ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရခိုင်ပြည်နယ်တိုးတက်ရေး ကိစ္စ များကို လွန်ခဲ့သော အပတ်က ဆွေးနွေးနေချိန်တွင် တရုတ်ကွန်မြုနစ်ပါတီ ပြည်နယ်အတွင်းရေးမှူး တဦးသည် ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကို ဆွေးနွေးနေသည်။
တရုတ်နှင့် ဂျပန်အဖို့ မြန်မာ့စီးပွားရေး စစ်မြေပြင်မှာ တဦးနှင့် တဦး အသာရဖို့ယှဉ်ပြိုင်နေသည်မှာ ယခု အကြိမ်သည် ပထမဆုံးမဟုတ်ပါ။
တရုတ်နှင့် ဂျပန်နှစ်နိုင်ငံ သည် ဈေးသက်သာ လုပ်သားရရှိရေး၊ စိုက်ပျိုးရေးထုတ်ကုန်၊ အရှေ့တောင် အာရှရှိ မဟာဗျူဟာကျသော ဆိပ်ကမ်းများတည်ရှိသော နေရာများနှင့် အခြားသေနင်္ဂဗျူဟာကျသော နေရာ များတွင် လက်ဦးမှုရယူကာ ရင်းနှီးမြုပ်နှံခွင့်ရရေးတို့အတွက် အာရှသေနင်္ဂဗျူဟာများကို ချမှတ်ထားသော နိုင်ငံများဖြစ်သည်။
မြန်မာနိုင်ငံသည် မြောက်ဖက်နှင့် အရှေ့ဖက်တွင် တရုတ်၊ အနောက်ဖက်တွင် အိန္ဒိယနှင့် တောင်ဖက် နှင့် အရှေ့ဖက်တွင် အာဆီယံ နိုင်ငံများ ဝန်းရံထားပြီး အာရှ၏ ဗဟိုချက်တွင် သေနင်္ဂဗျူဟာကျစွာ တည်ရှိနေ သည့်အပြင် သယံဇာတလည်း ပေါကြွယ်ဝကာ အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက်လမ်းပွင့်သည့် ကမ်းရိုးတန်း လည်း ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် တရုတ်၊ ဂျပန် နှစ်နိုင်ငံအတွက် မြန်မာနိုင်ငံသည် မျက်စေ့ကျစရာဖြစ်နေသည်။
လွန်ခဲ့သော မတ်လက ဦးဝင်းမြင့်ကို သမ္မတအဖြစ် လွှတ်တော်က အတည်ပြုပြီး မကြာခင် တရုတ် အစိုးရက ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာနဝန်ကြီးကို နေပြည်တော်သို့ စေလွှတ်ကာ သမ္မတသစ်ကို ပထမဆုံးတွေ့ဆုံသည့် ပြည်ပမှ အဆင့်မြင့် အရာရှိဖြစ်လာစေသည်။
အဆင့်မြင့် ဝန်ကြီးများမှသည် ကျီလင်းပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အထူးသံတမန်နှင့် စီးပွားရေး တိုးတက်မှုအရာရှိများအပါအဝင် တရုတ်အရာရှိ များသည် အစိုးရနှင့် ကဏ္ဍပေါင်းစုံတွင် ထိတွေ့ဆက်ဆံရန် ယခုနှစ်အတွင်း နေပြည်တော်သို့ အနည်းဆုံး ၁၈ ကြိမ် သွားရောက်ခဲ့ကြသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုကတော့အခု နှစ်အတွင်းမှာပင် မြန်မာနိုင်ငံသို့ နှစ်ကြိမ်လာ ရောက်ပြီး ဖြစ်သည်။ သူ၏ မကြာသေးမီက မြန်မာခရီးစဉ်သည် ရခိုင်ပြည်နယ်တိုးတက်ရေးကို အာရုံစိုက်သည်။
ဘဏ္ဍာရေး ဖွံဖြိုးတိုးတက်မှုနှင့် လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အခြားသော ဂျပန် အရာရှိများသည်လည်း နေပြည်တော်သို့ သွားရောက်ခဲ့ကြသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုုလုပ်ငန်းရှင်များ အသင်း (UMFCCI) နှင့် ဂျပန်နိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (မြန်မာနိုင်ငံ) သည် နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု စီးဆင်းမှု တိုးမြှင့်ရေးအတွက် ပထမဆုံး သော နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရည်မှန်းချက်မြင့်မားသည့် တရုတ်နိုင်ငံကို ကမ္ဘာ့ကုန်သွယ်မှုရဲ့ ဗဟိုချက်မအဖြစ် ဖန်တီးမည့် ဒေါ်လာ ၁ ထရီလျှံ တန်ဖိုးရှိ ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်- BRI တွင် မြန်မာနိုင်ငံသည် သေနင်္ဂဗျူဟာကျသည့် နေရာတွင် ရှိနေသည့် အတွက် တရုတ်နိုင်ငံသည် မြန်မာနှင့် ပိုမိုထိတွေ့ဆက်ဆံလို သည်။
ထို့အပြင် အနောက်ပိုင်း ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေးအခြေအနေများကြောင့် မြန်မာနိုင်ငံကို အနောက်နိုင်ငံ များက ထပ်မံပစ်ပယ်လာချိန်တွင် တရုတ်သည် ထိုကိစ္စအတွက် မြန်မာအစိုးရကို ဝေဖန်ခြင်းမပြုဘဲ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်သော ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ထုတ်ပြန်ကြေညာချက်များ ကိုလည်း ပိတ်ဆို့တားဆီးပေးထားသည်။
ရေနံစိမ်းနှင့် ဓါတ်ငွေ့ပိုက်လိုင်းများ၊ ရေနက် ဆိပ်ကမ်းများနှင့်သဘာ၀ သယံဇာတများတွင် ရင်းနှီး မြှုပ်နှံခြင်း အပြင် တရုတ်နိုင်ငံသည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ အတွက် တောင်းဆို ပေးခြင်း၊ ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးတွင် ပူးပေါင်းဆောင် ရွက်ခြင်းနှင့် ရခိုင်ပြည်နယ်မှ စီးပွားရေးအခြေအနေ တိုးတက်ရေးတို့အတွက်လည်း မြန်မာနိုင်ငံကို ထောက်ခံအားပေးသည်။
ဂျပန်နိုင်ငံသည်လည်း ရခိုင်ပြည်ရှိ မွတ်ဆလင်အသိုင်းအဝန်း တိုးတက်ရေးအတွက် အဖြေရှာရာတွင် လည်းပူးပေါင်းဆောင်ရွက်နေပြီး မြန်မာနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် ကတိပြုထားသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို၏ ခရီးစဉ်အတွင်းတွင် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့် တင်ခြင်းနှင့် ရခိုင်ပြည်နယ်တွင် သယ်ယူပို့ဆောင်ရေး နှင့် လျှပ်စစ်ဓါတ်အား ရရှိရေးတို့အတွက် ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ထပ်မံအတည်ပြုပြောကြားသည်။
လူသားချင်းစာနာမှု အကျပ်အတည်းပေါ်ပေါက်နေသောလည်း မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်း အတွက် အရေးပါသော နေရာအဖြစ် ဆက်လက်ရှုမြင် နေကြခြင်းဖြစ်သည်။ တရုတ်နှင့် ဂျပန်နိုင်ငံတို့သည့် ထို အခွင့်အလမ်းများကို ဖ့ွံဖြိုးတိုးတက်ရေး လုပ်ငန်းများအပေါ် အခြေခံပြီး လက်ဦးမှု ရယူရန်ကြိုးစားကြသည်။
