မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး မိုဘိုင်းဖုန်းအသုံးပြုသူဦးရေ ၇၄ ရာခိုင်နှုန်းအနက် ၈ ရာခိုင်နှုန်းသာ မိုဘိုင်းဖုန်းဖြင့် ငွေပေးချေသည့်ဝန်ဆောင်မှု အသုံးပြုလျက်ရှိကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက ပြောသည်။
ဝန်ကြီးဦးမြတ်သူက “နိုင်ငံအတွင်းမှာ မိုဘိုင်းဖုန်းသုံးစွဲမှုတွေ တိုးတက်လာတာနဲ့အမျှ ဒီဂျစ်တယ်စနစ်နဲ့ ငွေပေးချေနိုင်တဲ့ ငွေကြေးဝန်ဆောင်မှု အခွင့်အလမ်းတွေပေါ်လာပေမယ့် လက်တွေ့မှာ ငွေသားနဲ့ ပေးချေတာတွေ ရှိနေသေးတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုကို အသိပညာပေးမှုတွေ ဆောင်ရွက် ကြရမှာပါ” ဟု ပြောသည်။
သြဂုတ် ၂၃ ရက်နေ့က မန္တလေးမြို့တွင် အားလုံးပါဝင်နိုင်သော ငွေရေးကြေးရေး ကဏ္ဍ တည်ဆောက်ရေး လမ်းပြမြေပုံ (Myanmar MAP Refresh 2018) ရေးဆွဲနိုင်ရန် ပြုလုပ်သော အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်စနစ် ဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း (Digital Financial Services) သည် တွင်ကျယ်မှုမရှိသေးသလို၊ မိုဘိုင်းဖုန်းဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြင့် ငွေပေးချေခြင်း အလေ့ အထသည်လည်း အလွန်နည်းနေသေးသည့် အတွက် ၎င်းစနစ်အား နိုင်ငံငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းရေးဆွဲမည့် ‘အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍ တည်ဆောက်ရေး လမ်းပြမြေပုံ’ တွင် လုပ်ငန်းစဉ်တခုအဖြစ် ထည့်သွင်းရေးဆွဲသွားမည်ဟု ဆိုသည်။
ယင်းမြေပုံ ရေးဆွဲရေးအတွက် အကူအညီပေးနေသည့် အဖွဲ့အစည်းဖြစ်သော United Nations Capital Development Fund (UNCDF) က ကောက်ယူထားသည့် စစ်တမ်းများအရ လက်ရှိမြန်မာနိုင်ငံတွင် မိုဘိုင်း ဘဏ်လုပ်ငန်း ဝန်ဆောင်မှုအသုံးပြုသူစုစုပေါင်း၏ ၂ ရာခိုင်နှုန်းသာလျှင် ပုံမှန်သုံးစွဲသူများ ဖြစ်ကြောင်း သိရသည်။
ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးဇော်နိုင်က “ဒီဂျစ်တယ်စနစ်နဲ့ ငွေကြေးဝန်ဆောင်မှု အလေ့အထကို မရင်းနှီးသေးတာရယ်၊ ဒီဂျစ်တယ်စနစ်က မိမိပိုင်ဆိုင်မှု အပေါ် လုံခြုံ စိတ်ချမှုရှိ၊ မရှိဆိုတဲ့ စိုးရိမ်မှုကြောင့် အသုံးပြုမှုနည်းနေတာလို့ လေ့လာတွေ့ရှိရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွင် ငွေပေးငွေယူကိစ္စသာမက ငွေစုဆောင်းခြင်း၊ ချေးငွေ ရယူခြင်း၊ အာမခံဝန် ဆောင်မှုများ ရယူခြင်း၊ လိုင်စင်များ လျှောက်ထားခြင်း စသည့် ဝန်ဆောင်မှု တို့ကိုလည်း တိုးချဲ့ရန်နှင့် ဝန်ဆောင်မှုပေးမည့် စိတ်ချယုံကြည်ရသော အေးဂျင့်များလည်း တိုးလာရန် လိုအပ်ကြောင်း UNCDF ၏ Country Coordinator Mr.Paul က ပြောသည်။
ပြည်သူအများပါဝင်သည့် ငွေရေးကြေးရေး ကဏ္ဍတခု အကောင်အထည်ဖော်နိုင်မှသာ နိုင်ငံ၏ ငွေကြေး ကဏ္ဍ တိုးတက်လာပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက်လည်း များစွာအထောက်အကူပြုမည်ဖြစ်ရာ ၎င်းရည်ရွယ်ချက်ဖြင့် ၂၀၁၃ ခုနှစ်က စတင်၍ အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍ တည်ဆောက်ရေး လမ်းပြ မြေပုံကို ရေးဆွဲခဲ့ပြီး အစိုးရအပြောင်းအလဲတွင် ကဏ္ဍပေါင်းစုံပြုပြင်ပြောင်းလဲမှု များစွာရှိလာသည့် အတွက် ၎င်းမြေပုံအား ပြန်လည်ပြင်ဆင်ရေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ် ဇန်နဝါရီမှ ဧပြီအထိ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၅ ခုတို့ရှိ မြို့နယ် ပေါင်း ၃၀၀ နီးပါးတွင် စစ်တမ်းများ ကောက်ယူခဲ့ပြီး ၎င်းစစ်တမ်းများမှ ရရှိသည့် အချက် အလက်များအပေါ် အခြေခံကာ အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍတည်ဆောက်ရေး လမ်းပြမြေပုံ ၂၀၁၈ ကို ရေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း ပြည်ထောင်အစိုးရအဖွဲ့ထံ တင်ပြနိုင်ရန် ရည်မှန်းထား ကြောင်း UNCDF မှ ဦးဝီလီယံနိုင်က ပြောသည်။