စီးပွားရေး

ကုန်သွယ်ရေး စစ်ပွဲကြောင့် တရုတ်ရှိ အမေရိကန်ကုမ္ပဏီများ အထိနာ

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံ တောင်ပိုင်းသို့ လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုက Larry Sloven ရောက်လာခဲ့သည်။ ဒေသက ကုန်ကျစရိတ် နည်းပါးသည့် ကုန်ပစ္စည်းထုတ်လုပ်ရေး ကမ္ဘာ့အချက်အချာ နေရာတခု အဖြစ် စတင်ဖွံ့ဖြိုးလာသည့် အချိန်၌ ဖြစ်သည်။ ထို အချိန်မှစ၍ လျှပ်စစ် ဓာတ်အားသုံး ကိရိယာ အမျိုးမျိုးမှသည် LED မီးလုံးများအထိ ဒေါ်လာသန်းနှင့် ချီ၍ တန်ဖိုးရှိသော ကုန်ပစ္စည်းများကို အမေရိကန်၏ အကြီးဆုံး လက်လီအရောင်း ကုမ္ပဏီ အချို့ထံ သူ တင်ပို့ခဲ့ပြီး ဖြစ်သည်။

ယခုအခါတွင် ထိုခေတ်က အဆုံးသို့ ရောက်လာဖွယ် ရှိပါသည်။

နှစ်ပေါင်းများစွာအတွင်း ကုန်ကျစရိတ် မြင့်တက်လာခြင်း၊ စည်းကမ်း ဥပဒေများ ပိုမိုတင်းကျပ်လာခြင်းနှင့် ကုန်ပစ္စည်း ထုတ်လုပ်သူများကို အကျပ်တွေ့စေသည့် စီးပွားရေးတခု တည်ဆောက်ရန် ရည်ရွယ်သည့် တရုတ် အစိုးရ မူဝါဒများကြောင့် အမြတ်အစွန်းများ လျော့နည်းသွားခြင်းကို Larry Sloven မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

သို့သော်လည်း နောက်ဆုံး ရိုက်ချက်မှာ တရုတ် နှင့် အမေရိကန် တို့၏ကြားမှ ကုန်သွယ်ရေး စစ်ပွဲကြောင့် ဖြစ်လာရသည့် ကုန်သွယ်ခွန်များနှင့် ကိုယ်ကျိုးစီးပွားကို ကာကွယ်သည့် ဝါဒ ကမ္ဘာတွင် ခေတ်စားလာခြင်း ဖြစ်ဖွယ်ရာ ရှိသည်။

“အဲဒါက တဆင့်ပြီး တဆင့်၊ တဆင့်ပြီးတဆင့် ဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့က ကုန်ကျစရိတ်တွေ ပို ပိုပြီး ကြီးမြင့်လာခဲ့ပါတယ်” ဟု ဖလော်ရီဒါ ပြည်နယ်၊ Deerfield Beach မှ Capstone ကုမ္ပဏီ အုပ်စု၏ လုပ်ငန်းခွဲ ဖြစ်ပြီး လျှပ်စစ် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နေသည့် Capstone International HK Ltd ၏ ဥက္ကဌ Larry Sloven က ပြောသည်။

တရုတ်နိုင်ငံက ၎င်း၏ စီးပွားရေးကို အဆင့်မြှင့်တင်ရန် ကျယ်ကျယ်ပြန့်ပြန့် အားထုတ်မှု၏ တစိတ်တပိုင်းအနေဖြင့် တန်ဖိုး နည်းကုန်ပစ္စည်း ထုတ်လုပ်ရေးမှသည် နည်းပညာမြင့် စက်မှုလုပ်ငန်းများသို့ ဦးစားပေးမှု ပြောင်းလဲလာသည်နှင့် အမျှ ကုန်ပစ္စည်းထုတ်လုပ်သူများမှာ အကျပ်အတည်းများကို ခံစားလာခဲ့ကြရသည်။

သို့သော်လည်း ကုန်သွယ်ခွန်များ ပေါ်ပေါက်လာခြင်းနှင့် အတူ “နောက်ဆုံးတော့ အမှန်တရားကို ငါရင်ဆိုင်ရမယ် ဆိုတာနဲ့ အတူ လူတိုင်း နိုးထလာခဲ့ကြပါတယ်” ဟု သူက ပြောသည်။ နောက်လာမည့် ကုန်သွယ်ခွန်များက သူတို့ကို သတ်လိမ့် မည်ဟု ကုန်ပစ္စည်းထုတ်လုပ်သူများ ပိုမို၍ စိုးရိမ်လာနေကြသည်။

