စီးပွားရေး

ဥရောပ ကုန်သည်ကြီးများ မန္တလေး လုပ်ငန်းရှင်များနှင့် စီးပွားရေး ပူးပေါင်းမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အလားအလာကောင်းသော နယ်ပယ်များ၌ ဥရောပ ကုန်သည်ကြီးများ အသင်း (EuroCham Myanmar)က စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာတို့ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသည်။

သြဂုတ် ၃၀ ရက်၌ မန္တလေးမြို့တွင် ဥရောပ ကုန်သည်ကြီးများ အသင်းနှင့် မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းတို့ကြား စီးပွားရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ကြ ခြင်း ဖြစ် သည်။

EuroCham Myanmar ၏ အလုပ်အမှုဆောင် ဒါရိုက်တာ မစ္စတာ ဖီးလစ်ပ် က မန္တလေးတိုင်းသည် ပထဝီ အနေ အထား နှင့် သယ်ယူပို့ဆောင် လမ်းကြောင်းများ အရ အချက်အချာကျသည့် အတွက် ဥရောပနှင့် မြန်မာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များကြား ကူးသန်း ရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် နှစ်နိုင်ငံ MoU ရေးထိုးခြင်း ဖြစ်သည်ဟု ပြောသည်။

မစ္စတာ ဖီးလစ်ပ် က “စိန်ခေါ်မှုအနေနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေ ပြေလည် သွား ရင် မြန်မာနိုင်ငံ အတွက် စိန်ခေါ်မှုတွေကနေ အခွင့်အလမ်းတွေ ဖြစ်သွားမှာပါ။ ဥရောပ ဖြစ်ဖြစ်၊ တရုတ် ဖြစ်ဖြစ် သမိုင်းကြောင်း ပြန်ကြည့်ရင် ကုန်သွယ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက အခက်အခဲတွေ အကုန် ဖြေရှင်းပေးသွား ပါတယ်။ ဒီလို မော်ဒယ်မျိုးကို မြန်မာလည်း နမူနာ ယူသင့်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ MoU အရ မန္တလေးရှိ အလားအလာကောင်းမွန်သော နယ်ပယ်များ၌ ဒေသခံ စီးပွားရေး အဖွဲ့အစည်းများနှင့် ဥရောပ ကုန်သည်ကြီးများ ချိတ်ဆက်ကာ နှစ်ဖက် အကျိုးရှိသည့် စီးပွားရေး အခွင့်အလမ်း ကောင်းများ ဖန်တီးသွား နိုင်ရန် ရည်ရွယ်ကြောင်းလည်း သိရသည်။

ဥရောပ ကုန်သည်ကြီးများ အသင်းက မြန်မာ့ စီးပွားရေးနှင့် ပတ်သက်၍ နှစ်စဉ် စစ်တမ်းများ ကောက်ယူခဲ့ရာ ၂၀၁၇ ခုနှစ်က မန္တလေးတိုင်း အကြောင်း စစ်တမ်း ကောက်ယူခဲ့ပြီး မန္တလေးတိုင်းတွင် စိုက်ပျိုးရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ခရီးသွား ကဏ္ဍနှင့် ဝန်ဆောင်မှု လုပ်ငန်းများသည် အလားအလာ အကောင်းဆုံး လုပ်ငန်း ဖြစ်ကြောင်း ဆိုထားသည်။

ယင်းကဏ္ဍများ၌ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရ သည်။

မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက“ဥရောပ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ရင် ကိုယ့် လုပ်ငန်းအတွက် နည်းပညာ အတွေ့အကြုံတွေ၊ SME (အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ) အတွက် အရေး ပါတဲ့ အရင်းအနှီးတွေ ရမယ်လို့ မျှော်မှန်းပါတယ်”ဟု ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ယခု သြဂုတ်လ အထိ မန္တလေးတိုင်း အတွင်း အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံ တန်ဖိုးရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့ရာ ဥရောပ၏ ရင်းနှီးမြှုပ်နှံမှုသည် မြို့သာ စက်မှုဇုန်ရှိ မွေးမြူရေး အစာ ထုတ်လုပ်ရေး စက်ရုံတခုသာ ရှိပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးသည် တရုတ်နိုင်ငံမှ ဖြစ်ကြောင်း မန္တလေးတိုင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက သိရသည်။

ဥရောပ ကုန်သည်ကြီးများ အသင်းသည် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်က စတင် ရောက်ရှိခဲ့ပြီး ဥရောပသမဂ္ဂ ၏ ငွေကြေး အထောက်အပံ့ဖြင့် ဥရောပ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်နေသည့် အဖွဲ့အစည်း တခုဖြစ် သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading