စီးပွားရေး

အွန်လိုင်းမှ ကုမ္ပဏီ မှတ်ပုံတင်ခြင်း မကြာမီ ပြန်သုံးနိုင်မည်

Want create site? Find Free WordPress Themes and plugins.

သြဂုတ်လ ၁ ရက်က စတင်သည့် ကုမ္ပဏီများ အွန်လိုင်းမှ မှတ်ပုံတင်စနစ် (MyCo) တွင် နည်းပညာဆိုင်ရာ အခက်အခဲ များ ရှိနေသောကြောင့် ခေတ္တ ရပ်နားထားပြီး သြဂုတ်လ ၆ ရက်မှသာ ပြန်လည် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) က သြဂုတ် ၂ ရက်၌ သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ၂၀၁၇ ခုနှစ် စတင် အသက်ဝင်သော သြဂုတ်လ ၁ ရက်က MyCo စနစ်ဖြင့် မှတ်ပုံတင်ခြင်း ကို ပထမဆုံး အကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ စတင်သည့် နေ့၌ပင် မှတ်ပုံတင်သူ အသုံးပြုသူ များပြားသဖြင့် မြန်နှုန်း များ ကျဆင်းခဲ့ကြောင်း DICA က သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး (ကုမ္ပဏီဆိုင်ရာ ကိစ္စများ) ဦးမျိုးမင်းက “ကျနော်တို့ ဝက်ဆိုက် တော်တော်လေး ဆာဗာဒေါင်း ဖြစ်သွားလို့ စနစ်ကို အတည်ပြုလို့ မရသေးဘူး။ သြဂုတ်လ ၁ ရက်က သတင်း အချက် အလက်တွေ နားလည်နိုင်တဲ့ ကုမ္ပဏီ ၃၀ လောက်ကိုပဲ ပြန်လည်မှတ်ပုံတင်ခြင်းကို အတည်ပြုပေးလိုက်နိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

MYCO စနစ်၏ နည်းပညာ အခက်အခဲများမှာ MyCO မှတ်ပုံတင် စနစ်တွင် ဝင်ရောက် အသုံးပြုသူ များပြားသဖြင့် Database သို့ ဝင်ရောက်ရန် ကြန့်ကြာနေခြင်း၊ ဖြည့်စွက်သည့် နေရာတွင် ကုမ္ပဏီဆိုင်ရာ အချက်အလက်များအား မှတ်ပုံ တင်စနစ်မှ အတည်ပြု ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက် ပေးနိုင်မှု မရှိခြင်း၊ ကုမ္ပဏီ မှတ်ပုံတင် အချက်အလက်များ တင်ပြခြင်းနှင့် အတည်ပြုခြင်း ဆောင်ရွက်ရာတွင် စနစ်ပေါ်၌ သတင်း အချက်အလက်များ ပျောက်ဆုံး မှုဖြစ်ပေါ်ခြင်း တို့ဖြစ်ခဲ့ကြသဖြင့် MyCO နည်းပညာအဖွဲ့က ယင်းအခက်အခဲများကို အချိန်မီ ပြင်ဆင် ဆောင်ရွက်နေ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သို့ရာတွင် စနစ်၏ လုပ်ဆောင်မှုများ ပိုမိုသေချာမှု ရှိစေရန်နှင့် အသုံးပြုသူများ ယုံကြည်စိတ်ချမှု ရရှိစေရန် လိုအပ်သည့် စမ်းသပ်မှုများကို လက်ရှိ ဆောင်ရွက်လျက် ရှိသဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၆ ရက်(တနင်္လာနေ့)မှ ပြန်လည် ဝင်ရောက် အသုံးပြုရန် DICA က ထုတ်ပြန်ထားသည်။

