ရေကြီး၍ ဆွာတံတား ကျိုးပဲ့သွားသောကြောင့် ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်သို့ ကုန်ကားများ ဖြတ်သန်းသွားလာခွင့်ကို သြဂုတ်လ ၂၉ ရက် မနက်ပိုင်းမှ စတင်ပိတ်ထားသဖြင့် လမ်းပေါ်တွင် ကုန်ကားတချို့ ပိတ်မိနေကြောင်း အဝေးပြေးကုန်စည်သယ်ယူပို့ဆောင်ရေး အသင်း အတွင်းရေးမှူး ဦးအောင်မိုးက ဧရာဝတီသို့ပြောသည်။
“တရက်၊ ၂ ရက်လောက်ပဲ ပိတ်ထားတာဆိုတော့ သိပ်တော့ အခက်အခဲ မရှိသေးဘူး။ တချို့ကားတွေက ပြည်ဘက်ကနေ သွားကြတယ်။ ပျော်ဘွယ်ကနေ နတ်မောက်သွားတယ်။ ပြည်ကနေ ရန်ကုန်သွားတယ်။ ဒီကားတွေလည်း အဲဒီလိုပြည်ဘက်ကနေ ပတ်သွားကြတယ်။ မိုင် ၁၀၀ လောက်တော့ ပိုမောင်းရတာပေါ့။ ဒါပေမယ့် သြဂုတ်လ ၂၉ ရက်က အရင်လမ်းကြောင်းအတိုင်းသွားတဲ့ ကုန်ကားတွေကတော့ ပိတ်မိနေတယ်”ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “လောလောဆယ်တော့ ပြဿနာမရှိသေးဘူး။ ဒီမှာကားခနှုန်း ကျတာတွေ တက်တာတွေတော့ မရှိသေးဘူး။ ပိတ်မိတဲ့ကုန်ကားအစီးရေ ဘယ်လောက်ရှိတယ်တော့ မသိသေးဘူး။ အခု ယာယီတံတားထိုးပြီးရင်တော့ ဒီညနေ ဒါမှမဟုတ် သြဂုတ်လ ၃၁ ရက်လောက်မှာတော့ ပြန်ပြီးဖြတ်သန်းနိုင်မယ်လို့ကြားတယ်။ ဦးလည်းစုံစမ်းတုန်းပဲ”ဟု ရှင်းပြသည်။
ကုန်စိမ်းတင်ဆောင်သည့် ကားအများစုမှာ ပြည်လမ်းဘက်မှ ပတ်၍ မောင်းလာသောကြောင့် လောလောဆယ်တွင် ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲ မရှိသေးကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် ကုန်စည်တင်ဆောင်သည့် ကုန်ကားစရိတ်များမှာ ရန်ကုန်- မန္တလေး ကုန်စည် ၁ တန်လျှင် ၃၅၀၀၀ ကျပ်မှ ၃၆၀၀၀ ကျပ် (ရွှေပြည်သာ၊ ဘုရင်နောင် ကုန်စည်ဒိုင်သယ်)၊ ဆိပ်ကမ်းတင်ဈေးမှာ ၁ တန်လျှင် ၃၈၀၀၀ ကျပ်မှ ၃၉၀၀၀ ကျပ်( ဆူးလေ၊ ဗိုလ်တထောင်ဆိပ်ကမ်းတင်) အထိ ပေးရကြောင်း အဝေးပြေးကုန်စည်သယ်ယူပို့ဆောင်ရေး အသင်း စာရင်းများအရ သိရသည်။
ဦးအောင်မိုးက “ဒီလမ်းကြောက ရက်ရှည်တော့ မပိတ်ပါဘူး။ အနည်းဆုံး ၂ ရက်၊ ၃ ရက်ပေါ့။ ၁၀ ရက်တို့ ၁၅ ရက်တို့ အဲဒီလိုမျိုးတွေတော့ မပိတ်ပါဘူး။ အခုအနေအထားကလည်း ဟိုဖက်က သွားလို့ရတော့လေ။ ဒီ ၃ရက်၊ ၄ ရက်လေးတော့ တအားကြီးပြဿနာ မရှိဘူး။ ၁၀ ရက်၊ ၁၅ ရက်ကြာသွားမယ်ဆိုရင်တော့ ပြဿနာရှိနိုင်တယ်”ဟု ပြောသည်။
