ရခိုင်ပြည်နယ်တွင် တည်ဆောက်မည့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းအတွက် နိုင်ငံတကာ တင်ဒါ ခေါ်ယူခဲ့စဉ်က တရုတ် နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုကို မလိုချင်ခဲ့ကြောင်း သိရှိရသည်။
အမေရိကန် နှင့် ဥရောပ နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု တို့ကို မျှော်လင့်ခဲ့ဖူးကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖံွံ့ဖြိုး တိုး တက်မှု ဝန်ကြီးဌာန ဝန်ကြီးဟောင်း ဒေါက်တာ ကံဇော်က ပြောသည်။
ထိုစဉ်က ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်း တင်ဒါရွေးချယ်ရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည့် ဒေါက်တာ ကံဇော်က ဧရာဝတီနှင့် သီးသန့် တွေ့ဆုံမှု တခုတွင် အထက်ပါအတိုင်း ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တင်ဒါ ခေါ်တာလည်း နိုင်ငံတကာ စနစ်နဲ့ တင်ဒါခေါ်တာ။ ခေါ်တဲ့အခါမှာ တကယ်တန်း တရုတ်ကို မလာစေချင်ဘူး။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာ။ နောက် ဟောင်ကောင်တို့ ဘာတို့ လာတယ်။ သို့သော် တကယ်မျှော်လင့်တဲ့ US (အမေရိကန်) မလာဘူး။ ဥရောပ မလာဘူး။ တကယ်က သူတို့ကို မျှော်လင့်ခဲ့တာ”ဟု ၎င်းက ရှင်းပြသည်။
စက်မှုဇုန်တခုနှင့် ရေနက်ဆိပ်ကမ်းတခုတို့ ပါဝင်သည့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ခွင့်ကို တရုတ် နိုင်ငံမှ China International Trust and Investment Corporation (CITIC) က၂၀၁၅ ခုနှစ်တွင် ရရှိခဲ့ခြင်း ဖြစ် သည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ချုပ်ဆိုခဲ့သည့် ယင်းစီမံကိန်း နှင့်ပတ်သက်ပြီး တရုတ်က ၈၅ ရာခိုင်နှုန်း၊ မြန်မာက ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း၊ သို့သော် အကောင်အထည် ဖော်ရာတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျင်းပ သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ၉၅ ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့ကြောင်း ဝန်ကြီးဟောင်း ဒေါက်တာ ကံဇော်က ပြောသည်။
“အဲဒီ စီမံကိန်းကို ပြည်ထောင်စု လွှတ်တော်မှာ အသေးစိတ် တင်ပြတဲ့အခါမှာ လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် လည်း ပါတဲ့ အစည်းအဝေးပါ။ အတွင်း အစည်းအဝေးမှာလည်း ဦးရွှေမန်းကိုယ်တိုင် ဥက္ကဌအဖြစ် ထိုင်ပြီးတော့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဘေးနား မှာ ရှိနေပါတယ်။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာပေါ့။ လွှတ်တော်မှာ ၉၅ ရာခိုင်နှုန်း ရတယ် ဆိုတာလည်း NLD ကိုယ်တိုင် ထောက်ခံခဲ့ လို့ပါ”ဟု ဒေါက်တာ ကံဇော်က ပြောဆိုသည်။
၎င်းက ဆက်၍ “လွှတ်တော်မှာ မေးမြန်းခဲ့တဲ့ ရခိုင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးရော၊ နောက် ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မှာ ထောက်ခံမဲ အဲဒီအချိန်မှာ အမြင့်ဆုံးရခဲ့တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှု မရှိဘူး ဆိုတာကိုတော့ ငြင်းဆိုပါတယ်။ လိပ်ပြာလုံစွာဖြင့် တာဝန်ယူရဲပါတယ်”ဟုလည်း ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကမူ ထိုစဉ်က ရခိုင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်များသည် ကျောက်ဖြူ စီမံကိန်းကို ထောက်ခံခဲ့သည် ဆိုသည်မှာ တရုတ်နှင့် မြန်မာ ပိုင်ဆိုင်မှု အချိုးအစား ဖြစ် သည့် ၈၅-၁၅ အချိုးကို ထောက်ခံခဲ့ခြင်း မဟုတ်ကြောင်း၊ သို့သော် ယခင် အစိုးရ လက်ထက်တွင် စီမံကိန်း အကြောင်း အရာ များနှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးခွင့် ရရှိခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးဘရှိန်က “၂၀၁၅ ခုနှစ်က (ယခင် အစိုးရ လက်ထက်က ရထား ပို့ဆောင်ရေး ဒုဝန်ကြီး ဦးမြင့်သိန်း)က ကျနော်တို့ ၂ နာရီ လောက် ကြာအောင် ခေါ်ယူ ဆွေးနွေးတာမျိုးတွေ လုပ်ခဲ့တယ်။ အရင်အစိုးရ လက်ထက်ကမှ ဒီစီမံကိန်းနဲ့ ပတ်သက် ပြီး သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ ငြင်းခုံ ဆွေးနွေးခွင့် ရသေးတယ်။ ဒီအစိုးရ လက်ထက်မှာ ဘာမှ သိခွင့် မရဘူး။ သတင်း တွေ မှာ ပါသလောက်ပဲ သိရတယ်”ဟုလည်း ပြောဆိုသည်။
ကျောက်ဖြူ စီမံကိန်းကို မြန်မြန် ဖြစ်စေချင်သော်လည်း ဒေသခံများ၏ အကျိုးစီးပွား အလေးထားစေလိုကြောင်း၊ တရုတ် ကုမ္ပဏီ ဖြစ်သောကြောင့် တရုတ် အကျိုးစီးပွားကိုသာ အလေးထားနေသည်ကို တွေ့ရသလို အမေရိကန်နှင့် ဥရောပ နိုင်ငံ များကမူ ယခု စီမံကိန်းကို မလိုလားကြကြောင်း ၎င်းက ဆိုသည်။
“အခုက NLD ရဲ့ မူအရ ကျနော်တို့ ANP (ရခိုင် အမျိုးသား ပါတီ) ဆိုရင် တခုမှကို အသိပေးဖို့ ဆောင်ရွက်တာမျိုး လုံးဝ မရှိ ဘူး။ အခု ကုန်ကျစရိတ် တန်ဖိုး လျော့သွားတာလည်း တရုတ်က လျှော့လို့ လျော့သွားတာ။ ဒီဟာရဲ့ ပိုင်ရှင် အရှင် သခင် က တရုတ်ပဲ။ ငွေကြေး Volume တခုကို သူလျှော့လိုက်တော့ ကျန်တဲ့ အစိတ်အပိုင်းတွေလည်း လျော့သွားတာ ပေါ့”ဟု ဦးဘရှိန်က ပြောသည်။
ယခင် အစိုးရလက်ထက်က ချုပ်ဆိုခဲ့သည့် စာချုပ်တန်ဖိုးအရ မြန်မာဘက်က စီမံကိန်းတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းသာ ရှရှိခဲ့ သော် လည်း ယခုအခါ ၃၀ ရာခိုင်နှုန်းအထိ ရရှိရန် သဘောတူညီနိုင်ခဲ့ပြီး ဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီ မံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဖြစ်လာသူ ဒုဝန်ကြီး ဦးဆက်အောင်က ဧရာဝတီသို့ ပြောဆိုထားသည်။
သီရိလကာၤနိုင်ငံတွင် တရုတ်အကူအညီဖြင့် တည်ဆောက်ခဲ့သည့် ရေနက်ဆိပ်ကမ်းသည် ပိုင်ဆိုင်မှု ခွဲဝေမှု အချိုးအစားနှင့် တန်ဖိုး ကြီးမားလွန်းသဖြင့် အိမ်ရှင်နိုင်ငံမှ အကြွေးနွံနစ်မည်ကို မြန်မာပြည်သူများက စိုးရိမ်နေချိန်တွင် NLD အစိုးရ လက် ထက် တွင် စီမံကိန်း ကုန်ကျစရိတ် တန်ဖိုးကို အမေရိကန် ဒေါ်လာ ၇.၃ ဘီလီယံမှ ၁.၃ ဘီလီယံအထိ လျှော့ချရန် မြန်မာ အစိုးရက ဆုံးဖြတ်ခဲ့သည်။
မြန်မာ အစိုးရသည် နိုင်ငံတကာတွင် ဖြစ်ပျက်ခဲ့သည့် ပြဿနာများကို နမူနာယူ၍ နိုင်ငံတကာ ထုံးစံနှင့်အညီဖြစ်ရန် သတိ ကြီးစွာ နှင့် ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရကြောင်း၊ လက်ရှိ အခြေအနေ အရ နိုင်ငံတော် အပေါ်တွင် ဝန်ထုပ် ဝန်ပိုး မဖြစ်ရန် ညှိနှိုင်း ထားနိုင်ခဲ့ကြောင်း NLD အစိုးရ၏ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီးလည်း ဖြစ်သည့် ဦးဆက်အောင်က ပြောဆိုခဲ့သည်။
“စုစုပေါင်း တန်ဖိုးကတော့ ဦးဆက်အောင်တို့ပြောတဲ့ တန်ဖိုးဖြစ်လိမ့်မယ်။ ဒါပေမယ့် အဲဒါက ၃ ပိုင်း ရှိတယ်။ တပိုင်းက စက်မှုဇုန်၊ ရေနက်ဆိပ်ကမ်းနဲ့ အိမ်ရာ စီမံကိန်းပေါ့။ အဲဒီ ၃ ခုစလုံး ပေါင်းလိုက်ရင်တော့ ရေနက်ဆိပ်ကမ်းကတော့ အများ ဆုံး ဖြစ်မှာပေါ့။ ကျနော်တို့ တုန်းက စဉ်းစားတာက ရေနက်ဆိပ်ကမ်းကို ချက်ချင်း မလုပ်သေးဘူးပေါ့”ဟု ဝန်ကြီးဟောင်း ဒေါက်တာ ကံဇော်က ပြောဆိုသည်။