မြန်မာ့ ရွှေဈေးနှုန်း ယခုနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေသဖြင့် ဝယ်လိုအား ကျဆင်းသွားကြောင်း ဈေးကွက် အတွင်း က သိရှိရသည်။
ကမ္ဘာ့ရွှေဈေး ကျနေသော်လည်း ပြည်တွင်း ဒေါ်လာဈေး မြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေး ဈေးမြင့်တက်နေခြင်း ဖြစ် ကြောင်း ရန်ကုန်မြို့ရှိ တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဧရာဝတီကို ပြောသည်။
ဦးဇော်အောင်က “ဘာကြောင့်မြင့်တာလဲ ဆိုတော့ ပြည်တွင်း ဒေါ်လာ ဈေးကြောင့်ပါပဲ။ ဒေါ်လာဈေးက အခုမှ အများကြီး တက်သွားတာ။ ကမ္ဘာ့ရွှေဈေးကတော့ အခုက ၁ အောင်စကို ၁၂၂၀ ကျော် နီးပါးကနေ အခု ဒေါ်လာ ၁၂၁၀ ကျော်အထိ ကျလာပါတယ်။ အခု အကယ်ဒမီ အခေါက်ရွှေ ဒီနေ့ ပေါက်ဈေး ၁ ကျပ်သား ၉ သိန်း ၅ သောင်းကျပ် ဆိုတာက ဒီနှစ်မှာ အမြင့်ဆုံး ဖြစ်တယ်” ဟု ပြောဆိုသည်။
မြန်မာ့ ရွှေဈေးမှာ အကယ်ဒမီ အခေါက်ရွှေ ၁၆ ပဲရည် ၁ ကျပ်သားလျှင် ကျပ်ငွေ ၉ သိန်း ၅ သောင်းဝန်းကျင်နှင့် ၁၅ ပဲရည် ရွှေ ၁ ကျပ်သားလျှင် ကျပ် ၈သိန်း ၉ သောင်းကျော် ဝန်းကျင်တွင် ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက်အတွင်းက စုံစမ်း သိရသည်။
လတ်တလော ရွှေဝယ်ယူသူများမှာ အထည်ပစ္စည်းများကို ဝယ်ယူကြပြီး ယခင်ကဲ့သို့ ငွေစုရန် ရွှေထည်ကြီးကြီး ဝယ်ယူ သည့် သူများ ရှားသွားကြောင်း ရွှေဆိုင်ပိုင်ရှင်များ က ဆိုသည်။
ရန်ကုန်မြို့က ကောင်းစံ ရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်ကလည်း “အဓိကတော့ ရွှေဈေးက အမေရိကန် ဒေါ်လာ စံချိန် တင် မြင့်တက်မှုကြောင့် ဖြစ်တယ်။ နောက်မို့ဆိုရင်ကမ္ဘာ့ရွှေ ဈေးက အခု ဒေါ်လာ ၁၂၀၀ ဝန်းကျင်မှာဆိုရင် မြန်မာ့ ရွှေဈေး က ကျပ် ၉သိန်း ဝန်းကျင် လောက်ပဲ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် မြန်မာ့ ရွှေဈေးက ကျရင်တောင် ကျပ် ၉သိန်း ၃ သောင်း ဝန်းကျင် လောက်ထိပဲ အကျဆုံး ဖြစ်တယ်။ ထပ်မကျနိုင်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဈေးမြင့်တက်မှုများကြောင့် ပြည်တွင်း ရွှေဈေးကွက်တွင် အရောင်းအဝယ် ၅၀ ရာခိုင်နှုန်းခန့် ဝယ်လိုအား ကျဆင်း သွားပြီး တချို့သော ရွှေဆိုင်အသစ်များမှာ ဈေးကွက်၏ ရိုက်ခတ်မှုဒဏ် မခံနိုင်ဘဲ ပိတ်သိမ်း သွားသည်များလည်း ရှိနေ ကြောင်း ၎င်းက ပြောဆိုသည်။
ဦးဇော်အောင်က “ဈေးတွေ တအားတက်လာတော့ အရောင်းအဝယ်တော့ နည်းနည်းလေး ပါးသွားတာပေါ့။ ရွှေဆိုင်တွေ ကတော့ အများကြီး ရှိပါတယ်။ အသင့်တင့် ရောင်းကောင်းတဲ့ ဆိုင်တွေလည်းရှိသလို သိပ်ရောင်းမကောင်းဘဲနဲ့ တော် တော်လေးကို ရုန်းကန်နေရတဲ့ ဆိုင်တွေလည်း ရှိတယ်”ဟုလည်း ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “လုပ်ငန်း ရပ်ဆိုင်းတာတွေလည်း တွေ့ရတာပေါ့လေ။ အဓိကတော့ အသစ်ဖွင့်တဲ့ ဆိုင်တွေပေါ့။ မိတ် ဆွေတို့ ဖောက်သည်တို့လည်း မရှိသေးဘူး၊ အသစ်ဖွင့်တဲ့ အချိန်မှာ ငွေလုံး၊ ငွေရင်း တည်ပြီးတော့ ကြော်ငြာတွေ ဘာ တွေ လုပ်တယ်။ ကြော်ငြာစရိတ် ကုန်တာပဲ အဖတ်တင်တယ်။ သိပ်မအောင်မြင်တော့ တချို့တွေလည်း ပြန်ပိတ်သွား တယ်”ဟု ပြောသည်။
