နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက်နေခြင်းနှင့် ပတ်သက်၍ ပစ်ထားခြင်း မဟုတ်ဘဲ ဝန်ကြီးဌာနများနှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ပြောဆိုလိုက်သည်။
သြဂုတ်လ ၂၄ ရက်၌ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ရုံး ၌ ပြုလုပ်သော ဒုသမ္မတ ဦးမြင့်ဆွေနှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ ၁၉ ကြိမ်မြောက် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောခြင်း ဖြစ်သည်။
ပြည်ထောင်စု ဝန်ကြီးက “ကျနော်တို့ အခု ဖြစ်နေတဲ့ ငွေကြေးလဲလှယ်နှုန်းကို ညွှန်ကြားချက်တွေ အရ စီမံ/ဘဏ္ဍာ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) ၊ ဗဟိုဘဏ် အဖွဲ့တို့က စုပြီးတော့ အစည်းအဝေး တွေ အမြဲ လုပ်နေတယ်။ ပစ်ထားတာ မဟုတ်ပါဘူး။ မပြောသင့်တဲ့ ကိစ္စလေးတွေကို မပြောဘဲ နေတာပါ။ ကျနော်တို့ ဘာမှမလုပ်ဘဲ နေသလားလို့ မထင်ပါနဲ့” ဟု ပြောသည်။
လက်ရှိ ငွေလဲလှယ်နှုန်း မြင့်မားနေခြင်း အပေါ် တည်ငြိမ်မှု ရှိစေရန် ဗဟိုဘဏ် အနေနှင့် ပုဂ္ဂလိက ဘဏ်များသို့ ဒေါ်လာ ချေးထားပေးခြင်းနှင့် ဒေါ်လာ ရောင်းချပေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ပြောဆိုသည်။
ပြည်ထောင်စု ဝန်ကြီးက “ဘဏ်တွေ လက်ထဲက တဆင့် SME (အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ)တွေ ဆီရောက်အောင်၊ လယ်သမားတွေ လက်ထဲကို ဒီလိုနည်းနဲ့ ထည့်ချင်တယ်။ အဲဒီတော့ ဒေါ်လာတွေကို ဘဏ်တွေကို ပေးချင်တယ်။ ပေးတဲ့အခါမှာ ဒီတိုင်းပေးလို့ မရဘူး ကျနော်တို့က ဒေါ်လာ ပေးထားမယ်။ သူတို့ဆီက ကျပ်ငွေကို ယူထားမယ်။ ဒီဒေါ်လာ ပြောင်းလဲတာကို သတ်မှတ်ထားမယ်။ ကာလတခု ပြည့်ရင် ငွေပြောင်းလဲမှုအတိုင်း ပြန်ရမယ်။ သို့သော် အတိုးလေးတော့ ရှိကြမှာပေါ့။ ဒီစနစ်နဲ့ ဘဏ်တွေမှာ လိုအပ်နေတဲ့ နိုင်ငံခြားငွေကြေး Liquidity ကို ဖြည့်ဖို့ ကြိုးစားရပါတယ်” ဟု ပြောဆိုသည်။
နိုင်ငံခြားငွေ လဲလှယ်သည့် ဈေးကွက်အတွင်း ဒေါ်လာ ရှားပါးမှု မဖြစ်စေရန် ဗဟိုဘဏ် အနေနှင့် ပုဂ္ဂလိက ဘဏ်များ သို့ သြဂုတ်လ ၂၃ ရက်က စ၍ ကာလတို အပြန်အလှန် ချေးငွေ (Swap Facility) ဖြင့် ငွေထုတ်ချေးပေးနေပြီ ဖြစ် ကြောင်း သိရသည်။
လက်ရှိအချိန် အထိ ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များသို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချထားပြီး ဖြစ်ကြောင်း ဦးစိုး ဝင်းက ဆိုသည်။
ယင်းအပြင် နိုင်ငံခြားသို့ ပို့ကုန်များ တင်ပို့ရာတွင် ငွေကြေးများကို ကြိုပေးရခြင်း၊ ဘဏ်စနစ်ဖြင့် လုပ်ဆောင်ရခြင်းများ အစရှိသည့် အချက်အလက်များစွာ လုပ်ဆောင်ရခြင်းကိုလည်း ကုန်သွယ်မှုဘက်မှ ကူညီပေးနိုင်ရန် အတွက်လည်း စဉ်းစားနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက ဆိုသည်။
ဒေါ်လာဈေး စံချိန်တင် မြင့်တက်လာမှုကို ထိန်းချုပ်ရန် ပြန်လည်တင်ပို့ကုန် စနစ် (Re-Export) ဖြင့် ပြည်ပမှ စက်သုံးဆီ၊ သကြား တင်သွင်းမှုများကို သြဂုတ်လ ၁၇ ရက်မှ စတင်ကာ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့သည်။ ယင်းသို့ Re – Export ကို ဆိုင်းငံ့လိုက်ခြင်းအပေါ် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များကြား ဝေဖန်မှုများ ဖြစ်ပေါ် ခဲ့ပြီးနောက် စက်သုံးဆီအား ပြန်လည်၍ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