သြဂုတ်လ ၆ ရက်မှသာ ပြန်လည် မှတ်ပုံတင်ရမည် ဖြစ်သော်လည်း လုပ်ငန်းရှင်များ အနေနှင့် ကုမ္ပဏီ မှတ်ပုံတင် လုပ်ငန်း များ အရေးတကြီး ဆောင်ရွက်ရန်ရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ရုံးချုပ်နှင့် နယ်ရုံးခွဲများ၏ အများပြည်သူ ဝန်ဆောင်မှုပေးသည့် နေရာများကို သြဂုတ်လ ၂၊ ၃၊ ၄ ရက်တို့တွင် ဖွင့်လှစ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဦးမျိုးမင်းက ဆက်လက်၍ “အခု ဒီရက်ထဲမှာ အရေးတကြီးလိုလို့ ရုံးကို လာရင်တော့ သတ်မှတ်ထားတဲ့ ဝန်ဆောင်ခ မပေးရသေးဘူး။ ဒါက လုပ်ငန်းရှင်၊ ကုမ္ပဏီတွေဘက်က ပြဿနာ တက်တာ မဟုတ်ဘူး။ MYCO စနစ်က ပြဿနာ ဖြစ် တာပါ။ ကျနော်တို့ ဝန်ထမ်းတွေက ကြားထဲက ကူညီတာဖြစ်တဲ့ အတွက် ဝန်ဆောင်ခ ပေးစရာမလိုဘူး” ဟု ဆိုသည်။

ကုမ္ပဏီများ အားလုံး ပြန်လည် မှတ်ပုံတင်ခြင်းကို မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ၂၀၁၇ စတင် ကျင့်သုံးသည့် သြဂုတ်လ ၁ ရက်မှ ၆ လအတွင်း လုပ်ဆောင်နိုင်သောကြောင့် လုပ်ငန်းရှင်များ အနေနှင် အချိန်ပေး၍ ဖြည်းဖြည်းချင်း လုပ်ဆောင်နိုင် ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက “အခုပြန်လုပ်နေတဲ့ MYCO စနစ်ကြီးပြီးလို့ သြဂုတ် ၆ ရက်မှာ ပြန်ဖွင့်ရင်တော့ ကုမ္ပဏီမှတ်ပုံတင်တဲ့ သူတွေကို ရုံးကို မလာစေချင်ဘူး။ ရုံးကိုလာပြီး တော့မှ ဝန်ထမ်းကို ခိုင်းတဲ့သူမျိုး ဆိုရင် ဝန်ဆောင်ခ ကျပ် ၁ သိန်းတောင်းတယ်။ မလာစေချင်လို့ တောင်းတာ။ ရုံးမှာ ၂ ခုရှိတယ်။ စုံစမ်းတဲ့ နေရာရှိတယ်။ တချို့ကျတော့ မေးပြီး ထိုင်ဖြည့်လည်းရတယ်။ အဲဒီလိုမျိုးဆို အခကြေး မယူဘူး။ ရုံးလာလည်း အွန်လိုင်းသုံးဖို့ စီစဉ်ပေးထားတယ်” ဟု ပြောသည်။

MyCO စနစ် အသုံးပြုမှုရာတွင် အဆင်မပြေမှုများ အားလုံးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တောင်းပန်ကြောင်းကို DICA ဝက်ဆိုက်၌ ဖော်ပြထားသည်။

PIONEER AGROBIZ ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာ မျိုးအောင်ကျော်က “လူတွေ အများကြီး ဝိုင်းလုပ်နေ တော့ ဆာဗာစနစ်က နည်းနည်း နှေးနေတယ်ပြောတယ်။ သေသေချာချာလည်း နားလည်အောင် ပြည်သူတွေကို ကာတွန်းကားလေးတွေ ဘာလေးတွေနဲ့ အသိပညာ ပေးထားတယ်။ နိုင်ငံတကာမှာလည်း ဒါက တကယ့်ကို ထိရောက်တဲ့ စနစ်ပေါ့။ အရင်ကဆို တခါ မှတ်ပုံတင်ဖို့ အရေးကို ပြန်ပြန်ပြီးတော့ ရုံးသွားရတဲ့ အချိန်၊ လူတွေကြားမှာ တန်းစီရတဲ့ အချိန် ရှိတယ်။ အခုက ကိုယ့်အိမ်ကနေ ထိုင်ရာမထ လုပ်လိုက်လို့ရတယ် ဆိုတော့ ဒီစနစ်ကို ကြိုဆိုပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကုမ္ပဏီ ဥပဒေ ဟောင်းဖြင့် မှတ်ပုံတင်ထားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီ စုစုပေါင်းမှာ ၆ သောင်း ကျော် ခန့်ရှိသည်။

အဆိုပါ ကုမ္ပဏီများကို ယခု ကုမ္ပဏီ ဥပဒေသစ် ၂၀၁၇ စတင် ကျင့်သုံးသည့် အချိန်မှာ စတင်၍ ၆ လ အတွင်း MYCO စနစ်ဖြင့် ပြန်လည် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း DICA က ကြေညာထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading