လက်ရှိ အမေရိကန် ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းထားများ ဆက်တိုက် မြင့်တက်နေခြင်း အပေါ် ငွေလဲနှုန်း တည်ငြိမ် စေရန် အတွက် ဗဟိုဘဏ်မှ လုပ်ဆောင်လျက် ရှိကြောင်း သတင်းရရှိသည်။
မြန်မာ နိုင်ငံတော် ဗဟိုဘဏ် (Reference Exchange ဌာန) ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက “ဗဟိုဘဏ် အနေ နဲ့ ငွေကြေး တည်ငြိမ်ဖို့ အတွက် စီစဉ် ဆောင်ရွက် နေတာတွေ ရှိတယ်။ ဇူလိုင်လ ၂၇ ရက်က စပြီး နိုင်ငံခြားငွေ ဈေး ပြိုင်တင် ဒါမှာ ဘဏ်တွေကို နိုင်ငံခြားငွေ ရောင်းချ ပေးနေပါတယ်။ ဘဏ်တွေကနေ တဆင့် ဈေးကွက်ကို ပြန်လည် ရောင်းချပြီး တော့ ဈေးကွက်ရဲ့ ငွေကြေး လည်ပတ်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။ ငွေလဲနှုန်း တက်ခြင်း၊ ကျခြင်း ထက်စာရင် တည်ငြိမ်တဲ့နှုန်း ဖြစ်ဖို့ အရေးကြီးပါတယ်”ဟု ပြောသည်။
သြဂုတ်လ ၈ ရက်နေ့ ဗဟိုဘဏ်က ထုတ်ပြန်သည့် အမေရိကန် ဒေါ်လာ ပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် ၁၄၃၈ ကျပ် ရှိပြီး ငွေကြေးဈေးကွက်တွင် ၁ ဒေါ်လာ ၁၄၇၀ ကျပ် ဝန်းကျင် ရှိကြောင်း ဈေးကွက် အတွင်း က စုံစမ်းသိရသည်။
ဒေါ်မေတိုးဝင်း က“အခု ငွေလဲလှယ်နှုန်း တက်တာနဲ့ ပတ်သက်ပြီး ဘဏ်တွေနဲ့ နိုင်ငံခြားငွေလဲ ကောင်တာတွေကို မကြာခဏ ခေါ်ယူနေတာမျိုး မရှိပေမယ့်လည်း နေ့စဉ် ဖုန်းနဲ့မေးမြန်း ပြောဆိုမှုတွေ ရှိတယ်။ သူတို့ ပေးပို့တဲ့ သတင်း အချက် အလက်ပေါ်မှာ မူတည်ပြီး အမြဲ စောင့်ကြည့်နေပါတယ်”ဆိုသည်။
ကမ္ဘာ့ ငွေကြေး ဈေးကွက်၌လည်း အမေရိကန် ဒေါ်လာမှာ အားကောင်းနေပြီး အခြား နိုင်ငံသုံး ငွေတန်ဖိုးများ ကျဆင်း နေကြောင်းလည်း ၎င်းက ပြောသည်။
ဒေါ်မေတိုးဝင်းက “ဒီလို ကျဆင်းတာကို ကုစားဖို့ အတွက် နိုင်ငံရဲ့ နိုင်ငံခြား အရန်ငွေ ပမာဏ အလုံလောက် ရှိရပါ မယ်။ တိုင်းပြည်ရဲ့ ပို့ကုန်က သွင်းကုန်ထက် များနေရပါမယ်။ ပို့ကုန်ရငွေက တိုင်းပြည်ရဲ့ နိုင်ငံခြားငွေရဖို့ အရေးကြီး တယ်။ ပို့ကုန် တင်ပို့သူက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ ပို့ကုန်ရငွေကို ၆ လ အတွင်း နိုင်ငံကို အပြည့်အဝ သွင်းရမှာပါ။ ဒီဝင်ငွေက ဘဏ်တွေကနေ တဆင့် နိုင်ငံတွင်းကို ပြန်ဝင်လာရင် နိုင်ငံခြားငွေက တည်ငြိမ်မှုရှိပြီး အထောက်အပံ့ ဖြစ်စေမှာပါ။ အခု သွင်းကုန်က ပိုများနေပါတယ်”ဟု ရှင်းပြသည်။
ဗဟိုဘဏ်အနေဖြင့် ပို့ကုန်လုပ်ငန်းရှင်များ၊ ဘဏ်များနှင့် ခေါ်ယူတွေ့ဆုံ၍ ပို့ကုန်ဝင်ငွေ အပြည့်အဝ ရရှိစေရန် ဆောင်ရွက်နေသည့် အပြင် အခြေအနေကောင်းများ ရရှိရန် ကာလလတ်နှင့် ကာလရှည် ရည်မှန်းချက်များ ထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းမှုများလည်း ရှိနေကြောင်း သိရသည်။