လက်တွေ့တွင် ထိုနှစ်နိုင်ငံလုံးသည် အာရှတွင် အခြေခံ အဆောက်အအုံ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံ မှု အခွင့် အလမ်းများ ရရှိရေးတို့အတွက် တနိုင်ငံနှင့် တနိုင်ငံ ယှဉ်ပြိုင်နေကြပြီး မြန်မာနိုင်ငံသည် ၎င်းတို့အတွက် စစ်အေးခေတ်က စစ်မြေပြင်သဖွယ်ဖြစ်နေသည်။
တရုတ်နိုင်ငံသည် မြန်မာပြည်သူများ အကြားတွင် လူကြိုက်နည်းသည်။ တရုတ်နိုင်ငံသည် ယခင် စစ်အစိုးရ ခေတ်က အခွင့်အလမ်းများကို အပြင်းအထန် အမြတ်ထုတ်ခဲ့သောကြောင့် တရုတ်နိုင်ငံ၏ ပုံရိပ်မှာ အကြီး အကျယ် ထိခိုက်ခဲ့ရသည်။
ထိုသို့အမြတ်ထုတ်သော လုပ်ငန်းများတွင် သဘာဝသယံဇာတများ ထုတ်လုပ်ခြင်း၊ လူ့အခွင့်အရေးချိုး ဖေါက် ခြင်းနှင့် နိုင်ငံတဝန်းရှိ စီမံကိန်းများအတွက် မြေများကို သိမ်းယူခြင်းတို့ပါဝင်သည်။
တရုတ်နိုင်ငံသည် မြန်မာ ပြည်သူများနှင့် ထိတွေ့ဆက်ဆံရန် ကြိုးစားနေသော်လည်း နာမည်ကောင်းရ ရန် အပြင်းအထန် ကြိုးစားနေရဆဲဖြစ်သည်။
နိုင်ငံတကာ ဖွံဖြိုးတိုးတက်ရေးဌာန(International Growth Center) ကသြဂုတ်လအတွင်း ထုတ်ပြန် သည့် အသေးစိတ်စစ်တမ်းတခုအရ မြန်မာနိုင်ငံသားများသည် တရုတ်လုပ်ငန်းများက ဆောင်ရွက် သည့် စီမံကိန်းများ ထက် ဂျပန်လုပ်ငန်းများက ဆောင်ရွက်သော စီမံကိန်းများကို ပိုမို အကောင်းမြင် ကြောင်းတွေ့ရသည်။ ဂျပန် စီမံကိန်းများသည် ဒေသခံပြည်သူများကို ဆိုးကျိုးသက်ရောက်မှု နည်း သောကြောင့် ၎င်းတို့ကို တရုတ်စီမံ ကိန်းများထက် အကောင်းမြင်ကြခြင်းဖြစ်သည်။
နှစ်နိုင်ငံသည် ၎င်းတို့၏ လုပ်ငန်းများတွင် စစ်တပ်နှင့် ပတ်သက်သော ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ကြပြီး ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်းမရှိသော်လည်း ပြည်သူ များက ဂျပန် လုပ်ငန်းများကို တရုတ်လုပ်ငန်းများထက် ပိုမို နှစ်သက်သည်ဟု ထိုစစ်တမ်းက ဆိုသည်။
ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် နည်းပညာအထောက်အကူ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် ချေးငွေတို့ကို အဓိကထားသောကြောင့် မြန်မာပြည်သူများက ဂျပန်ရင်းနှီးမြှုပ်နှံမှုကို ပိုမိုနှစ်သက် ကြခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် ဘဏ္ဍာရေး ဈေးကွက်တည်ဆောက်ခြင်းကို ကူညီပြီး ဗဟိုဘဏ်အတွက် နည်းပညာ အကူ အညီပေး သကဲ့သို့ မီးရထားစနစ် အဆင့်မြှင့်တင်ခြင်းနှင့် ကျန်းမာရေး အဆင့်မြှင့်တင်ခြင်း စီမံကိန်းများကို လည်း အကူအညီပေးသည်။
