စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေပြီး စီးပွားရေး ဦးတည်ချက် မရှိသော အစိုးရဟု စီးပွားရေး အသိုင်းအဝိုင်းက ဝေဖန်နေချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး ရှောင်တာနဲလ် Sean Turnell က အစိုးရ အနေဖြင့် ၎င်း၏ ပြုပြင်ပြောင်းလဲရေးများကို အကောင်အထည်ဖော်နေခဲ့သလို တိုးတက်မှုများ ရရှိခဲ့ပြီး ဖြစ်ကြောင်းနှင့် အဓိက ကျသည့် ပြုပြင်ပြောင်းလဲရေးများက လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။
ရန်ကုန်မြို့ Novotel ဟိုတယ်တွင် ပြုလုပ်သည့် “Myanmar’s Economy 2018: progress, problems, possibilities” အမည်ရှိ ဆွေးနွေးပွဲတွင် ရှောင်တာနဲလ် က အဓိက ပြဿနာများထဲတွင် အစိုးရဌာနများအတွင်းမှ အပြောင်းအလဲကို ဆန့်ကျင်သည့် ဗျူရိုကရက်များ၊ ကုန်သွယ်ရေး လိုငွေပြမှု၊ ဘဏ်စနစ်အတွင်းမှ ဖွဲ့စည်းမှုဆိုင်ရာ ပြဿနာများ၊ အခြေခံ အဆောက်အဦး အားနည်းခြင်း၊ ရခိုင်ပြည်နယ် ပဋိပက္ခနှင့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် ဖြစ်ရသည့် ကမ္ဘာ့စီးပွားရေး မရေရာမှုတို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
စီးပွားရေး ပြဿနာများ
မြန်မာအစိုးရ အနေဖြင့် ကုန်သွယ်ရေးလိုငွေပြမှုနှင့် ဆက်လက်ရင်ဆိုင်နေရသည်ဟု ရှောင်တာနဲလ်က ပြောသည်။ နိုင်ငံခြားမှ တင်သွင်းသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတန်ဖိုးက နိုင်ငံခြားသို့ တင်ပို့သော တန်ဖိုးထက်များနေသည့် အဓိပ္ပါယ် ဖြစ်ပါသည်။ လိုငွေပြမှုက အစိုးရကို ငွေစက္ကူများ ရိုက်နှိပ်ရန် တွန်းအားတခု ဖြစ်နေပြီး ၎င်းက တိုင်းပြည်တွင် ငွေကြေးဖောင်းပွမှုကို ဖြစ်စေလိမ့်မည်ဟု သူက ဆိုသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှုက အမေရိကန် ဒေါ်လာ ၅.၅ ဘီလီယံ ဝန်းကျင် ရှိပြီး GDP ၏ ၃.၉ ရာခိုင်နှုန်းနှင့် ညီမျှသည်။ နိုင်ငံခြားမှ တင်သွင်းမှုက ဒေါ်လာ ၁၇.၂ ဘီလီယံ တန်ဖိုးရှိပြီး နိုင်ငံခြား တင်ပို့မှုက ဒေါ်လာ ၁၁.၆ ဘီလီယံ ဖြစ်သည်။ ၂၀၁၅-၁၀၁၆ ဘဏ္ဍာရေး နှစ်တွင် ကုန်သွယ်ရေးလိုငွေပြမှုက ဒေါ်လာ ၅.၄ ဘီလီယံ ဖြစ်ပြီး GDP ၏ ၃.၂ ရာခိုင်နှုန်းနှင့် ညီမျှသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် လိုငွေပြမှုက ဒေါ်လာ ၄.၉ ဘီလီယံ သို့ မဟုတ် GDP ၏ ၁.၂ ရာခိုင်နှုန်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစနစ်က ငွေကြေးလည်ပတ် စီးဆင်းမှုမရှိသော အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိတ်မိနေသလို ဖွဲ့စည်းမှုဆိုင်ရာ ပြဿနာများကို ဖယ်ရှားရန် ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေသည်။ ဘဏ္ဍာရေးစနစ် အခြေခံ အဆောက်အဦး အားနည်းချက်ကလည်း ရင်းနှီးမြှုပ်နှံသူများကို စိတ်ပျက်စေသည့် အကြောင်းများထဲမှ တခု ဖြစ်သည်ဟု သူက ထောက်ပြသည်။
