အသစ် ပြန်လည် ပြင်ဆင် ပြဋ္ဌာန်းလိုက်သော စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေ (Condominium Law) သည် ပုဂ္ဂလိက ကဏ္ဍကို အားပေးခြင်းထက် စည်းကမ်းလိုက်နာစေရန် အတွက် ရေးဆွဲခြင်းသာ ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာ က ပြောသည်။
ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် သြဂုတ်လ ၂၆ ရက်က ပြုလုပ်သော Condominium Law ရှင်းလင်း တင်ပြပွဲနှင့် ဆောက်လုပ်ရေး လောကတွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်သော ဆွေးနွေးပွဲ၌ ပြောခြင်း ဖြစ်သည်။
ဒေါ်မိုးသီတာက “ကျမတို့ တိုင်းပြည်က ဆိုရှယ်လစ် စနစ်ကနေမှ တဆင့် အဆင့်ဆင့် ပြောင်းလာတာပြီးတော့ ဆိုရှယ် လစ် စနစ်ရဲ့ အမွေခံထားတာ ဖြစ်ပါတယ်။ ဆိုရှယ်လစ်စနစ်မှာ ဆိုရင် Private sector ရဲ့ အားပေးခွင့်၊ ကာကွယ်ခွင့် ဆိုတာ သည် မထည့်ခဲ့သေးပါဘူး။ အဲဒါကို အမွေခံတာဖြစ်တဲ့ အတွက် ကျမတို့ရဲ့ ကွန်ဒို ဥပဒေမှာတောင်မှ Private sector ကိုအားပေးခြင်းထက် Regulate လုပ် ဥပဒေကို ကြိုစားပြီးတော့ ရေးဆွဲပေးတာ ဖြစ်တယ်”ဟု ပြောသည်။
သို့သော် အိမ်ခြံမြေ ကဏ္ဍအတွက် မည်သည့် ဥပဒေမှ မရှိသည်နှင့် စာလျှင် Condominium Law ပေါ်ထွက်လာပြီ ဖြစ်ပြီး ယင်းဥပဒေပေါ်တွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လွှတ်တော်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေး ဦးစီးဌာနတို့မှ ပူးပေါင်းပြီး Private sector ကို မည်ကဲ့သို့ အားပေးရမည်ကို လုပ်ဆောင်ရမည်ဟု ၎င်းက ဆိုသည်။
“ဈေးကွက်ကြီး တခုလုံးကို အားပေးတဲ့ စနစ်ရောက်မှသာ ကျမတို့ ရှေ့ဆက်တိုးလို့ရမှာ ဖြစ်ပါတယ်။ ဒီဥပဒေကို လုပ်ငန်း ရှင်တွေ အနေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အတွက်၊ ဈေးကွက်အတွက် အဆင်ပြေမလဲဆိုတာ ကြည့်ပေးစေ ချင်ပါ တယ်။ အကြံပေးစေချင်တယ်”ဟုလည်း ဒေါ်မိုးသီတာက ပြောသည်။
အဆိုပါ Condominium ဥပဒေကို ၁၉၉၂ ခုနှစ်တွင် စတင်၍ ရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဥပဒေ အတည်ပြု ပြဌာန်းနိုင်ခဲ့ ကာ နည်းဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က အတည်ပြု ပြဌာန်းခဲ့သည်။
ထိုပြဋ္ဌာန်းခဲ့သော နည်းဥပဒေ၏ လိုအပ်ချက်များ ရှိခြင်းကြောင့် ပြန်လည် ပြင်ဆင်ထားသည့် နည်းဥပဒေကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်က ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီးအစိုးရ လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က “ယနေ့လို ဆောက်လုပ်ရေး လုပ်ငန်းတွေ နှေးကွေးနေတဲ့ အချိန်မှာ Condominium ဥပဒေနဲ့ နည်းဥပဒေ ပေါ်ထွန်းလာခြင်းသည် ဆောက်လုပ်ရေး ကဏ္ဍအတွက် မျှော်လင့်ချက် ရောင်ခြည်ပဲ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
