အင်ဒိုနီးရှားငွေ ရူပီးယား (Rupiah) က အမေရိကန် ဒေါ်လာနှင့် ယှဉ်လျှင် နှစ်ပေါင်း ၂၀ အတွင်း တန်ဖိုး အနိမ့်ဆုံးသို့ ရောက်ရှိလာခဲ့ရာ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ထွန်းသစ်စ ဈေးကွက်မှ ပိုင်ဆိုင်မှုများကို ဆက်လက် ထိန်းသိမ်းထားရေးအတွက် စိုးရိမ်မှုများ တိုးလာသည်။
သြဂုတ်လ ၃၁ ရက်နေ့ ညသန်းခေါင်တွင် တဒေါ်လာလျှင် ၁၄၈၄၀ ရူပီးယားအထိ ရောက်ရှိသွားခဲ့ပြီး အာရှ ဘဏ္ဍာရေး အကျပ်အတည်း ပြီးခဲ့သည့် ၁၉၉၈ ခုနှစ် ဇူလိုင်လ နောက်ပိုင်းတွင် အနိမ့်ဆုံး ဖြစ်သည်။
ငွေတန်ဖိုး ကျဆင်းမှု ရပ်တန့်ရေး အတွက် ဗဟိုဘဏ်က ဝင်ရောက်ပတ်သက်ခဲ့သည်။
“စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းဖို့ Bank Indonesia ရဲ့ ကတိကဝတ်က အလွန် ခိုင်မာပါတယ်။ အထူးသဖြင့် ရူပီးယား ငွေလဲလှယ်နှုန်း တည်ငြိမ်ရေး ဖြစ်ပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံ၏ ဗဟိုဘဏ် ဖြစ်သော Bank Indonesia ၏ အုပ်ချုပ်ရေးမှူး Perry Warjiyo က ပြောသည်။
“ဒါကြောင့် ကျနော်တို့က နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်အတွင်းမှာ ဝင်ရောက်ပတ်သက်မှု ပမာဏကို ပြင်းထန်လာအောင် လှုံ့ဆော်ခဲ့၊ တိုးမြှင့်ခဲ့ပါတယ်”
နောက်ဆုံးတန်ဖိုး ကျခြင်းမှာ သြဂုတ်လ ၃၀ ရက်နေ့တွင် အာဂျင်တီးနား ပီဆိုငွေ တန်ဖိုးကျပြီးနောက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှားငွေသည် ယခုနှစ်အစပိုင်းမှ စတင်၍ ကျဆင်းလာနေခဲ့သည့် အမေရိကန်နှင့် တရုတ်နိုင်ငံကြားမှ ကုန်သွယ်ရေး တင်းမာမှု ပြင်းထန်ခြင်းအပေါ် စိုးရိမ်မှုများ ရှိနေသည့် အချိန်ဖြစ်ပြီး တူရကီနိုင်ငံ ဘဏ္ဍာရေး အကျပ်အတည်းကလည်း လွှမ်းမိုးထားသည်။
သြဂုတ်လ ၃၁ ရက်နေ့အထိဆိုလျှင် ရူပီးယားငွေသည် နှစ်စကတည်းက စ၍ ၈.၇ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့ပြီး ဖြစ်သည်။ အင်ဒိုနီးရှား ဗဟိုဘဏ်က မေလမှစတင်၍ အတိုးနှုန်းကို စုစုပေါင်း အခြေခံအမှတ် ၁၂၅ အထိ မြှင့်တင်ခဲ့သော်လည်း ဇူလိုင်လ အတွင်းတွင် ဒေါ်လာ ၁၁၁.၉ ဘီလျံရှိသည့် နိုင်ငံခြား အရန်ငွေကြေးက ကျဆင်းနေပြီး ဇန်နဝါရီ လကုန်ပိုင်းနှင့် နှိုင်းယှဉ်လျှင် ၁၀.၅ ရာခိုင်နှုန်း ကျဆင်း သွားခဲ့သည်။
ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက တိုင်းပြည်၏ စီးပွားရေးအခြေအနေ ခိုင်မာအားကောင်း၍ ခုခံနိုင်စွမ်း ရှိသည်ဟု ပြောကြား ခဲ့သည်။ တူရကီနှင့် အာဂျင်တီးနား အပါအဝင် တခြားနိုင်ငံများတွင် ဖြစ်ပျက်နေသည်များကိုလည်း ဗဟိုဘဏ်က သတိထား စောင့်ကြည့်သွားမည်ဟု ဆိုသည်။
၂၀၁၃ ခုနှစ် Taper Tantrum ကာလ (အမေရိကန် ငွေတိုက်စာချုပ်များ တန်ဖိုးမြင့်တက်ခဲ့သည့် အဖြစ်အပျက်) အတွင်းတွင် ထိခိုက်လွယ်သည့် နိုင်ငံ ၅ ခု အနက်မှ တခု ဖြစ်ခဲ့သော အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေး အခြေခံများကြောင့် ဈေးကွက် ဖိစီးမှုရှိနေသည့် အချိန်တွင် ပိုင်ဆိုင်မှုများကို အများအပြား ထုတ်ရောင်းခြင်းကြောင့် ထိခိုက်နစ်နာဖွယ်ရာ ရှိနေသည်။
နိုင်ငံ၏ ကုန်သွယ်ရေး လိုငွေပြမှုက ယခုနှစ် ဒုတိယ ၃ လပတ်အတွင်းတွင် ၈ ဘီလီယံ အထိများပြားလာပြီး (နောက်ဆုံး ၄ နှစ် အတွင်းတွင် အများဆုံး ဖြစ်သည်) ကုန်သွယ်ရေး လိုငွေပြမှုက ၅ နှစ်အတွင်းတွင် အမြင့်ဆုံးအဖြစ် ဇူလိုင်လ အတွင်း ဒေါ်လာ ၂ ဘီလီယံ အထိရောက်ရှိခဲ့သည်။
ဒုတိယ သက်တမ်းကို ထမ်းဆောင်နိုင်ရန် ကြိုးစားနေသော သမ္မတ ဂျိုကိုဝီဒိုဒိုက ရူပီးယားငွေကို ထိန်းချုပ်မှု အောက်တွင် ထားရှိနိုင်ရန် စိတ်အား ထက်သန်နေသည်။ ငွေတန်ဖိုးကျဆင်းခြင်းက လူနေမှုစရိတ်များကို မြင့်တက်စေပြီး လာမည့် ဧပြီလအတွင်း ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲတွင် သူ့ကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
အင်ဒိုနီးရှားအစိုးရက မူဝါဒ တသီတတန်းကို အကောင်အထည် ဖော်ခြင်းအားဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်ရေး အနေ အထားကို တိုးတက် ကောင်းမွန်လာစေရန် ကြိုးစားနေသည်။
နိုင်ငံခြားငွေအများအပြား ပိုမို ယူဆောင်လာပေးမည့် ခရီးသွား လုပ်ငန်းကဏ္ဍကို မြှင့်တင်လိုကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက လူသိရှင်ကြား ပြောကြားခဲ့သည်။ တိုင်းပြည်က နိုင်ငံခြားမှ လောင်စာ တင်သွင်းရခြင်းကို လျှော့ချနိုင်ရန် ပြည်တွင်းတွင် ထုတ်သည့် ဆီအုန်း ဘိုင်အိုဒီဇယ်များ အသုံးပြုခြင်းကို တိုးမြှင့်ရန်လည်း အမိန့်ထုတ်ခဲ့သည်။
သွင်းကုန် နှေးကွေးစေရေးအတွက် လူသုံးကုန်ပစ္စည်း ၉၀၀ အပေါ်တွင် သွင်းကုန်ဆိုင်ရာ ကုန်သွယ်ခွန်များကို တိုးမြှင့်ရန်လည်း အစိုးရက ရည်ရွယ်ထားသည်။
ကိုးကား ။ ။ Nikkei Asian Review