၂၀၁၁ ခုနှစ်မှ စတင်၍ ပုဂ္ဂလိက ဘဏ်များကို နိုင်ငံခြားငွေကြေး လဲလှယ်ခွင့်လွှဲပြောင်းခွင့်ပေးခြင်း၊ ATM စက်များ ခွင့်ပြုခြင်း များအပါအဝင် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့သော်လည်း ဘဏ်စနစ်က ဒေသတွင်းမှ ခေတ်နောက် အကျဆုံးများထဲတွင် ပါဝင်နေဆဲ ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ငွေရေး ကြေးရေး အဖွဲ့အစည်းများ ဥပဒေကို ပြဌာန်းလိုက်ခြင်းက ဘဏ်လုပ်ငန်းကဏ္ဍ ခေတ်မီရေးအတွက် အဓိကကျသော ခြေလှမ်းတရပ်အဖြစ် တွေ့ရသည်။ မတ်လအတွင်းတွင် အစိုးရက ဘဏ်၇ ခုကို ပို့ကုန် ဘဏ္ဍာရေး ဝန်ဆောင်မှုများ ပေးရန် ခွင့်ပြုခဲ့သည်။
သို့သော်လည်း နိုင်ငံခြားငွေလဲလှယ်မှုကို နှုန်းရှင်ဖြင့် မျှောထားခြင်း၊ မိုဘိုင်း ငွေကြေးလွှဲပြောင်းမှု ဥပဒေများနှင့်် ပုဂ္ဂလိက ဘဏ်များကို နောက်ထပ် လွတ်လပ်ခွင့်များပေးခြင်း အပါအဝင် ဘဏ်လုပ်ငန်း ကဏ္ဍတွင် ပြုပြင်ပြောင်းလဲရေး အများ အပြားလိုအပ်နေဆဲ ဖြစ်သည်ဟု ဘဏ္ဍာရေး ကျွမ်းကျင်သူများက ပြောကြသည်။
ရခိုင်ပဋိပက္ခက NLD အစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အားထုတ်မှုတွင် အဓိက အတားအဆီးတခုအဖြစ် ရှိနေဆဲ ဖြစ်သည်ဟု ရှောင်တာနဲလ်က ပြောသည်။ ရခိုင်ပဋိပက္ခကြောင့် ကမ္ဘာလှည့်ခရီးသည်များနှင့် ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံကို ရှောင်ရှားကြသောကြောင့် ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှ ဖြစ်သည်။
“သက်ရောက်မှုက ကြီးမားပါတယ်။ ကြီးမားတဲ့ တိုက်ရိုက်သက်ရောက်မှုတခုပါ။ သန်းပေါင်း ရာချီတဲ့ ဒေါ်လာတွေက ဒီကို ရောက်မလာဘူး။ ဘာကြောင့်လဲဆိုတော့ အခြေခံအားဖြင့် ရခိုင်ပြည်နယ် ကိစ္စကြောင့်ပါ” ဟု သူက ပြောသည်။
ဒီမိုကရေစီ အစိုးရ၏ လက်ထက်တွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပိုမိုစီးဆင်းဝင်ရောက်လာခြင်းကို မြင် ရရန် ပြည်သူများက မျှော်လင့်ခဲ့သော်လည်း အမေရိကန် ကုမ္ပဏီနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများက လူ့အခွင့်အရေး အခြေ အနေနှင့် ပတ်သက်သည့် နိုင်ငံတကာ ဖိအားများကြောင့် ခပ်ခွာခွာသာ နေကြသည်။ ရခိုင်ပဋိပက္ခက အနောက်နိုင်ငံများမှရောက်လာမည့် ခရီးသွားများအပေါ် အနှုတ်သဘောသက်ရောက်မှုရှိခဲ့သည်ဟု ရှောင်တာနဲလ်က ပြောသည်။
အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲနှင့် ပတ်သက်၍ ကမ္ဘာ့စီးပွားရေး မရေရာမှုက မြန်မာ့စီးပွားရေး အပေါ်တွင် လည်း သက်ရောက်ခဲ့သည်ဟု ရှောင်တာနဲလ် က ပြောသည်။ အထူးသဖြင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းအပေါ်တွင် ဖြစ်သည်။ ပြီးခဲ့သည့် ၃ လအတွင်းတွင် မြန်မာကျပ်ငွေက ဒေါ်လာနှင့် ယှဉ်လျှင် တန်ဖိုး ကျဆင်းခဲ့ရသည့် အတွက် အစိုးရ အပေါ် အပြစ် တင်ဝေဖန်မှုများ ရှိခဲ့သည်။ သို့သော်လည်း ရှောင်တာနဲလ် က “ဒါက ကမ္ဘာနဲ့ဆိုင်တဲ့ ပြဿနာပါ၊ မြန်မာရဲ့ ပြဿနာ မဟုတ်ပါဘူး” ဟု ပြောသည်။
ကုန်သွယ်ရေး စစ်ပွဲကြောင့် ကမ္ဘာ့နေရာတိုင်းတွင် ဘဏ္ဍာရေး မတည်ငြိမ်မှုများ ဖြစ်စေခဲ့ပြီး လူအများအပြား ဒေါသ ဖြစ်ခဲ့ရ သည် ဟု သူက ထောက်ပြသည်။
ပြည်တွင်းရှိ အစိုးရဌာနများအတွင်းမှ ဖွဲ့စည်းပုံနှင့် ဗျူရိုကရေစီ လုပ်ငန်းစဉ်များက ပြုပြင်ပြောင်းလဲရေးတွင် နောက်ထပ် အတားအဆီး ဖြစ်သည်ဟု သူက ပြောသည်။
စီးပွားရေးတိုးတက်မှု
NLD ဦးဆောင်သည့် အစိုးရ၏ လက်အောက်တွင် မက်ခရိုစီပွားရေးပိုင်းတွင် တိုးတက်မှု အချို့ကို သူမြင်တွေ့ခဲ့ရသည် ဟု ရှောင်တာနဲလ်က ပြောသည်။
မက်ခရိုစီးပွားရေး ညွှန်းကိန်း အများစုတွင် တည်ငြိမ်မှု ရှိခဲ့ပြီး လမ်းကြောင်းမှန်သို့ ဦးတည်နေသည်ဟု သူက ပြောသည်။ နှစ်စဉ် GDP တိုးတက်မှု ဆက်လက်ရှိနေခြင်း၊ ဘဏ္ဍာရေးစနစ်တွင် ပြည်သူများ ပိုမိုပါဝင်လာခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း တည်ငြိမ်နေခြင်းနှင့် ဘတ်ဂျက်လိုငွေပြမှုကို ဖြေရှင်းရန် ငွေစက္ကူရိုက်နှိပ်ခြင်းအပေါ် မှီခိုနေရသည်ကို လျှော့ချခဲ့ခြင်း တို့ကို ဥပမာအဖြစ် သူက ပြောသည်။
ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုကြောင့် မြန်မာ့စီးပွားရေးတိုးတက်မှုက အစောပိုင်းတွင် ခန့်မှန်းထားသည့် ၇ ရာခိုင်နှုန်း ထက် နည်း၍ ယခုနှစ် တွင် ၆.၉ ရာခိုင်နှုန်း ဖြစ်ဖွယ်ရာ ရှိသည်ဟု ရှောင်တာနဲလ် က ပြောသည်။ သို့သော်လည်း ဒေသတွင်းမှ အခြားနိုင်ငံများနှင့် ယှဉ်လျှင် ၆.၉ ရာခိုင်နူန်းဆိုသည်မှာ မြင့်မားသည့် နှုန်းဖြစ်သည်ဟု သူက ထောက်ပြခဲ့သည်။
ထို့ပြင် ငွေကြေး ဖောင်းပွမှုက ၅.၉ ရာခိုင်နူန်းသည် နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်ခြင်းကြောင့် ၆ ရာခိုင်နှုန်းတွင် ရောက်သွားသည်။ အစိုးရက ငွေ ကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရေး ခြေလှမ်းအမျိုးမျိုး လှမ်းခဲ့သည်ဟု သူက ပြောသည်။
ယခင်က ဆိုလျှင် မြန်မာအစိုးရများက အခွန်ကောက်ယူခြင်းအစား ငွေစက္ကူရိုက်နှိပ်ခြင်းအားဖြင့် ငွေကြေးပြဿနာကို ဖြေရှင်းလေ့ရှိကြသည်။ ထို့ကြောင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် အလွန် ခက်ခဲခဲ့သည်။ ယခင်အစိုးရ ဘတ်ဂျက် ကွာဟမှုကို ဖြည့်ဆည်းရန် နှစ်စဉ် ငွေကြေးများ ရိုက်နှိပ်ထုတ်ဝေခဲ့သည်။
ဗဟိုဘဏ်၏ မှတ်တမ်းများအရ ယခင် သမ္မတဦးသိန်းစိန် အစိုးရက ဘတ်ဂျက်လိုငွေပြမှု၏ ၇၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းရန် ငွေစက္ကူများ ရိုက်နှိပ်ခဲ့ကြောင်း သိရသည်။ NLD ဦးဆောင်သည့် အစိုးရလက်ထက်တွင် ဘတ်ဂျက်လိုငွေပြမှု ၃၀ ရာခိုင်နှုန်း အထိ လျော့ကျသွားခဲ့သည်ဟု ရှောင်တာနဲလ်က ပြောသည်။
ရှောင်တာနဲလ်၏ အဆိုအရ ပုံမှန်ဘဏ္ဍာရေး ဝန်ဆောင်မှု ထုတ်ကုန် အနည်းဆုံး တခုကို အရွယ်ရောက်ပြီးသူတိုင်း သုံးစွဲ နိုင်သည့် အချိုးအစားကို တိုင်းတာသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးတွင် ပါဝင်မှုနှုန်းက ၂၀၁၃ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၈ တွင် ၄၈ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့သည်ဟု သိရသည်။
ယခုအခါတွင် အရွယ်ရောက်ပြီးသူ ၆ သန်းကျော်က ၂၀၁၃ ခုနှစ်က ထက်စာလျှင် ပုံမှန်ဘဏ္ဍာရေး ဝန်ဆောင်မှုများ ပိုမိုရရှိနေသည်ဆိုသည့် အဓိပ္ပါယ် ဖြစ်သည်။
နိုင်ငံပိုင် ဘဏ်လုပ်ငန်း ကဏ္ဍကို ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေချိန်တွင် ဘဏ်စနစ်က ဖြည်းဖြည်းချင်း ခေတ်မီလာနေ သည်။ နိုင်ငံခြားငွေ လဲလှယ်မှုတွင် ကန့်သတ်နှုန်း ထားသည့် စနစ်ကို ဗဟိုဘဏ်က ပယ်ဖျက်လိုက်ခြင်းသည် လမ်းကြောင်းမှန်သို့ ဦးတည်သည့် ခြေလှမ်း တရပ်အဖြစ် ရှောင်တာနဲလ်က ချီးကျူးခဲ့သည်။
စီးပွားရေး ဖြစ်နိုင်ချေများ
မေလအတွင်းတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) က ရေတိုမြန်မာ့ စီးပွားရေး သဘောထား စစ်တမ်းတခု ကောက်ယူခဲ့ရာတွင် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင် စီးပွားရေး ယုံကြည်စိတ်ချမှု ကျဆင်းခဲ့ကြောင်း ဖော်ပြနေပြီး စီးပွားရေးသမား အများစုက အစိုးရတွင် ရှင်းလင်းပြတ်သားသော စီးပွားရေး မူဝါဒ မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ကြသည်။
သို့သော်လည်း အဓိက ကျသည့် ပြုပြင်ပြောင်းလဲရေးများက လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ရှောင်တာနဲလ်က ပရိသတ်များကို အခိုင်အမာ ပြောသည်။ အထူးသဖြင့် စီးပွားရေးတိုးတက်မှုကို လှုံ့ဆော်ရန် အဓိကျသော စီးပွားရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်ပေးပြီး ဘဏ္ဍာရေးကဏ္ဍကဲ့သို့ အဓိက ကဏ္ဍများကို လွတ်လပ်ခွင့် ရစေမည့် မြန်မာနိုင်ငံ ရေရှည်ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(MSDP) အကြောင်း ပြောသည်။
အစိုးရ၏ စီးပွားရေး ဦးတည်ချက်နှင့် အမြင်နှင့် ပတ်သက်၍ ပြည်သူများတွင် မေးခွန်း အများအပြားရှိနေသည်ကို သူက အသိအမှတ်ပြုခဲ့သည်။ သို့သော်လည်း MSDP က သူတို့၏ စိုးရိမ်မှုများကို အဖြေပေးသွားလိမ့်မည်ဟု ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရန် အစီအစဉ် အချက် ၂၅၀ ခန့် ပါဝင်သော MSDP ကို ရေးဆွဲနေသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို စီးပွားရေး အကြံပေး ရှောင်တာနဲလ်က ချီးကျူးခဲ့သည်။
စီးပွားရေးတိုးတက်ရန်နှင့် အနောက်တိုင်းမှ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေး ကဏ္ဍဆိုင်ရာ အကူအညီများကို ဆွဲဆောင်ရန် အတွက် ရခိုင် ပဋိပက္ခကို ဖြေရှင်းရန် လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
NLD အစိုးရ၏ စီးပွားရေးဆိုင်ရာ အောင်မြင်မှုများထဲမှ တခုမှာ တရုတ် ကျောထောက်နောက်ခံဖြင့် အကောင်အထည် ဖော်မည့် ကျောက်ဖြူစီမံကိန်း သဘောတူညီချက်ကို အသစ်ပြန်လည် ပြုလုပ်နိုင်ခြင်း ဖြစ်သည်ဟု ရှောင်တာနဲလ်က ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထံတွင် အကြွေး ၁ ဒေါ်လာမျှ တင်ရန် မလိုတော့ဟု သူက ဆိုသည်။
(အင်္ဂလိပ်ဘာသာဖြင့် Major Reforms Around the Corner, Says Key Economic Adviser to Suu Kyi တွင် ဖတ်ပါ။)