စီမံ/ဘဏ္ဍာ ဝန်ကြီးက နိုင်ငံခြားငွေကြေး မြင့်တက်နေမှုကို စဉ်းစားရာ၌ Re -Export များကို ဆက်လက် ခွင့်ပြုရန် သို့မဟုတ် လတ်တလော ပိတ်ထားရရန် စသည့်အချက်များကို စဉ်းစားရကြောင်း ပြောဆိုသည်။
ဦးစိုးဝင်းက “အထူးသဖြင့် ငွေကြေး လဲလှယ်နှုန်း ကိစ္စပေါ်သည်နှင့် ဆက်တိုက် ဆက်တိုက် အစည်းဝေးများ လုပ် ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးက သမာရိုးကျ မဟုတ်တဲ့ စီးပွားရေးက များနေတယ်။ အဓိက အားဖြင့် သွင်းကုန်မှာ ပိုများနေတယ်” ဟု သုံးသပ် ပြောကြားသွားသည်။
ဒေါ်လာဈေးမှာ ယခုနှစ် ဇွန်လ ၁ ရက်၌ ၁၃၄၄ ကျပ် ရှိခဲ့ရာမှ သြဂုတ်လအထိ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ၃ လ အတွင်း ၁၅၀၀ ကျော်အထိ စံချိန်တင် တက်လာခဲ့သည်။
သြဂုတ် ၂၄ ရက် ဒေါ်လာပေါက်ဈေးမှာ ဗဟိုဘဏ်နှုန်းထား ၁၄၈၈ ကျပ် နှင့် ပုဂ္ဂလိက ဘဏ်များ၌ ၁၅၃၀ ကျော်၊ ပြင်ပဈေးကွက် ပေါက်ဈေး ၁၅၂၀ ကျော်နှုန်းထား တို့ဖြင့် စံချိန်တင် မြင့်တက် နေသည့် အခြေအနေ၌ ပင် ရှိနေသေးသည်။
UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “နိုင်ငံခြား ငွေလဲလှယ်နှုန်း ကိစ္စက ရိုက်ခတ်မှုတွေ တော်တော် များပါတယ်။ ဗဟိုဘဏ် အနေနဲ့လည်း တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးခဲ့တာ ရှိပါတယ်။ ဒါပေမယ့် တည်ငြိမ်မလားလို့ စောင့်ကြည့်တယ်။ စီးပွား/ကူးသန်း အနေနဲ့လည်း လုပ်သင့်တာ လုပ်ပေမယ့် ဒီနေ့အထိ ကျဆင်းမှု မရှိဘူး။ သြဂုတ်လ ၂၃ ရက် အထိ ၁ ဒေါ်လာ ၁၅၃၀ ကျပ် ဖြစ်နေပါတယ်” ဟု ဆိုသည်။
ဒေါ်လာဈေး မာခြင်း၏ အဓိက အကြောင်းရင်းသည် အမေရိကန်နှင့် တရုတ်တို့ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် ဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး စီးပွားရေး ၂ ခုကြားမှ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာစဉ် အမေရိကန် ပြည်ထောင် စုနှင့် တရုတ်နိုင်ငံတို့က ဒေါ်လာဘီလီယံနှင့်ချီ၍ တန်ဖိုးရှိသော ထုတ်ကုန်များကို သြဂုတ်လ ၂၃ ရက်နေ့တွင် တဘက် နှင့်တဘက် ကုန်သွယ်ခွန်များ ပိုမိုစည်းကြပ်ခဲ့ကြသည်။
ကုန်သွယ်ခွန်များ စတင်တိုးကောက်ပြီး ၂ လအတွင်း ၎င်းတို့၏ ပထမဆုံး အဆင့်မြင့်ဆွေးနွေးမှုကို ဝါရှင်တန်မြို့တွင် ၂ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များ သြဂုတ်လ ၂၂ နှင့် ၂၃ ရက်နေ့များ၌ ဆွေးနွေးနေစဉ် ယခု နောက်တဖန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်မှု ပေါ်ပေါက်လာခြင်း ဖြစ်သောကြောင့် ငွေလဲလှယ်နှုန်းက အလားအလာ မကောင်းပေ။
ထိုအခြေအနေများကြောင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်မည့် အနေအထား ကြုံတွေ့နေရသဖြင့် စိုးရိမ်စိတ်များ ဖြစ်နေပြီး ယင်းအပေါ်တွင် မည်သည့် ပုံစံမျိုးနှင့် သွားမည်ဆိုသည်ကို လုပ်ငန်းရှင်များက အကြံပြုထားချက်များ ရှိနေသည်ဟု ဦးဇော်မင်းဝင်းက ပြောသည်။
ထို့ကြောင့် ယင်းအကြံပြုချက်များကို လာမည့် ၂၇ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံသို့ ဖိတ်ကြားပြီး ဆွေးနွေး တင်ပြ သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆက်စပ်ဖတ်ရှုရန် – ဘာလဲဟဲ့ ကုန်သွယ်ရေးစစ်ပွဲ