ယခုအခါတွင် Larry Sloven က တရုတ်နိုင်ငံမှ အနေအထားကို ထိန်းသိမ်းရန် အတွက် ဖွံ့ဖြိုးလာသည့် ကုန်ပစ္စည်းထုတ် လုပ်ရေး အချက်အချာများ ဖြစ်သည့် ထိုင်းနိုင်ငံကဲ့သို့သော နေရာများတွင် လုပ်ငန်းခွဲရန် ကြိုးစားနေသည်။

“ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ ကမ္ဘောဒီးယား တို့က အခွင့်အလမ်း အလားလာတွေရှိတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အများစု ထင်ထားသလောက်တော့ လွယ်မှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံမှာ နောက်ထပ် ဘာတွေဖြစ်လာမယ် ဆိုတာကိုလည်း ခင်ဗျား မသိနိုင်ဘူးလေ” ဟု သူက ပြောသည်။

ဆေးပစ္စည်းများမှသည် စိုက်ပျိုးရေး ကိရိယာများ အထိထုတ်လုပ်နေသည့် ကုန်ပစ္စည်း ထုတ်လုပ်သူ တဒါဇင် ကျော်နှင့် တွေ့ဆုံ မေးမြန်းသည့် အခါ အမေရိကန်နိုင်ငံသို့ ပစ္စည်းများတင်ပို့နေကြသည့် ကုမ္ပဏီများက တရုတ်နိုင်ငံတွင် ကုန်ပစ္စည်း များထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ပြန်လည်တွက်ချက်မှုများ ပြုလုပ်နေကြသည်ကို မြင်တွေ့ရသည်။

“ကုန်သွယ်ခွန်တွေရောက်မလာခင် ကထဲက ကျနော်တို့က ထုတ်လုပ်ရေးရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို တရုတ်နိုင်ငံကနေ အမေရိကန်ကို ပြောင်းရွှေ့ဖို့ ကျနော်တို့ ကြိုးစားနေခဲ့ပါတယ်” ဟု ဆေးဝါးပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတခု ဖြစ်သည့် Premier Guard ၏ ဥရောပ ဆိုင်ရာ ဒါရိုက်တာ Charles M. Hubbs က ပြောသည်။ လုပ်ခလစာများ မြင့်တက်လာခြင်း၊ အလုပ်သမား နည်းပါးလာခြင်းနှင့် ကုန်ကျစရိတ် မြင့်မားလာခြင်း စသည့် အကြောင်းများကြောင့် ဖြစ်သည်။

“နောက်ဆုံး ပေါ်လာတဲ့ ကုန်သွယ်ခွန်တွေနဲ့ ပတ်သက်လို့ အဲဒါတွေက အမှတ်တကယ် သက်ရောက်မှု ရှိလာရင် တရုတ်နိုင်ငံက ကျနော်တို့ ထုတ်လုပ်ရေးတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို အမေရိကန်ကို ရွှေ့ပြောင်း ကောင်း ရွှေ့ပြောင်းနိုင်ပါတယ်။”

အခြား ကုမ္ပဏီများကလည်း သူတို့အတွက် ရွေးချယ်စရာများကို ပြန်လည်သုံးသပ်နေကြသည်။

“ကုန်သွယ်ခွန် နဲ့ပတ်သက်လို့ အခု အခြေအနေမျိုးမှာ ကျနော်တို့လို ကုမ္ပဏီတွေနဲ့ အခြားကုမ္ပဏီတွေအတွက် သက်ရောက်မှုတွေနဲ့ ပတ်သက်လို့ ကုမ္ပဏီတွင်း ပြန်လည် ဆန်းစစ်မှုတွေ ပြုလုပ်ပြီး ရှောင်လွှဲနိုင်ဖို့ ကြိုးစားတာက ဖြစ်ရိုး ဖြစ်စဉ်ပါပဲ” ဟု အမေရိကန် ထုတ်လုပ်ရေး ကုမ္မဏီတခုမှ တရုတ်နိုင်ငံ အခြေစိုက် အကြီးတန်း အမှုဆောင် တဦးက ပြောသည်။