လက်ရှိ အခြေအနေအရ ရွှေဆိုင်အသစ်များ ဖွင့်လှစ်မည်ဆိုလျှင် အောင်မြင်ရန် မလွယ်ကူသည့် အနေအထားတခုတွင် ရှိနေ ကြောင်း ရွှေဆိုင် ပိုင်ရှင်များထံက သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်း ရွှေဈေးနှုန်းမှာ အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၉ သိန်း ၇ သောင်း ဝန်းကျင်ထိ ရောက်ရှိခဲ့ဖူးသည်။
ဦးဇော်အောင်က “ပြီးခဲ့တဲ့ နှစ်ကဈေးမြင့်တာ ခဏဖြစ်ဖူးတယ်။ ခဏလေး မြင့်တက်သွားတာ။ အဲဒီတုန်းကတော့ ကမ္ဘာ့ရွှေ ဈေးမြင့်လို့ မြင့်တက်သွားတာ”ဟု ၎င်းက ရွှေဈေး မြင့်တက်သည့် ဖြစ်စဉ်ကို ပြောသည်။
ပြည်တွင်း ရွှေဈေးနှုန်းမှာ ပုံမှန်ဆိုလျှင် ကမ္ဘာ့ရွှေဈေး မြင့်ပါက လိုက်လံ မြင့်တက်လေ့ရှိပြီး ယခုအခါ ကမ္ဘာ့ရွှေဈေးနှုန်း ကျ ဆင်း သော်လည်း ကျပ်ငွေလဲလှယ်နှုန်းမြင့်နေသဖြင့် ဈေးနှုန်း မြင့်နေခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များက ပြောဆို သည်။
သြဂုတ်လ ၁၀ ရက်၌ ဖြစ်ပေါ်လျက်ရှိသော အမေရိန်ကန် ဒေါ်လာ ပေါက်ဈေးမှာ ဗဟိုဘဏ်တွင် ၁ ဒေါ်လာလျှင် ၁၄၄၂ ကျပ် ဖြစ်ပြီး ပြင်ပဈေးကွက်တွင်မူ ၁၄၆၀ ကျပ်ဝန်းကျင် ဖြစ်ပေါ်လျက် ရှိသည်။
ဒေါ်လာဈေး တည်ငြိမ်မှု ရှိလျှင် ဖြစ်စေ၊ ဈေးကျသွားလျှင် ဖြစ်စေ ရွှေဈေးကွက် အရောင်းအဝယ် ပြန်လည် ကောင်းမွန်နိုင် ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုကြသည်။
ဘဏ်လုပ်ငန်း ကျွမ်းကျင်သူနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဗဟို စီးပွားရေး ကော်မတီဝင်လည်း ဖြစ်သူ ဦးရဲမင်းဦး က “ကမ္ဘာ့ရွှေဈေး ကျနေတော့ မြန်မာ့ရွှေဈေးကလည်း ကျသင့်တာပေါ့။ တက်နေတယ် ဆိုတော့ ဒါကို ရွှေရောင်း တဲ့သူတွေ ရွှေကို ဘယ်လို သွင်းနေကြလည်း ဘယ်လိုလုပ်နေကြလည်း ကြည့်ရမှာပေါ့။ ရွှေကလည်း ပြည်တွင်း မှာလည်း အထိုက်အလျောက် ထွက်တဲ့အခါ မြန်မာပြည်ကနေ အိန္ဒိယကို ရွှေပို့လို့ ဖမ်းတာတောင် ဟိုတလောက အများ ကြီး တန်နဲ့ချီ ဖမ်းမိတယ်။ ရွှေထွက်နေရဲ့သားနဲ့ ရွှေဈေး လိုက်တက်တာတော့ သိပ်တော့ မဟုတ်ဘူး”ဟု ဧရာဝတီသို့ ပြော ဆိုသည်။
ဆက်လက်၍ ၎င်းက “ဒါပေမယ့် နောက်တချက်က ဈေးကွက်မှာ ဒေါ်လာဈေး တက်တယ် ဆိုတော့ လူတွေက ကြောက်ပြီး တော့ ရွှေဝယ်တဲ့ သူတွေများပြီး တက်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ရွှေက ပြည်တွင်းမှာ ထွက်တာဖြစ်တဲ့ အတွက် ထိန်းလို့ လွယ်ပါတယ်။ ထိန်းချင်ရင် ထိန်းလို့ရပါတယ်”ဟု ပြောသည်။
ပြည်တွင်း ကျပ်ငွေ လဲလှယ်နှုန်း မြင့်တက်နေခြင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် တပတ်မှ စ၍ အလွန်အကျွံ မတက်စေရန် ဗဟို ဘဏ်အနေနှင့် တွက်ချက် လေ့လာမှုများ လုပ်ဆောင်နေပြီး လာမည့် အပတ်တွင်း ဒေါ်လာဈေးနှုန်းမှာ အပြောင်း အလဲ ရှိလာနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။