ရန်ကုန်ဘက်မှ တရက်လျှင် ကုန်ကားအစီးရေ ခန့်မှန်းချေ ၁၂၀၀ ဝန်းကျင်ခန့် ဖြတ်သန်းထွက်ခွာကြောင်း၊ ပြီးခဲ့သည့်နှစ် အလုပ်ကောင်းချိန်တွင် အစီးရေ ၁၈၀၀ ကျော်အထိ ကုန်စည်သယ်ယူပို့ဆောင်လျက် ရှိသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဟန်ဇော်က “ကျနော်တို့က လမ်းပန်းဆက်သွယ်ရေး တာဝန်ယူထားတော့ လမ်းပန်းဆက်သွယ်ရေး မပြတ်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ပါ့မယ်။ အခု နေ့ရော၊ ညရော လမ်းပန်းဆက်သွယ်ရေးက အင်ဂျင်နီယာတွေ တာဝန်ယူထားတော့ စိတ်မပူပါနဲ့”ဟု ပြောသည်။
ယခုကဲ့သို့ ကားလမ်းပိတ်ခြင်းမျိုးမှာယခင်က မရှိခဲ့ကြောင်း၊ မူဆယ်လမ်းပိုင်းသာပိတ်ခဲ့သည်များရှိသည်ဟု ကုန်စည်သယ်ယူပို့ဆောင်ရေး ကုန်ကားလုပ်ငန်းရှင်များထံမှ သိရသည်။
ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်က “ကုန်ကားတွေတော့ အဝင်အရမ်း နည်းသွားတယ်။ ဒီနေ့ ကြက်သွန်ကား ၁၂ စီးပဲရောက်တယ်။ နဂိုက ၁ရက်ကို အစီး ၃၀ လောက်ဝင်တယ်။ ဒါကြောင့် ကြက်သွန်က ၁ပိဿကို ၅၀ ကျပ်လောက် တက်သွားတယ်။ ဒီကုန်ကားတွေက သောကြာနေ့(သြဂုတ်လ ၃၁ ရက်) အထိ မလာနိုင်ဘူးကြားတယ်။ ဒါက ကားဂိတ်တွေက အခု ရတဲ့သတင်းဖြစ်တယ်။ အခု လာနေကြ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းက လာနေတဲ့ ကုန်ကားတွေတော့ အဝင်နည်းသွားမယ်။ နောက် ၁ ရက်၊ ၂ ရက်နေရင်တော့ အနောက်ဘက်လမ်း(ပြည်လမ်း) ကနေ ပတ်လာနိုင်တယ်။ ဒီ ၁ရက်၊ ၂ ရက်အတွင်းတော့မရောက်နိုင်သေးဘူး”ဟုဧရာဝတီသို့ ပြောသည်။
နယ်စပ်ကနေ ဝင်နေသည့် စားသောက်ကုန်ပစ္စည်းများမှာလည်း ရန်ကုန်- မန္တလေး လမ်းအတိုင်းသာ လာမည်ဆိုလျှင် ပိတ်မိ၍ ရက်ကြာနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
ကြက်သွန်စိုက်တောင်သူ ဦးတိုးရွှေက “အခုက စက်သုံးဆီဈေးက တက်လာတဲ့အခါကျတော့ ကျနော်တို့ ကုန်ကားတွေ သယ်ယူစရိတ်မြင့်သွားတဲ့အခြေအနေတော့ ဖြစ်တယ်။ ၁ပိဿကို ၃၅ ကျပ်လောက်ဈေးမြင့်နေတယ်။ အခုကတော့ ဦးတို့ဆီက ကုန်ကားတွေကတော့ သွားနေတယ်။ ပြောရမယ်ဆိုရင် တောင်သူက အရမ်းတော့ ဒီအချိန်မှာ မတင်ပို့ကြသေးဘူး။ ဈေးကွက်လိုအပ်ချက်လောက်ပဲ လွတ်တယ်။ ကားလမ်းပိတ်တာတော့ ဈေးတော့ သိပ်မတက်သေးဘူး”ဟု ပြောသည်။
ယခုအချိန်တွင်ရေကြီးမှုကြောင့် ဆွာချောင်းရေလှောင်တံမံကျိုးပေါက် ပျက်စီးခဲ့သည့်အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ဆွာချောင်းတံတားကို ဘေလီတံတားအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြင်ဆင်ဆောင်ရွက်နေပြီး ယင်းတံတား ပြင်ဆင်ပြီးလျှင် ကုန်ကားများကို ဖြတ်သန်းသွားလာခွင့်ပြန်လည် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။