ဆောင်ရွက်မှုများထဲတွင် တရုတ်နိုင်ငံတွင် နောက်ထပ် အရင်းအမြစ် ပြုလုပ်ခြင်းကို ကန့်သတ်ခြင်း၊ အခြားနိုင်ငံများသို့ ပြောင်းရွှေ့၍ အရင်းအမြစ် ပြုလုပ်ခြင်း သို့မဟုတ် အမေရိကန် နိုင်ငံသို့ ပြန်ယူသွားခြင်းများ ပါဝင်နိုင်ပါသည်။

ထောက်ပံ့ရေးလိုင်းအတွက် အန္တရာယ်

သမ္မတ ဒေါ်နယ်ထရမ့်က တရုတ် နိုင်ငံတွင် ထုတ်လုပ်သည့် ပစ္စည်းများအပေါ် ကုန်သွယ်ခွန် စည်းကြပ်ရန် ခြိမ်း ခြောက် ခြင်းနှင့်အတူ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြားမှ အရှိန်မြင့်တက်လာသော လက်တုန့်ပြန် စစ်ပွဲက ကြီးမားစွာ ပေါင်းစပ် ထားပြီး ကမ္ဘာအနှံ့ဖြန့်ကျက်ထားသည့် ထောက်ပံ့ရေးကွင်းဆက်များအပေါ် ကြီးမားသော ဂယက်ရိုက်မှု ရှိလာနိုင် ပါသည်။

အချို့ အတွက် သက်ရောက်မှုက သိသာထင်ရှားပြီး တိုက်ရိုက် ဖြစ်သည်။

ကုန်သွယ်ခွန်များကြောင့် တရုတ်နိုင်ငံ Jiangsu ပြည်နယ်၊ Changzhou မြို့တွင် ထုတ်လုပ်သည့် လယ်ယာသုံး ပစ္စည်း ကိရိယာများ အတွက် အမေရိကန်နိုင်ငံတွင် ဈေးနှုန်းအရ မယှဉ်ပြိုင်နိုင်အောင် ဖြစ်စေလိမ့်မည်ဟု Georgia အခြေစိုက် AGCO Corp က အမေရိကန် အစိုးရ ကုန်သွယ်ရေးအဖွဲ့အစည်း ဖြစ်သည့် United States Trade Representative သို့ ပြောသည်။

မြောက်အမေရိကမှ ဓာတုဗေဒလုပ်ငန်းတခု ဖြစ်သည့် Maroon Group က ဈေးကွက် အပြင်မှ ဈေးနှုန်း ဖြစ်သွားလိမ့်မည် ဟု ပြောသည်။ တရုတ်နိုင်ငံတွင် ပြုလုပ်သော လေအေးစက် အစိတ်အပိုင်းများကို Houston တွင် ပြန်လည် တပ်ဆင် ထုတ်လုပ်သည့် Goodman Global ကလည်း အလားတူ ပြောသည်။

အချို့ ကုမ္ပဏီများက ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။ ပရိဘောဂ ထုတ်လုပ်သည့် လုပ်ငန်းများ ဖြစ်ကြသော At Home Group Inc နှင့် RH တို့က တရုတ်နိုင်ငံမှ သူတို့၏ ထုတ်လုပ်ရေးများကို ဖြတ်တောက်မည် ဖြစ်ကြောင်း ပြောခဲ့ကြ သည်။

ထောက်ပံ့ရေး ကွင်းဆက်များကို ချိန်ညှိရန် အချို့က ကြိုးစားနေကြသည်။ ဟော်လန် အခြေစိုက် အာဟာရ ကုမ္ပဏီ Royal DSM ၏ လုပ်ငန်းခွဲ ဖြစ်သော DSM China Ltd က တရုတ်အစိုးရ၏ သွင်းကုန်ခွန်များကို ရှောင်ရှား နိုင်ရန် အတွက် အမေ ရိ ကန် ထုတ် ပဲပိစပ်များ နေရာတွင် ဒေသတွင်းတွင်ရရှိနိုင်သည့် ပဲမှုန့် ကဲ့သို့သော ပါဝင်ပစ္စည်း အသစ်များဖြင့် အစားထိုး နိုင်ရန် ကြိုးစားနေသည်။

“ကုန်သွယ်ရေးတင်းမာမှုကနေ စွန့်စားရမှု မြင့်တက်လာတာက ကျနော်တို့ကို စီးပွားရေးတခုလုံး အတွက် ဘယ်လိုကြည့် ရမယ် ဆိုတာ စစ်ဆေး ဖော်ထုတ်ဖို့ တွန်းအားတခု ဖြစ်စေပါတယ်” ဟု DSM China ၏ ကမ္ဘာ့ဈေးကွက် မြှင့်တင်ရေး ဗျူ ဟာဆိုင်ရာ ဒါရိုက်တာ Bernard Cheung က ပြောသည်။

အချို့အတွက် တုန့်ပြန်မှုက ထောက်ပံ့ရေးကွင်းဆက်တွင် သူတို့မည်သည့်နေရာတွင် ရှိသည်ဆိုသည်က ဆုံးဖြတ်ပေး သည်။

ဖောက်သည်များက သူတို့၏ ထုတ်လုပ်ရေး အချို့ကို တရုတ်နိုင်ငံ အပြင်ဖက်သို့ ပြောင်းရွှေ့သွားခဲ့ပြီးနောက် George Foreman နှင့် Baker’s Secret ကဲ့သို့သော အမေရိကန် မီးဖိုချောင်သုံး ပစ္စည်း အမှတ်တံဆိပ်များ တွင် အသုံးပြုရန် အဆင့်မြင့် ဓာတု ပစ္စည်းများမှာ ကြားမှု ၃၀မှ ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးနောက် အမေရိကန် အခြေစိုက် GMM Nonstick Coatings က ထုတ်လုပ်ရေး အချို့ကို အိန္ဒိယသို့ ပြောင်းရွှေ့ခဲ့သည်။

“ဒီ ကုန်သွယ်ခွန် ကိစ္စက တရုတ်နိုင်ငံမှာ ဆက်နေဖို့ နဲ့ အမေရိကန် အရင်းအမြစ် ဌာနတွေအတွက် ထုတ်လုပ်ရေး လွယ် ကူတဲ့ ဆီကို ပြောင်းရွှေ့ရေး ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ကွဲပြားမှုတွေ ထပ်ဖြစ်စေပါတယ်” ဟု GMM ၏ အမှုဆောင်ချုပ် Ravin Gandhi ကပြောသည်။

၂ ထရီလီယံတန် မေးခွန်း

ယခုအခါတွင် တရုတ်နိုင်ငံတွင် ကုန်ပစ္စည်း ထုတ်လုပ်ရေး အများအပြား ရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့် ကြီးမား သော ဒေသတွင်း ဈေးကွက်ကို ဦးတည်သူများ ဖြစ်သည်ဟု Ravin Gandhi က ပြောသည်။

တရုတ်နိုင်ငံတွင် ကောင်းမွန်သော အခြေခံ အဆောက်အဦး၊ ထောက်ပံံ့ရေးကွင်းဆက် ကွန်ရက်များနှင့် ကုမ္ပဏီများ ယှဉ် ပြိုင်ရာတွင် ကုန်ကျစရိတ်နည်းပါး ရေးအပြင် အဓိက အခက်အခဲတခု ဖြစ်သည့် အင်ဂျင်နီယာ စွမ်း ရည်များ ဆက်၍ ရှိနေ ဆဲ ဖြစ်သည် ဟု ရိုက်တာက တွေ့ဆုံ မေးမြန်းခဲ့သည့် ကုမ္ပဏီ အမှုဆောင်များ၏ အဆိုအရ သိရသည်။

အတိုင်းအတာ အရဆိုလျှင် တရုတ်နိုင်ငံက အလွယ်တကူ အစားထိုး၍ မရနိုင်ပါ။ Brookings Institution ၏ ဇူလိုင်လ အစီရင်ခံစာအရ တရုတ်နိုင်ငံ၏ ထုတ်လုပ်ရေး ထွက်ကုန်တန်ဖိုးက အမေရိကန် ဒေါ်လာ ၂ ထရီလီယံ ခန့်ရှိပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်သည်။