တရုတ်နိုင်ငံ၏ ကျင့်ဝတ်မညီသော ရင်းနှီးမြှုပ်နှံမှုနှင့် စစ်အာဏာရှင်ခေတ်အတွင်း နိုင်ငံတဝန်းရှိ သယံဇာတများ ကို အလွဲသုံးစားလုပ်သော နောက်ခံသမိုင်းတို့ကြောင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည် ဆွေးနွေးနေချိန်မှာ ဂျပန်နိုင်ငံအား လွဲပြောင်းရင်းနှီးမြုပ်နှံရန် ဝေဖန်သူများက တွန်းအားပေးခဲ့သည်။
ယခင် သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူခဲ့သည့် ကာလက ချုပ်ဆိုခဲ့သော ရခိုင်ပြည်နယ်မှ ကျောက်ဖြူ စီမံ ကိန်း ရှယ်ယာပိုင်ဆိုင်မှု သဘောတူညီချက်အရ တရုတ်နိုင်ငံက ထိုစီမံကိန်းတွင် ၈၅ ရာခိုင်နှုန်းပိုင်ဆိုင်မည် ဖြစ်ပြီး မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းသာ ပိုင်ဆိုင်မည်ဖြစ်သည်။
သို့သော် တရုတ်နိုင်ငံသည် သဘောတူညီချက်သစ်ကို ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း ဥက္ကဌသစ်နှင့် ပြန်လည် ညှိနှိုင်းခဲ့ပြီး မြန်မာအစိုးရအပေါ် အကြွေးဝန်ထုပ်ဝန်ပိုး မပိစေရေးကိုလည်း အာမခံချက်ပေးခဲ့သည်။
ကျောက်ဖြူသည် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်အတွက် သေနင်္ဂဗျူဟာကျသော စီမံကိန်းဖြစ်ပြီး တရုတ် နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ် တိုးတက်ရေးအတွက် အထောက်အကူပြုကာ တရုတ် နိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက်ချိတ်ဆက်ခွင့် ရမည်ဖြစ်သည်။ ထို့အပြင် ကျောက်ဖြူ စီမံကိန်းကြောင့် တရုတ်နိုင်ငံသည် ရေနံတင်သွင်းရာတွင် ခရီးကြန့်ကြာပြီး အန္တရာယ်များသော မလက္ကာရေလက်ကြားကို အသုံးပြုရန် မလိုတော့ပေ။
တရုတ်နှင့် မြန်မာနိုင်ငံတို့သည် အချက် ၁၅ ချက်ပါ တရုတ်မြန်မာ စီးပွားရေး စြင်္ကန် နားလည်မှု စာချွန်လွှာ အတွက်လည်း သဘောတူညီမှုရပြီး ဖြစ်သောကြောင့် ယခုနှစ်အတွင်း တရားဝင် လက်မှတ် ရေးထိုးမည်ဟု မျှော်လင့်ရသည်။
ထိုစြင်္ကန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနှင့် အရှေ့ဖက်တွင် ရန်ကုန်နှင့် အနောက်ဖက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်အထိ ကျယ်ပြန့်မည်ဖြစ်သည်။
ထို နားလည်မှု စာချွန်လွှာအရ နှစ်နိုင်ငံအစိုးရများသည် အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ ကုန်ထုတ် လုပ်ရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လူသားရင်းမြစ်ဖွံဖြိုး တိုးတက်မှု၊ ဆက်သွယ်ရေး၊ သုတေသနနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားကြသည်။
မြန်မာ့အရေးလေ့လာသူ ဘာတေးလ် လစ်တနာက “မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံနှင့် နောက်ဆုံး သဘောတူညီ ချက်သည် တရုတ်နိုင်ငံအပေါ် မြန်မာနိုင်ငံ၏ မှီခိုမှု ထပ်မံဖြစ်ပေါ်စေမည်ကို သံသယရှိ ရန်မလိုကြောင်း၊ ဂျပန် နိုင်ငံသည် ထိုသို့သော အခြေအနေကို တန်ပြန်ရန် စိတ်အား ထက်သန်နေသည်” ဟု ဧရာဝတီကိုပြောသည်။
