ပြည်တွင်း ဆန်ဈေးနှုန်း မြင့်တက်နေခြင်းသည် ဆန်အသစ် ရာသီ ဖြစ်သော သီတင်းကျွတ် မတိုင်ခင် အထိ တက်ရိပ် ရှိနိုင်သေးသည်ဟု မန္တလေး ဆန်စပါး ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က ဧရာဝတီကို ပြောသည်။
၎င်းက “လက်ရှိ ဈေးတန်းက မှန်းမရဘူး ဖြစ်နေတယ်။ အခုတော့ ဝယ်လိုအား၊ ရောင်းလိုအားပေါ် မူတည်ပြီး ဈေး ကစား တာတွေ ရှိနေဦးမယ်။ စက်တင်ဘာလ အကုန်လောက် ပဲခူး၊ ဧရာဝတီဘက်က ဆန်အသစ်တွေ ပေါ်လာရင် တော့ ဝယ်သူ ဈေးကွက် ဖြစ်လာမယ်လို့ ခန့်မှန်းရတာပဲ”ဟု ပြောဆိုသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်က ရွှေဘိုဘေးကြား ဆန်တအိတ်လျှင်(အလေးချိန် ၁၀၈ ပေါင်ပါ) ၅ သောင်း ကျပ်နီးပါး ရှိခဲ့ရာ လက်ရှိ မန္တလေး ဈေးကွက်၌ သြဂုတ် ၂၈ ရက် ဈေးနှုန်းမှာ တအိတ်လျှင် ၆ သောင်းကျပ် ဈေးနှုန်း ဖြစ်သွားပြီး ၂၀၁၈ ဇူလိုင်လဆန်းက တအိတ်လျှင် ၅၆၀၀၀ ကျပ် ဝန်းကျင်မှ တဖြည်းဖြည်း ဈေးတက်လာခြင်း ဖြစ်သည်ဟု မန္တလေးဆန် ကုန်စည်ဒိုင်က သိရသည်။
အလားတူ ရန်ကုန် ပေါ်ဆန်း တအိတ်လျှင် ၅၀၀၀၀ ကျပ်၊ ဧရာပဒေသာ ၄၄၀၀၀ ကျပ်၊ ဧရာမင်း၊ မဂျမ်းတော ၄၃၀၀၀ ကျပ်၊ မနောသုခ ၂၉၀၀၀ ကျပ်တို့ဖြင့် မန္တလေး ဈေးကွက်တွင် ရောင်းဝယ်လျက်ရှိပြီး ဆန်ဈေးတက်လာသဖြင့် အရောင်း အဝယ် အနည်းငယ် အေးသွားကြောင်း ဆန်ပွဲရုံများက ဆိုသည်။
ရန်ကုန် ဈေးကွက်၌ ရွှေဘိုပေါ်ဆန်း တအိတ်လျှင် ၅၈၅၀၀ မှ ၆၂၀၀၀ ကျပ် ဈေးဖြင့် ရောင်းချလျက်ရှိပြီး အရောင်း အဝယ် အေးလျက် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းက သိရသည်။
ဇွန်လကုန်ပိုင်းမှ စတင်၍ ကရင်၊ မွန်နှင့် ပဲခူးတိုင်းတို့တွင် ဖြစ်ပွားခဲ့သော ရေကြီး နစ်မြှပ်မှုများကြောင့် ဆန်စပါး လိုအပ် ချက် ရှိလာနိုင်သည်ဟု စားသုံးသူများက ယူဆကာ ဆန်ဝယ်ယူမှုများ ပြုလုပ်လာကြရာ ကုန်သည်တချို့က ဝယ်လို အား ပေါ် မူတည်၍ ဈေးကစားလာသဖြင့် ပြည်တွင်း ဆန်ဈေးနှုန်းသည် တရိပ်ရိပ်တက်လာခဲ့ရာ လက်ရှိ အခြေ အနေ သည် ၅ နှစ်အတွင်း စံချိန်တင် တက်သည့် နှုန်းထားတခု ဖြစ်သည်ဟု ဆန်လုပ်ငန်းရှင်များက ပြောဆိုကြသည်။
“အခုလို ဆန်သစ်ပေါ်ဖို့ မလွယ်တဲ့အချိန်မှာ ဆန်အဝင်နည်းလို့ ဈေးတက်နေကြ ဆိုပေမယ့် ဒီနှစ်က တက်တဲ့နှုန်း များ တယ်။ စပါးကလည်း ပြည်ပကို ခိုးထွက်နေတော့ စပါးကို ဈေးကြီးပေး ဝယ်ရရင် ဆန်ဈေးကလည်း တက်လာ မှာပဲ လေ။ အဲဒီတော့ ဈေးနှုန်း တည်ငြိမ်ဖို့ ဆိုရင် ဆန်လက်ကျန် အပေါ်မှာလည်း မူတည်လိမ့်မယ်”ဟု ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က ပြောသည်။
လာမည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းတွင် ပဲခူး၊ ဧရာဝတီတိုင်းတို့မှ ဆန်အသစ်မှ ပေါ်လာမည် ဖြစ်ရာ ယင်းမတိုင် ခင် အထိ လက်ရှိ ဆန်ဈေးနှုန်း အလားအလာသည် ခန့်မှန်းရခက်မည် ဖြစ်ပြီး လှောင်လက်များ လက်ထဲရှိ ဆန်လက် ကျန်ပေါ် မူတည်ကာ ဈေးအတက်အကျ ဖြစ်နိုင်လိမ့်မည်ဟု ဆန်ကုန်သည်များက ခန့်မှန်းကြသည်။
