်းပြီးပါက မြေယာပြဿနာများ လျော့နည်းနိုင်
အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေ ပေါ်ပေါက်လာပါက အိမ်ခြံမြေ ဈေးကွက် အတွင်း ဖြစ်ပေါ်နေသည့် မြေယာပြဿနာ များ လျော့နည်းသွားနိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင် က ပြောသည်။
ဥက္ကဋ္ဌ ဦးတင်မောင် က “ဝန်ဆောင်မှု ဥပဒေက အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေကို ကန့်သတ်တယ်လို့ ထင် နေကြတယ်။ ဒီဥပဒေသာ ရှိလာမယ် ဆိုရင် ရောင်းမှားဝယ်မှား ဖြစ်နေတာတွေ လျော့နည်းသွားမယ်။ ဈေးကွက် ထဲမှာ မမှန်ကန်တဲ့ ပွဲစားတွေကြောင့် မကြာခဏ ရောင်းမှားဝယ်မှား ဖြစ်နေရတာတွေ ရှိတယ်။ ဥပဒေ အတည်ဖြစ်ရင် ဒါတွေ မရှိနိုင်တော့ဘူး” ဟု ပြောသည်။
အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေတွင် ပါဝင်သော စည်းကမ်းချက်များနှင့် လုပ်ဆောင်ရမည့် အချက်အလက်များသည် လက်ရှိ ဖြစ်ပေါ်နေသော ကျူးကျော်ကိစ္စရပ်များ၊ မြေယာ ပြဿနာများကိုပါ ပြေလည်သွားနိုင်သည့် အပြင် ပြည်သူများ အနေဖြင့်လည်း မြေယာကို မှန်မှန်ကန်ကန် တိတိကျကျ ပိုင်ဆိုင်လာနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုအခါ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေကြမ်း ပေါ်ထွက်လာပြီ ဖြစ်သော်လည်း ဥပဒေ အဖြစ် အတည်ပြုနိုင်ရန် လွှတ် တော် လမ်းကြောင်းမှ တဆင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများ၌ သတ်မှတ်ချက် မရှိသဖြင့် လုပ်ငန်း လုပ်ဆောင်ရာတွင် မှားယွင်းမှုများ ရှိနေခြင်း၊ အိမ်ခြံမြေနှင့် ပတ်သက်သည်များကို နားလည်မှုပိုင်းဆိုင်ရာ အားနည်းနေခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု အား နည်းမှုများ ရှိနေခြင်း၊ ပြည်ပနိုင်ငံများက မည့်သည့် လိုင်စင်မှမရှိဘဲ ပြည်တွင်း၌ ဝန်ဆောင်မှု အသင်းများ ဖွဲ့စည်းကာ လုပ်ငန်း လုပ်ဆောင်နေခြင်း အစရှိသည်တို့ကို ထိန်းညှိပေးနိုင်ရန် အတွက် ဥပဒေ တရပ် ထုတ်ပြန်ရန် လိုအပ်နေခြင်း ဖြစ်ကြောင်း အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။
အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေ ရေးဆွဲရခြင်းမှာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျ ဆောင်ရွက်သည့် အိမ်ခြံ မြေ ဝန်ဆောင်မှု ပေးသူများ ပေါ်ထွက်လာစေရန်၊ အိမ်ခြံမြေ ဈေးကွက် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူ ပြုစေရန်၊ ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှု ရယူသူ နှစ်ဦးနှစ်ဘက် ဥပဒေနှင့် အညီ အကျိုးခံစားခွင့်များ ရရှိ စေရန်၊ ဝန်ဆောင်မှု လုပ်ငန်းများတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်း၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းနှင့် ပုဂ္ဂလိကများ အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များ ဖြင့် လုပ်ဆောင်နေခြင်း ဟု သိရသည်။