လက်ရှိ အတည်ပြုလိုက်သော Condominium ဥပဒေနှင့် နည်းဥပဒေတွင် ကွန်ဒို (စုပေါင်းပိုင် အဆောက်အအုံ)များကို နိုင်ငံခြားသားများအား ၄၀ ရာခိုင်နှုန်း ရောင်းချခွင့် ရရှိမည်ဖြစ်သောကြောင့် ဆောက်လုပ်ရေး ကဏ္ဍ အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ကောင်းများ ရရှိလာနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က“ဥပဒေရဲ့ အခု အားနည်းချက်ကတော့ စီမံခန့်ခွဲရေး ကော်မတီကို ဖွဲ့တောင် မဖွဲ့ရသေးဘူး။ ပေါ်ထွက်တာက ၇ လ၊ ၈ လ ရှိနေပြီ။ အစိုးရ အဖွဲ့ကို တင်ထားတယ်။ အခုမှ ရှေ့နေချုပ်ရုံးမှာပဲ ရှိသေးတယ်။ အဲဒီတော့ ဒီစီမံခန့်ခွဲရေး ကော်မတီ မရှိရင် ရှေ့လျှောက် ဘာမှ လုပ်လို့ မရဘူး။ ကော်မတီရဲ့ လုပ်ထုံးလုပ်နည်းတွေ မရှိသေးဘူး။ ဒီအခက်အခဲလေးတွေ ရှိနေပါတယ်”ဟု ပြော သည်။
ဆက်လက်၍ ၎င်းက “နောက်တချက်က နိုင်ငံခြားသားကို ရောင်းချတာ ၄၀ ရာခိုင်နှုန်း ဆိုတာ မှန်ပေမယ့်နိုင်ငံခြားသားကို ရောင်းချတာ ဘယ်သူက ရောင်းချခွင့်ရှိတာလဲ။ နိုင်ငံခြားသားက ဝယ်ယူပြီးရင် နိုင်ငံသားကို ပြန်ရောင်းလို့ရလား။ နိုင်ငံ သား က နိုင်ငံခြားသားကို ပြန်ရောင်းလို့ ရလား စသဖြင့်တချို့ဟာလေးတွေ ရှင်းလင်းဖို့လိုပါသေးတယ်။ ဒီဥပဒေ ပေါ်ထွက် လာတာက ကျနော်တို့အတွက် မရှိတာနဲ့ စာရင် ရှိတာက မျှော်လင့်ချက် ရောင်ခြည်တခုတော့ ဖြစ်ပါတယ်”ဟု ပြောသည်။
ဥပဒေအရ လက်ရှိ ကွန်ဒိုတိုက်ခန်း ဝယ်ယူထားသူများသည် စုပေါင်းပိုင် အဆောက်အအုံအဖြစ် မှတ်ပုံတင်မည်ဆိုပါက အဓိက အားဖြင့် အထပ် ၆ ထပ်နှင့် အထက် ဖြစ်ရမည် ဖြစ်သလို စတုရန်းပေ ၂ သောင်း ရှိရမည် ဖြစ်သည်ဟု ဆိုသည်။
မြေပိုင်ရှင်က မြေကို အများပိုင်မြေအဖြစ် မှတ်ပုံတင်၍ အများပိုင် လျှောက်ထားရမည် ဖြစ်ခြင်းကြောင့် မြေပိုင်ဆိုင်မှုကို စွန့်လွှတ်ရမည်လည်း ဖြစ်သည်။
ကွန်ဒိုမီယံအသစ် ထပ်မံဆောက်လုပ်မည့် Developer များအနေဖြင့် ဥပဒေအရ မတည်ရင်းနှီးငွေ ၁၅ ရာခိုင်နှုန်းကို ပိုင် ဆိုင်မှု တင်ပြရမည်ဖြစ်သော်လည်း တည်ဆောက်ရေး လုပ်ငန်းအတွက် အသုံးပြုရသည့် ကုန်ကြမ်းပစ္စည်းများ ဝယ်ယူ သည့်အခါ ထိုရင်းနှီးငွေကို ထုတ်ယူ သုံးစွဲခွင့် ရှိကြောင်း သိရသည်။
နိုင်ဂရု ဆောက်လုပ်ရေး အုပ်စုမှ လက်ထောက် မန်နေဂျင်း ဒါရိုက်တာ ဦးထင်အောင်လင်းက “ဒီကွန်ဒို ဥပဒေက ပြီးပြည့် စုံတဲ့ ဥပဒေ ဖြစ်နေပြီလားဆိုတာ ဒီထဲမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေက ပါဝင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒီနေ ရာ မှာ Customer တွေရှိမယ်။ ကန်ထရိုက်တာတွေ ရှိမယ်။ ဥပဒေပြုရေးရာ ရှိမယ်။ ဥပဒေ ကျင့်သုံးရေးက အာဏာပိုင် အဖွဲ့ အစည်းတွေ ရှိမယ်။ ဒါတွေအားလုံးက လက်ခံပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေးကို အထောက်အကူ ပြုရမယ်။ အကျိုး ကျေးဇူး အသီးသီး ရရှိနေမှသာလျှင် ဥပဒေ တခုက တရားဥပဒေ ဖြစ်သွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက “အဓိကတော့ ကျနော်တို့ နိုင်ငံက ခက်နေတာက အခွန်ပေါ့။ ကွန်ဒို တခုကို ဝယ်ယူဖို့ဆိုရင် သက် ဆိုင် ရာ ဝယ်ယူရမယ့် ဝင်ငွေခွန်တွေ ရှိမယ်။ အဲဒီမှာ ဖြစ်နေတာက ဝင်ငွေခွန် ဖြစ်နေတယ်။ လူတိုင်းက အခွန်ဆောင်ဖို့ စနစ်တွေ ရင့်ကျက်လာဖို့ လိုတယ်။ ဒီစနစ်လေး မဖွံ့ဖြိုးခင်မှာ အချိန်ကာလတခု အခွန်နဲ့ ပတ်သက်ပြီး နိုင်ငံတော် အနေနဲ့ ကြိုးစားပေးမယ် ဆိုရင် အပြုသဘော ဆောင်မယ်လို့ မြင်မိပါတယ်”ဟု ပြောသည်။
အစိုးရအနေနှင့် ကျဆင်းနေသော ဆောက်လုပ်ရေး ကဏ္ဍ ဖွံ့ဖြိုးလာရေး အတွက် အခြေခံ အဆောက်အအုံ ပရောဂျက် များကို များစွာ ဖော်ဆောင်သင့်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်လည်း ဖြစ်သူ ဦးမျိုးမြင့်က “ဒီလိုလုပ်ဖို့ အတွက် အစိုးရအနေနဲ့ ငွေကြေး စိုက်ထုတ်ဖို့ရာ အခက် အခဲ ရှိကောင်း ရှိနိုင်လိမ့်မယ်။ အဲဒီလိုအခါမျိုးမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပူးပေါင်း ဖော်ဆောင်သင့်တယ်။ ကွန်ဒိုမီဒီယမ် ဥပဒေလိုဟာမျိုးကို အသက်ဝင်လာအောင် လုပ်ခြင်းအားဖြင့် နိုင်ငံခြားက ကွန်ဒိုဝယ်ယူမည့် သူတွေရဲ့ ရင်းနှီး မြှုပ်နှံသူတွေ ဝင်လာလိမ့်မယ်။ ဒီ ၂ ချက်ကတော့ အရေးတကြီး လိုအပ်ပါတယ်”ဟု ပြောသည်။
ထို့ကြောင့် ကျဆင်းနေသော ဆောက်လုပ်ရေး ဈေးကွက် ကောင်းမွန်လာရန် ဥပဒေ ပေါ်တွင် မျှော်လင့်ထားကြသည်ဟု လုပ်ငန်းရှင်များက ပြောဆိုသည်။
ယခု တည်ဆောက်ပြီးသား ကွန်ဒိုများသည် စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီများ ဖွဲ့စည်းပြီးမှ သာလျှင် မှတ်ပုံတင်၍ နိုင်ငံခြားသားများသို့ ရောင်းချရမည် ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ဥပဒေ ကျင့်သုံးနိုင်ရန် အတွက် လုပ်ထုံးလုပ်နည်းများအရ လာမည့် စက်တင်ဘာလ လကုန်ပိုင်းတွင် ပြည် ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့် အညီ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီများကို အမိန့် ကြော်ငြာစာများ ထုတ်ပြန်ပြီး ဖွဲ့စည်းပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က ပြောသည်။
ကွန်ဒိုမီဒီယမ် နည်းဥပဒေသည် ထပ်မံ၍ လိုအပ်ချက်ရှိခဲ့လျှင် စတင်အသုံးပြုသည်နှင့် တပြိုင်နက်တည်း အခက်အခဲများ ရှိလျှင် အမြန်ဆုံး တင်ပြနိုင်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောကြားသွားသည်။
ထို့ပြင် ပြည်တွင်း နိုင်ငံခြားငွေ လဲလှယ်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့်လည်း ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းများမှာ ပြည်ပမှ တင်သွင်းရသဖြင့် ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ရင်ဆိုင်နေရကြောင်း၊ ယင်းအချက်သည်လည်း ယခုကဲ့သို့ တိုက်ခန်း အိမ်ရာတန်ဖိုးများ ကျဆင်းနေသည့်အချိန်တွင် ဆောက်လုပ်ရေးသမားများ အတွက် ကြီးမားသော ထိခိုက်မှု တခုလည်း ဖြစ်သည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။