“ဂျပန်နိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် မည်မျှှစိတ်ဝင်စားသည်နှင့် ထိုရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံ နှင့် ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ သြဇာချဲ့ထွင်မှုကို မည်သို့ခုခံနိုင်သည်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်” ဟုလည်း သူဆက်ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် အင်အားအကြီးမားဆုံးသော အာဏာရှင်ဆန်သည့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် စီးပွားရေး၊ နိုင်ငံရေးနှင့် ပထဝီအရ ဆက်ဆံမှုများကို လွှဲရှောင်နိုင်မည်မဟုတ်ပေ။ သို့သော် ဂျပန်နိုင်ငံ သည် တရုတ်သြဇာ ကို ချိန်ခွင်လျှာညှိရာတွင် နည်းလမ်းတခု ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
“ကျနော်တို့ အနေနဲ့ကတော့ ဆင်တကောင်နဲ့ အတူ အခန်းထဲမှာ နေရမယ်ဆိုရင် ဘယ်လိုအန္တရာယ် ကင်း အောင်နေရမလဲဆိုတာ သိဖို့လိုတယ်။ တကယ်လို့ ကျနော်တို့မှာ ဒါကို ခုခံနိုင်တဲ့ စွမ်းရည်မရှိ ဘူးဆိုရင် တရုတ် နိုင်ငံရဲ့ သြဇာကို ဘယ်လို ချိန်ခွင်လျှာ ညှိမလဲဆိုတာကို နည်းလမ်းရှာဖို့တော့ လိုတယ်” ဟု Smart Group of Companies လုပ်ငန်းစု ဥက္ကဌ ဦး ကျော်ကျော်လှိုင်ကပြောသည်။
သမ္မတ ရှီကျင့်ဖျင်၏ ရပ်ဝန်းတခု၊ လမ်းတခု(BRI)အစီအစဉ်သည် ထိန်းချုပ်မရသော ကြွေးမြီရှိနေ သည့် ဆင်းရဲ သော နိုင်ငံများကို ကြီးမားလှသော အခြေခံ အဆောက်အအုံ စီမံကိန်းများဖြင့် ဝန်ပိစေ မည်ဟု အမေရိကန် ပြည်ပပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(Overseas Private Investment Corporation) က သတိပေး ထားသည်။
၂၀၁၃ ခုနှစ်မှ စတင်ပြီး ထိုအစီအစဉ်နှင့် ပတ်သက်သည့် စီမံကိန်းများ၏ ၃၂ရာခိုင်နှုန်း သို့မဟုတ် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၄၁၉ ဘီလျှံတန်ကြေးရှိသော စီမံကိန်းများသည် ချေးငွေ ပြန်လည် ပေးဆပ်နိုင်မှု၊ လူထု ဆန့်ကျင်မှု၊ လုပ်ငန်းဆိုင်းငံ့ခြင်းနှင့် အမျိုးသားလုံခြုံရေး ဆိုင်ရာ အငြင်းပွားမှု များကြောင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဝါရှင်တန်အခြေစိုက် BRI စောင့်ကြည့်လေ့လာ ရေးအဖွဲ့ RWR Advisory Group က ထုတ်ပြန်ခဲ့သည်။
သံတမန်ရေးအရ ဂျပန်နိုင်ငံသည် သတိထားပြီး ရင်းနှီးမြုပ်နှံမှုများကို တဆင့်ခြင်း လုပ်ဆောင်သည် ကို ပိုမို လိုလားသည်။ မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေး ကာလတလျှောက်လုံးတွင်လည်း ဂျပန်နိုင်ငံ သည် မြန်မာနိုင်ငံနှင့် ကြားနေသောဆက်ဆံရေးကိုသာကျင့်သုံးခဲ့သည်။
၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံက စီးပွာရေး စတင်ဖွင့်လာသောအခါ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ တိုးတက်ရေး အတွက် အထူးသဖြင့် ရထားလမ်း၊ ကားလမ်းနှင့် စွမ်းအင်ကဏ္ဍများ တိုးတက်ရေး အတွက် တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင်မူ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် ဘဏ္ဍာရေး၊ တိုးတက်ရေးနှင့် ကုန်ထုတ် လုပ်ရေး ကဏ္ဍများသို့ စီးဝင်နေပြီဖြစ်သည်။
၂၀၁၃ ခုနှစ် ဇွန်လတွင်မူ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)သည် ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေသစ် အမေရိကန်ဒေါ်လာ ၄၈၅ သန်းပေးရန် သဘောတူထားသည်။ ထိုချေးငွေတွင် ရန်ကုန်မြို့ပြင်ရှိ ၂၃၄၂ ဟက်တာ ကျယ်ဝန်းသော သီလဝါအထူးစီးပွားရေးဇုန်မှ အခြေခံ အဆောက်အအုံများ တည်ဆောက် ရေးအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၉၀ လည်းပါဝင်သည်။
ထိုအထူး စီးပွားရေးဇုန်မှာ ပထမဆုံး ဂျပန်-မြန်မာ အစိုးရ-ပုဂ္ဂလိက ပေါင်းဆောင်ရွက်မှုဖြစ်သည်။ ဂျပန်လုပ်ငန်း များသည် စွမ်းအင်ကဏ္ဍ တွင်လည်း ရင်းနှီးမြှုပ်နှံလိုကြသည်။ ဥပမာဆိုရပါက တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့တွင် ဘေးထွက်ဆိုးကျိုးမရှိသော ကျောက်မီးသွေး ပုဂ္ဂလိက စီမံကိန်းတစ်ခုကို စတင်လည်ပတ် နေပြီဖြစ် သည်။
ထို့အပြင် ဂျပန်လုပ်ငန်းများသည် မြန်မာနိုင်ငံမှ စီးပွားဖက်များနှင့် ပူပေါင်းဆောင်ရွက်မှုများ ပြုလုပ် နေသည်။ Daiwa Securities နှင့် Japan Exchange Group တို့သည် ရန်ကုန် စတော့အိတ်ချိန်း တွင် ရင်းနှီးမြှုပ်နှံထားပြီး Mitsubishi နှင့် Jalux တို့သည် မန္တလေးလေဆိပ်ကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည်။
အိမ်ခြံမြေကဏ္ဍတွင်လည်း Mitsubishi သည် ဟောင်ကောင်၊ စင်္ကာပူနှင့် မြန်မာ လုပ်ငန်းများနှင့် ပူးပေါင်းပြီး ရန်ကုန်မြို့လယ်တွင် Landmark Development စီမံကိန်းကို ဆောင်ရွက်နေသည်။
ထို့အပြင် ဂျပန်နိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျှံ၊ ၂၀၁၆ ခုနှစ် တွင် အကူအညီနှင့်ချေးငွေ အမေရိကန်ဒေါ်လာ ၇.၇ ဘီလျှံနှင့် ၂၀၁၇ ခုနှစ်တွင် ချေးငွေ အမေရိကန်ဒေါ်လာ ၈၂၄ သန်း ထုတ်ချေးခဲ့သည်။
ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၄၈ ဘီလျှံအထိ အမြင့်ဆုံးဖြစ် လာ သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က အမေရိကန်ဒေါ်လာ ၂၅၂ သန်း၊ ၂၀၁၃ ခုနှစ်က အမေရိကန်ဒေါ်လာ ၅၅ သန်း၊ ၂၀၁၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလျှံ၊ ၂၀၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၅၉၀ နှင့် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၂၈၀ ရှိခဲ့သည်။
သို့သော် ဂျပန်နိုင်ငံသည် ၎င်းတို့၏ စံနှုန်းများ၊ တရားဥပဒေ စိုးမိုမှု စံနှုန်းများနှင့် တရားဥပဒေ
မူဘောင်များကို လိုက်နာနေရသောကြောင့် ရင်းနှီး မြှုပ်နှံမှုအရ တရုတ်နိုင်ငံ၏ နောက်တွင်ကျန်ရစ်နေ သည်ဟု ကျွမ်းကျင်သူများ ကပြောသည်။
“တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒမှာ အထက်စီးဆန်ပြီး ဂျပန်နိုင်ငံသည် ၎င်းတို့ထုံးစံအတိုင်း သတိထားသော သဘောရှိသည်” ဟု ဘာတေးလ်ကပြောသည်။
တရုတ်နိုင်ငံသည် ပထဝီအနေအထားလည်း အသာစီးရနေသည်။ တရုတ်နိုင်ငံသည် သဘာ၀ သယံဇာတ ထုတ်လုပ်ရန် လာရောက်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှာမူ အကျိုးအမြတ်ရရန် အချိန်ကာလ ကြာရှည်စွာ စောင့်ဆိုင်းရ သည့် ဝန်ဆောင်မှု ကဏ္ဍကို အဓိကအားဖြင့် အာရုံစိုက်သည်ဟု ကျွမ်းကျင်သူများကပြောသည်။
ဂျပန်နိုင်ငံသည် သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီး မြှုပ်နှံမှုမှ အကျိုးအမြတ်ရရှိသည့် အနေအထားကို အကဲဖြတ်ပြီး ရင်းနှီးမြုပ်နှံမှု အသစ်များ လုပ်ဆောင်ဖွယ်ရှိသည်ဟုလည်း ကျွမ်းကျင်သူများကပြောသည်။
“ဂျပန်ကတဆင့်ပြီး တဆင့်လုပ်တာ။ ဖြတ်လမ်းမလိုက်ဘူး။ ဥပဒေစည်းမျဉ်းတွေလည်း လိုက်နာတယ်။ ရင်းနှီး မြှုပ်နှံမှု မလုပ်ခင် သက်ဆိုင်ရာ ဥပဒေတွေကို အကောင်အထည်ဖေါ်တယ်” ဟု PS စီးပွားရေးသင်တန်း ကျောင်း၏ အမှုဆောင်အရာရှိချုပ် ဦးမျိုုးမင်ကပြောသည်။
“သူတို့က ဒီမှာရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ အရမ်း စဉ်းစားတယ်။ တရုတ်ကြောင့် မြန်မာနိုင်ငံမှာ ဂျပန်ရဲ့ စီးပွားရေး သြဇာမှေးမှိန်လာနိုင်တယ်” ဟု ဦးမျိုးမင်းပြောသည်။
ဇူလိုင်လ ၃၀ ရက်နေ့အထိ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရင်းနှီး မြှုပ်နှံသူဖြစ်ပြီး ဂျပန်နိုင်ငံ မှာမူ အဆင့် ၁၀ တွင်သာရှိနေသည်။
“တရုတ်နိုင်ငံရဲ့ စီးပွားရေး သြဇာကို တန်ပြန်ဖို့ ဂျပန်ရင်းနှီး မြှုပ်နှံမှုတွေကို အရှိန်မြှင့်ဖို့ အချိန်ရောက် နေပြီ” ဟု ဦးမျိုးမင်းပြောသည်။
“ဒီလိုမှ မဟုတ်ရင်တော့ တရုတ်ကပဲ မြန်မာနိုင်ငံမှာ အသာစီးရနေပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုဟာ တရုတ် အကျိုးအတွက်ဖြစ်သွားမှာပဲ” ဟု လည်း သူပြောသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် သတင်းထောက် နန်းလွင်၏ China Beating Japan in War for Economic Influence in Myanmar ကို ဘာသာပြန်သည်။