အဆိုပါ ဥပဒေကို၂၀၁၆ ခုနှစ် စက်တင်ဘာက စတင် ဆောင်ရွက်ခဲ့ပြီး ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်၊ ဥပဒေကြမ်း ကော်မတီ၊ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် အိမ်ခြံမြေ အသင်း အဖွဲ့များက ရေးဆွဲခဲ့ကြခြင်း ဖြစ်ကာ လက်ရှိ၌ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်သို့ တင်ပြထားပြီး ဖြစ်သည်။
အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေအတည်ဖြစ်ပါက အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း ကြီးကြပ်ရေး ဗဟိုကော်မတီ ဖွဲ့စည်း ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ကြီးကြပ်ရေး ကော်မတီဖွဲ့စည်းခြင်းနှင့် ဝန်ဆောင်မှု ပေးသူများကို သင်တန်း များပေး၍ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်
ယင်းဥပဒေတွင် ဝန်ဆောင်မှုပေးသူသည် အရောင်းအဝယ် ကိစ္စအတွက် ဝန်ဆောင်ခကို ရောင်းချသူထံမှသာ ရယူခွင့် ရှိပြီး ဝယ်ယူသူအတွက် လုပ်ငန်းလိုအပ်ချက်အရ သီးခြား ဝန်ဆောင်မှု ဆောင်ရွက်ပေးရပါက ထိုလုပ်ငန်းအတွက် ဝယ်ယူသူထံမှ သီးခြား ဝန်ဆောင်ခ ရယူခွင့်ရှိသည်ဟု ဖော်ပြထားသည်။
ထို့ပြင် လိုင်စင်ရယူရမည့် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများ၏ အရည်အချင်း သတ်မှတ်မှုအဖြစ် အ သက် ၁၈ နှစ် ပြည့်ပြီးသူ နိုင်ငံသား ဖြစ်ရန်၊ နှစ်လ သင်တန်းကို တက်ရောက်ပြီး တနှစ်အတွင်း ယာယီ လုပ်ငန်း လိုင် စင်လျှောက်ထားရန်၊ ယာယီလုပ်ငန်းလိုင်စင် သက်တမ်းကို သုံးနှစ် သတ်မှတ်ထားပြီး လိုင်စင်ထုတ်ပေးခြင်း အတွက် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းကြီးကြပ်ရေး ဗဟိုကော်မတီက ထုတ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဥပဒေကြမ်း၌ ပါရှိသည်။
ဦးတင်မောင် က “အကျိုးဆောင်တွေ အနေနဲ့ လိုင်စင်ရှိပြီးမှ အကျိုးဆောင်လုပ်ငန်း လုပ်ငန်းလုပ်ရမယ် ဆိုတာက ချုပ်ခြယ်တာ မဟုတ်ဘူး။ နှိပ်ကွပ်တာ မဟုတ်ဘူး။ ဒါကြောင့် ဝန်ဆောင်မှု ဥပဒေ ပေါ်ပေါက်လာဖို့က နိုင်ငံနဲ့ ပြည်သူ လူထု အတွက် အရေးကြီးပါတယ်” ဟု ပြောဆိုသည်
လိုင်စင် ရယူလိုသူများ အနေဖြင့် လိုင်စင်ကြေးကို သတ်မှတ် ကောက်ခံသွားမည် ဖြစ်ပြီး လိုင်စင်ကြေး ပေးသွင်းနိုင် ခြင်း မရှိသူများကို သက်ဆိုင်ရာ မှတ်ပုံတင်ထားသော အိမ်ခြံမြေဝန်ဆောင်မှု အသင်းများက ထုတ်ပေးသော Sub-Agent ရယူကာ လုပ်ငန်း လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေအတည်ဖြစ်ပါက ဝန်ဆောင်မှု ပေးသူများ အနေဖြင့် ယာယီလိုင်စင် (သို့) လိုင်စင်မရှိဘဲ အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်း လုပ်ဆောင်ပါက ထောင်ဒဏ် ၆ လ၊ ဒဏ်ငွေ သိန်း ၃၀ ကျပ် ပေးဆောင်ရမည် ဥပဒေ၌ ပါရှိသည်။
ယခုအခါ မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အသင်းသို့ မန္တလေးတိုင်း အတွင်းမှ အိမ်ခြံမြေ ဝန်ဆောင် မှု လုပ်ငန်း လုပ်ကိုင်နေသူ အသင်းသား ၉၀၀ ကျော်၊ ပြည်ပတွင် လုပ်ကိုင်နေသူ ၁၂၀၀ ကျော် အသင်းဝင်ထား ကြောင်း သိရသည်။