ပြည်တွင်း စားသုံးမှု အများဆုံးဖြစ်သော ဆန်ချော အမျိုးအစားများမှာ ရွှေဘိုဘေးကြား (ရွှေဘိုပေါ်ဆန်း)၊ ရန်ကုန် ပေါ်ဆန်း၊ ဧရာမင်း၊ မဂျမ်းတော၊ ဧရာပဒေသာ၊ မနောသုခ၊ ရွှေသွယ်၊ နွေဇီယာ စသည်တို့ ဖြစ်ပြီး ယင်းတို့ အနက် ရွှေဘိုဘေးကြား ဆန်အမျိုးအစားသည် ဝယ်လိုအား အကောင်းဆုံးနှင့် ဈေးအမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ရွှေဘိုနယ် တကြောတွင် ထွက်ရှိသည့် ရွှေဘို ဘေးကြားဆန်သည် အရည်အသွေးနှင့် ဆန်ကြောလှ သဖြင့် မိသားစု စားသုံးရန် သာမက ထမင်းဆိုင်၊ စားသောက်ဆိုင်များကပါ ဝယ်ယူကြပြီး အခြား အရည်အသွေး နိမ့် သည့် ဆန်ကြမ်း အုပ်စုဖြင့်လည်း ရောနှော စားသောက်၍ အဆင်ပြေသဖြင့် ဝယ်လိုအား ကောင်းခြင်း ဖြစ်သည်ဟု ဆန်ပွဲရုံများက ဆိုသည်။
မန္တလေးမြို့ သိန်းဇော် ဆန်ပွဲရုံ ပိုင်ရှင် ဦးသိန်းဇော်က“ပြည်တွင်း ဆန်ဈေးတက်တာ ဒေါ်လာ ဈေးတက်တာ၊ တရုတ် ကို စပါး တရားမဝင် ထွက်နေလို့ ဆိုတဲ့ကိစ္စတွေနဲ့ ဆက်စပ်မှု သိပ်မရှိဘူးလို့ မြင်တယ်။ ရေကြီးရေလျှံ ဖြစ်တဲ့ဒေသ တွေကို အကြောင်းပြုပြီး ကုန်သည်တချို့က ကိုယ်ကျိုးစီးပွား အတွက် ဆန်ဈေးကို တဖြည်းဖြည်း ဆွဲတင်လာလို့ အခု လို မဖြစ်သင့်တဲ့ ဈေးတွေနဲ့ ကမောက်ကမ ဖြစ်လာတာပါ။ ဒီအပေါ်မှာ သပိတ်မှောက်တာ၊ ခြိမ်းခြောက်ပြရုံနဲ့တော့ ပြီး သွားမှာ မဟုတ်ဘူး”ဟု ဧရာဝတီကို ပြောသည်။
၂၀၁၅ ခုနှစ်က စစ်ကိုင်းတိုင်း ကလေးမြို့ ရေဘေးသင့်ခဲ့စဉ်က မြန်မာနိုင်ငံရှိ ဆန်စပါး အသင်းအဖွဲ့များက စုပေါင်း၍ ဆန်များ ရောင်းချပေးခဲ့ခြင်းဖြင့် ဆန်ဈေး အဆမတန် တက်ခြင်းကို ထိန်းနိုင်ခဲ့၍ ဈေးကွက်အတွင်း ဝယ်သူ လိုသ လောက် ကုန်စည်ရှိပါက ဈေးတက်ရန် အခွင့်အလမ်း နည်းသွားမည်ဖြစ်ရာ ယခုဈေးကွက် အခြေအနေကိုလည်း ထိန်း ကျောင်းပေးရန် လိုအပ်မည်ဟု ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တဦးက “ဆန်ကုန်သည်များ အနေနဲ့ ဆန်ဈေးကို တနေ့တမျိုး ဈေး ခေါ် ရောင်းချခြင်း မပြုဖို့နဲ့ လက်ရှိ ဖြစ်ပေါ်နေသည့် ဆန်ဈေးအပေါ် အားလုံး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်မှ သာ ဈေးကွက် တည်ငြိမ်လာနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဆန်ကုန်သည်များ၊ အဝယ်တော်များ အနေနဲ့ ကမ်းရိုး တန်း ဒေသများသို့ ကိုယ်တိုင် ဆန်ဝယ်ရင် သက်ဆိုင်ရာ ဆန်စပါး ကုန်သည်များ အသင်းကို သတင်းပေး အကြောင်း ကြား ရမယ့် စနစ်ကို ကျင့်သုံးသွားဖို့လည်း ပြောထားပါတယ်”ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ၌ ကုန်ဈေးနှုန်း ကြီးမြင့်နေချိန်တွင် နေ့စဉ်စားသုံးနေရသည့် အခြေခံ စားသောက်ကုန် ဆန်ဈေးနှုန်း တရိပ်ရိပ် တက်နေခြင်းမှာ စားသုံးသူများအတွက် အခက်အခဲ ဖြစ်စေကြောင်း ရန်ကုန်မြို့ရှိ အိမ်ရှင်မ တဦးက ဆိုသည်။
မြန်မာနိုင်ငံ ဆန်ကုန်သည် အသင်းက ပြီးခဲ့သည့် တပတ်က လက်ရှိ ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ယင်းပွဲ၌ ဆန်ချောဈေး ဆွဲတင်သူများကို အရေးယူ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရ သည်။