ပြည်တွင်း ပြည်ပ ခရီးသွားများ အတွက် ရထားနှင့် ရေလမ်းကြောင်းများဖြင့် သွားလာ လည်ပတ်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (ဟိုတယ်/ခရီး) က ပြောသည်။
သြဂုတ်လ ၇ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) တွင် ပြုလုပ်သော ပြည်တွင်း ဘုရားဖူး နှင့် ခရီးသွား ဝန်ဆောင်မှု အသင်း၏ အသင်းသား စုံညီ နှစ်ပတ် လည် အစည်းအဝေးတွင် ပြောကြားခြင်း ဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က “ဒါက အခုမှ ကျနော်တို့ စဉ်စားပြီး ဖော် ထုတ်လာတဲ့ ခရီးစဉ် ဖြစ်တဲ့အတွက် သက်ဆိုင်တဲ့ ဌာနတွေနဲ့ ပေါင်းစပ်ပြီးရင် ခရီးသွားနဲ့ပဲ ဖြစ်ဖြစ်၊ တခြား လုပ်ငန်း စဉ် တွေမှာပဲ ဖြစ်ဖြစ် ပိုကောင်းအောင် ဌာနချင်း ဘယ်လို ပေါင်းစပ်ကြမလဲ။ တနည်းအားဖြင့် စီးပွားရေး လုပ်ငန်းတခုလည်း ဖြစ်တဲ့အတွက် ဒီလုပ်ငန်းကို တခြား ပူးပေါင်း ပါဝင်လိုတဲ့ သူတွေ ဝန်ကြီးဌာနရဲ့ အစီအစဉ်တွေမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ လုပ်ငန်းရှင်တွေ ရှိလာဖို့ အတွက် စတင်မယ့် ခြေလှမ်းတခုပါပဲ” ဟု ပြောသည်။
ထိုသို့လုပ်ဆောင်ခြင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက် တခုလည်းဖြစ်ပြီး အနာဂတ် တွင် ပိုမိုကောင်းမွန်သော သယ်ယူ ပို့ဆောင်ရေး ဖြစ်သည့် ရထား၊ သင်္ဘောများနှင့် ဘုရားဖူးများကို သယ်ယူ ပို့ဆောင် ပေး ရေး လုပ်ငန်းစဉ်များကို ကြိုတင် ပြင်ဆင်ရန် လိုအပ်နေကြောင်းလည်း ဦးတင့်သွင် က ဆိုသည်။
ဆက်လက်၍ ၎င်းက “လာမယ့် အောက်တိုဘာ ၁ ရက်က စပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား ခရီးသွားတွေကို ဗီဇာ ကင်း လွတ် ခွင့် ပေးမယ်။ အခုလည်း နယ်စပ် ဂိတ်ပေါက်တွေက ဝင်တဲ့ဦးရေက အရင် ဆယ်ဂဏန်းကနေ ရာဂဏန်းထိ ဖြစ် နေပြီ။ ဒီလို လူတွေကို ပြည်တွင်းမှာ လည်ပတ်ဖို့ ပြည်တွင်း ဘုရားဖူးခရီးစဉ်တွေနဲ့ ဘယ်လို ပေါင်းစပ်နိုင်မလဲ ဆိုတာ ကို ကျနော်တို့က မဟာဗျူဟာ ကျကျ စီစဉ်ထားသင့်တယ်”ဟု ပြောဆိုသည်။
လက်ရှိတွင် ပြည်တွင်း ဘုရားဖူး လုပ်ငန်းများ၌ မော်တော်ယာဉ်ဖြင့်သာ သယ်ယူပို့ဆောင်မှုကို အများဆုံး လုပ်ဆောင် ပေး လျက် ရှိပြီး နောက်ပိုင်းတွင် ခေတ်နှင့် အညီ ခရီးသွားများကို အုပ်စုအဖွဲ့ သော်လည်းကောင်း ရထား၊ သင်္ဘောများ နှင့် ပို့ဆောင် ခြင်းများကို ကြိုတင်ပြင်ဆင် လုပ်ဆောင်သင့်နေပြီ ဖြစ်သောကြောင့် ပူးပေါင်း လုပ်ဆောင်ပေးရန် စီစဉ် ခြင်း ဖြစ်ကြောင်း ဦးတင့်သွင်က ရှင်းပြသည်။
အဆိုပါ လုပ်ငန်းများအတွက် အစိုးရဌာနချင်း ပေါင်းစပ် လုပ်ကိုင်မည် ဖြစ်ပြီး ပြည်တွင်း ဘုရားဖူးလုပ်ငန်းမှာ စီးပွား ရေး လုပ်ငန်းတခု ဖြစ်သောကြောင့် ပူးပေါင်း ပါဝင်လိုသူ အခြားပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်လာစေရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း ဟိုတယ်/ခရီးမှ သိရသည်။
ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှု အသင်း၏ အလုပ်အမှုဆောင် ဦးရာဇာက “အခုက ကားနဲ့ ပြေးဆွဲပေး နေ တာ။ ရထားတို့ သင်္ဘောတို့နဲ့တော့ ပြေးဖို့ စီစဉ်ထားတာ လောလောဆယ် မရှိသေးဘူး။ ညွှန်ချုပ် ပြောသလို Plan ချဖို့ကတော့ လိုပါသေးတယ်။ သင်္ဘောနဲ့ သွားမယ်ဆိုလည်း နိုင်ငံခြားသားတွေပေါ့လေ။ မြစ်ကြောင်း တလျှောက် သွား မယ် လေ့လာတာ လောက်ပဲ ရှိတယ်။ ပြည်တွင်းဧည့်သည်တွေ အနေနဲ့ အဲဒီလောက်ထိ အချိန်ပေးမယ့် အနေအထား သိပ်မရှိသေးဘူး။ ငွေကြေး ကုန်ကျမှုကလည်း များမယ်လေ”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ဒီဘက်ခေတ်မှာ ခရီးသွားတွေက အချိန်သိပ် မပေးနိုင်ဘူး။ ခါတိုင်း ခရီးစဉ် ၇ ရက်လောက် သွား မယ့် နေရာက ၅ ရက်လောက်နဲ့ သွားနိုင်အောင် ပြင်ဆင်ရတဲ့ ခရီးစဉ်မျိုးတွေ ဖြစ်လာတယ်။ အဲဒီတော့ ပိုပြီး ကောင်း အောင်လုပ်တာ ကောင်းပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ သင်္ဘောတို့ ဘာတို့နဲ့က သိပ်ပြီးတော့ အဆင် မပြေသေးဘူး။ ရထားဆိုလည်း နောင်ချိုကနေ ဂုတ်ထိပ်တံတား စီးတဲ့ ခရီးတိုလေးမျိုးတွေ အဆင်ပြေနိုင်သေးတယ်။ ရက်ရှည်က အဆင် မပြေနိုင်သေးဘူး”ဟုလည်း ရှင်းပြသည်။
လက်ရှိ ပြည်တွင်း ဘုရားဖူးများကို သယ်ယူ ပို့ဆောင်နေသော အခြေအနေမှာ တနှစ်နှင့် တနှစ် မြင့်တက်လျက် ရှိနေ သော် လည်း ပြည်တွင်း ဘုရားဖူးခရီးသွားများမှာ လမ်းခရီး ရက်ကြာမည်ကို မလိုလားခြင်းတို့ကြောင့် ရက်တိုခရီးနှင့် မြန်မြန် ရောက်နိုင်မည့် မော်တော်ယာဉ်ဖြင့် ပို့ဆောင်မှုကိုသာ လုပ်ဆောင်နေကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင် မှု အသင်းဝင် လုပ်ငန်းရှင်များက ဆိုသည်။
၂၀၁၈ ခုနှစ် အတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည်မှာ ၁ ဒသမ ၂ သန်းကျော် အထိ ဝင်ရောက်ထားပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ခရီးသည် ဦးရေ ၃ ဒသမ ၄၄ သန်း လာရောက် လည်ပတ်ခဲ့ ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။
ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှု အသင်း ရုံးအဖွဲ့မှူး က “ပြည်တွင်း ခရီးသွားလာမှု အနေနှင့် ၂၀၁၈ ဇန်နဝါရီလကနေ အခုထိ ခရီးသွား အာမခံထားသူ ဦးရေ ၂ သောင်းကျော် ရှိပါတယ်။ ရုံးကိုစာရင်း မပေးဘဲ သွားတဲ့သူ ဦးရေကတော့ ၁၀ ဆ လောက် ရှိနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ခရီးသွား ဝန်ဆောင်မှုပေးရာတွင် ခေတ်နှင့် လျော်ညီသည့် နည်း စနစ် များကို အသုံးပြုနိုင်ရန် အတွက် မိမိတို့ နိုင်ငံအနေဖြင့် ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်လာပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သော အမျိုးသား ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အစည်းအဝေး တွင် ပြောကြား ထားသည်။