အိန္ဒိယမှ ကုလားပဲ ဝယ်လိုအား ကောင်းနေသဖြင့် ရက်ပိုင်း အတွင်း ဈေးမြင့်တက်သွားကြောင်း မန္တလေးမြို့ ပွဲစားကုန် သည် စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တလေးပဲနှမ်း ကုန်စည်ဒိုင်) က သိရသည်။
မုံရွာ ပဲပွဲရုံ ပိုင်ရှင် ဦးမျိုးဆွေက “အိန္ဒိယက ကုလားပဲကို ဝယ်ချင်ရင် အရှိန်နဲ့ ဝယ်တာ။ ပဲစင်းငုံတို့ မတ်ပဲ တို့လို မဟုတ် ဘူး။ အဲဒီလို အဝယ်လိုက်လာတဲ့ အချိန်ကျ ကုလားပဲဈေးက ရက်ပိုင်း အတွင်းနဲ့လည်း မြောက်တက်သွားတာပဲ” ဟု ဧရာဝတီကို ပြောသည်။
ကုလားပဲကို အိန္ဒိယမှ အဝယ်ရပ်ထားသဖြင့် အောက်ဈေးဖြစ်နေသော ကုလားပဲသည် ပြီးခဲ့သည့် ဇူလိုင်လ၌ ပြန်လည် ဝယ်ယူ ခဲ့ သဖြင့် ယနေ့ အထိ ဆက်တိုက် ဝယ်လိုအား ကောင်းနေပြီး ဈေးလည်း မြင့်နေကြောင်း မန္တလေးမြို့ရှိ ပဲကုန်သည် များက ပြောဆိုကြသည်။
အိန္ဒိယမှ မဝယ်ခင် ဇွန်လပိုင်းက ကုလားပဲ (ထိုင်ဝမ်) သုံးတင်းဝင် တအိတ်လျှင် ၅၈၀၀၀ ကျပ် ရှိခဲ့ရာမှ သြဂုတ် ၁၃ ရက် နေ့ မန္တလေး ဈေးကွက်တွင် ၇၈၀၀၀ ကျပ် အထိ လည်းကောင်း၊ ကုလားပဲ (ဗီတူး) အမျိုးအစား ဆိုပါက ၆၀၀၀၀ ကျပ်မှ ၇၇၀၀၀ ကျပ် နှင့် အရောင်းအဝယ် ဖြစ်နေကြောင်း မန္တလေး ပဲနှမ်း ကုန်စည် ဒိုင် ဈေးနှုန်းများတွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံမှ ကုလားပဲကို သြစတြေးလျ၊ ကနေဒါ တို့မှလည်း ဝယ်ယူကာ ၎င်းနိုင်ငံများမှ လိုသလောက် မရောင်းချ နိုင် သည့် အခါ မြန်မာနိုင်ငံမှ ဝယ်ယူလေ့ရှိကြောင်း ပဲကုန်သည်များက ပြောသည်။
မန္တလေး ဈေးကွက်သို့ ကျောက်ဆည်၊ မတ္တရာ၊ မုံရွာ စသည့် မြို့များမှ ကုလားပဲများ ဝင်လျက်ရှိကြောင်း သိရသည်။
အိန္ဒိယအစိုးရက ပဲစင်းငုံ တန်ချိန် ၂ သိန်းနှင့် မတ်ပဲ တန်ချိန် ၁ သိန်းခွဲ သြဂုတ်လကုန် အပြီး ဝယ်ယူမည်ဟု ယခုနှစ် မေလ ပထမပတ် အတွင်း ကြေညာခဲ့ပြီးနောက် ပဲစင်းငုံနှင့် မတ်ပဲဈေးတို့ ခုန်တက်သွားကြသော်လည်း ဝယ်ယူမည့် သတ် မှတ် နောက်ဆုံးကာလ နီးလာသည့်အခါ အဆိုပါပဲများသည် ဈေးကွက်၌ အရောင်းအဝယ် သွက်မလာဘဲ ဈေးလည်း အေး သွားကြောင်း မန္တလေးပဲနှမ်း ကုန်စည်ဒိုင်မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်သွင်က ဧရာဝတီကို ပြောသည်။
ဦးကျော်သွင်က “အိန္ဒိယက ဝယ်မယ်ပြောတဲ့ ကိုဒါ ခွဲတမ်းအရ ဒီလကုန် နောက်ဆုံးဆိုတော့ တကယ်လို့ ဝယ်ပြီး တင်တဲ့ အခါ အချိန်ကိုက်မဖြစ်ဘဲ တခုခုကြောင့် နှောင့်နှေးသွားရင် လက်ထဲ ပိုက်ဘော မိသွားမှာလေ။ အဲဒါကြောင့်လည်း ပဲစင်းငုံ နဲ့ မတ်ပဲကို မဝယ်ကြတော့တာ ပါတယ်” ဟု ပြောသည်။
လက်ရှိ မန္တလေးဈေးကွက်တွင် ပဲစင်းငုံ သုံးတင်းဝင် တအိတ်လျှင် အဟောင်း ၄၃၅၀၀ ကျပ်၊ အသစ် ဆိုပါက ၄၀၀၀၀ ကျပ် ဝန်းကျင်ဖြင့် လည်းကောင်း၊ မတ်ပဲ တအိတ်လျှင် ၄၄၀၀၀ ကျပ် ဝန်းကျင်ဖြင့် လည်းကောင်း အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် ပဲဈေးကွက်အကြီးဆုံး နိုင်ငံဖြစ်သော အိန္ဒိယ၏နှစ်စဉ် ပဲလိုအပ်ချက်အရ အိမ်နီးချင်း မြန်မာသည် ကုန်သွယ် မှု အခွင့်အလမ်း များသော မိတ်ဖက်နိုင်ငံ ဖြစ်သော်လည်း ဈေးကွက်အလားအလာ ရှိသည့် ပဲအမျိုးအစားများကို ရွေးချယ် စိုက်ပျိုးမှသာလျှင် တောင်သူနှင့် ကုန်သည်များအတွက် အကျိုးအမြတ် ရရှိနိုင်မည်ဟု ပဲကုန်သည်များက ဆိုသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းက ဧပြီလက ဈေးကွက် အလားအလာမရှိသော ပဲစင်းငုံအား တောင်သူများ စီးပွားဖြစ် မစိုက်သင့်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။