ဒေါ်လာဈေးမှာ ဇွန်လ ၁ ရက်၌ ၁ ဒေါ်လာလျှင် ၁၃၄၄ ကျပ်ခန့် ရှိခဲ့ရာမှ ဇွန်လ၂၉ ရက်တွင် ၁ ဒေါ်လာ လျှင် ၁၄၀၃ ကျပ် အထိ မြင့်တက်ခဲ့ပြီး ဆက်တိုက် တက်လာကာ သုံးလအတွင်း၌ ၁၄၆၀ ကျော်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၌ ဒေါ်လာဈေးသည် ပြီးခဲ့သည့် ၆ နှစ်၊ ၇ နှစ်ခန့် ၁ ဒေါ်လာလျှင် ၁၄၅၀ ကျပ် အထိ ဈေးနှုန်း အမြင့်ဆုံး ဖြစ် ပေါ်ခဲ့ကာ ယခုတက်နေသည့် ဈေးနှုန်းမှာ ယခင် အမြင့်ဆုံးတက်ခဲ့သည့် စံချိန်ထက် ပိုတက်ခဲ့ကြောင်း ဈေးကွက် အတွင်း က သိရသည်။
ထိုကဲ့သို့ ငွေလဲလှယ်နှုန်း မတည်ငြိမ်မှုနှင့် ပတ်သက်ပြီး ဗဟိုဘဏ် ၏ ဆောင်ရွက်ချက်များကို အသေအချာ မတွေ့ရှိရ သေးကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်က ပြောဆိုသည်။
ဒေါက်တာ ဦးမြင့်က “ကျပ်ငွေ လဲလှယ်နှုန်း ကိစ္စနဲ့ ပတ်သက်လို့ အခုထိ ဗဟိုဘဏ်က ဘာမှ မယ်မယ်ရရ လုပ်ထား တာ မတွေ့သေးပါဘူး”ဟု ဆိုသည်။
ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) ၌ သြဂုတ်လ ၄ ရက်က ပြုလုပ်သည့် “ကျပ်ငွေ လဲလှယ်နှုန်း ဘာတွေဖြစ်နေသလဲ” ခေါင်း စဉ်ဖြင့် ဟောပြောပွဲ၌ ဒေါက်တာ ဦးမြင့် က ပြောဆို ခြင်း ဖြစ်သည်။
အဆိုပါ ကျပ်ငွေ လဲလှယ်နှုန်း ကိစ္စရပ်များကို အဓိက ကိုင်တွယ် လုပ်ဆောင်ရမည့် အဖွဲ့အစည်းမှာ ဗဟိုဘဏ် ဖြစ်ကြောင်းလည်း ဦးမြင့်က ပြောသည်။
ဒေါက်တာ ဦးမြင့်သည် တက္ကသိုလ်များ၌ ကထိက၊ ဌာနမှူးအဖြစ် လည်းကောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေး ဌာနခွဲတွင် ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ် ကာ သမ္မတ ဦးသိန်းစိန် လက်ထက်၌လည်း စီးပွားရေး အကြံပေးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
လက်ရှိတွင် ဈေးကစားမှုများကြာင့် မလိုအပ်ဘဲ ဒေါ်လာဝယ်ယူသူများကြောင့်လည်း ဈေးများတက်လာပြီး ယင်းတို့ကို ထိန်းကျောင်းရန် လိုအပ်နေကြောင်း KBZ ဘဏ် အကြံပေး ပုဂ္ဂိုလ် ဦးသန်းလွင်ကလည်း ပြောသည်။
“ဒါကြောင့် အန်ကယ် အမြဲပြောတယ်။ ဘဏ်တွေများများဖွင့်။ ဒီထဲ ငွေတွေဝင်လာရင် ထိန်းကျောင်းရတာ လွယ် တယ်။ အခုက ဘဏ်ပြင်ပ ရောက်နေတဲ့ ငွေတွေက ဘာခေါ်လဲဆိုတော့ ထိန်းကျောင်းရခက်တဲ့ ငွေကြေးပေါ့။ ဒေါ်လာ ဈေး ကစားနေတာ ဒီငွေကြေးက ကစားနေတာ” ဟု ၎င်းက ရှင်းပြသည်။
ဗဟိုဘဏ်အနေဖြင့် ဒေါ်လာဈေးတက်ခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်တွင်း၌ အမေရိကန် ဒေါ်လာနှင့် တိုက်ရိုက် ပေးချေ သုံးစွဲမှုများ မပြုလုပ်ရေးကို တိုက်တွန်း နှိုးဆော်သွားရန် စီစဉ်နေကြောင်း သိရသည်။
ဒေါ်မေတိုးဝင်းက “ပြည်တွင်းမှာ နိုင်ငံခြားငွေ အစား ကျပ်ငွေကိုပဲ သုံးစွဲဖို့၊ ပေးချေ ဆောင်ရွက်ဖို့ အတွက် ၂၀၁၅ ခုနှစ် ကတည်းက စာတွေ ထုတ်ပြန်ပြီး နှိုးဆော်ခဲ့တာတွေ ရှိပါတယ်။ အခုလည်း အဲဒီကိစ္စကို တိုးမြှင့်ဆောင်ရွက် သွားဖို့ ရှိပါ တယ်။ တတ်နိုင်တဲ့ ဘက်ကနေ လုပ်ဆောင်သွားဖို့ ရှိပါတယ်”ဟု ပြောဆိုသည်။