ကယ်လီဖိုးနီးယား ပြည်နယ် ဆန်တာမိုနီကာ အခြေစိုက် scooter ထုတ်လုပ်ရေး ကုမ္ပဏီ အသစ်တခုဖြစ်သည့် Bird က ဇွန်လ အတွင်းတွင် US Trade Representative ရုံးသို့ ပေးပို့ခဲ့သော စာတွင် Bird ၏ အတိုင်းအတာနှင့် လိုအပ်ချက်များအတိုင်း ထုတ်လုပ်နိုင်သည့် မည်သည့် အမေရိကန် လျှပ်စစ် scooter ကုမ္ပဏီမျှ မရှိကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ထုတ်လုပ်နေသည့် နောက်ထပ် အမေရိကန် အခြေစိုက် scooter ကုမ္ပဏီသစ်တခုမှ Keith Siilats က တရုတ်နိုင်ငံမှ ထုတ်လုပ်ရေးကို ပြောင်းရွှေ့ရန် ခက်ခဲကြောင်း ပြောသည်။ ထိုသို့ ပြုလုပ်ခြင်းအစား ကုန်ကျစရိတ်မြင့်မားခြင်းကို လက်ခံရန်နှင့် ကုန်သွယ်ခွန်ကြောင့် ဖိအားသက်သာမည့် ဥရောပမှ လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် စီစဉ်ရန် မျှော်လင့်နေသည်။

တရုတ်နိုင်ငံမှ ကုန်ပစ္စည်းထုတ်လုပ်ရေး ကဏ္ဍက ညတွင်းချင်း ပျောက်ကွယ်သွားမည် မဟုတ်သော်လည်း ပြောင်းရွှေ့ခြင်း က မလွဲမသွေ ဖြစ်လာမည်ဟု Shanghai အခြေစိုက် ProconPacific ၏ အာရှ လုပ်ငန်း ဒါရိုက်တာ Dan Krassenstein က ပြောသည်။ ProconPacific က အထူးပြုလုပ်ထားသည့် စက်မှုလုပ်ငန်းသုံး သင်္ဘောတင် အိတ် ၃ သန်းခန့် ထုတ်လုပ် နေသည်။

လုပ်ခလစာ ဈေးသက်သာမှုကို ရှာဖွေရန်နှင့် ဘေဂျင်း၏ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် အမြတ်အစွန်းနည်းပါးမှုတို့ကြောင့် ကုန်ထုတ်လုပ်ငန်းများက တောင်အာရှ နှင့် အရှေ့တောင် အာရှသို့ ပြောင်းရွှေ့နေသည်ဟု သူက ပြောသည်။

ကုန်သွယ်ခွန် မြင့်တက်လာခြင်းက ထိုသို့ရွှေ့ပြောင်းခြင်းကို အရှိန်မြှင့်ပေးနေသည်ဟုလည်း ပြောသည်။

လွန်ခဲ့သော ၅ နှစ်က သူ၏ ကုမ္ပဏီသည် ထုတ်လုပ်မှုအားလုံးကို တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့သော်လည်း ယခုအခါတွင် ၄ ပုံ တပုံကို အိန္ဒိယတွင် ပြုလုပ်၍ ဗီယက်နမ်တွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အတွင်း ထုတ်လုပ်နေသည်။

ထိုင်းနိုင်ငံကလည်း ၎င်း၏နိုင်ငံကို ဒေသတွင်းမှ ထုတ်လုပ်ရေး အချက်အခြာနေရာတခု အဖြစ်မြှင့်တင်နေပြီး စက်မှုလုပ်ငန်း အချို့ အတွက် ကော်ပိုရိတ် ဝင်ငွေခွန်ကို ၈ နှစ်အထိ ကင်းလွတ်ခွင့်ပေးခြင်း နှင့် ကုန်ကြမ်း ပစ္စည်းအချို့အတွက် သွင်းကုန်ခွန် ကင်းလွတ်ခွင့် ပေးခြင်းကဲ့သို့သော မက်လုံးများပေးနေသည်။

ထိုင်းနိုင်ငံ Board of Investment ၏ အဆိုအရ ထိုင်းနိုင်ငံ၏ ကော်ပိုရိတ် ဝင်ငွေခွန် နှုန်း ၂၀ ရာခိုင်နှုန်းက အရှေ့တောင် အာရှ နိုင်ငံများအတွင်းတွင် ဒုတိယ အနိမ့်ဆုံး ဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံသည် အချို့ အီလက်ထရောနစ် ပစ္စည်းနှင့် အစိတ်အပိုင်းများအတွက် အချက်အခြာနေရာတခု ဖြစ်နေခဲ့ပြီး ဖြစ် သည်။ ပစ်မှတ်ထားသည့် စက်မှုလုပ်ငန်းများကို တွန်းအားပေးရန် စက်မှုဇုန်များကို အစိုးရက ဆက်တိုက် အကောင် အ ထည် ဖော်နေသည်။

တရုတ်- အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်တခုကလည်း အမေရိကန်နှင့်ရော တရုတ်နှင့်ပါ ကုန် သွယ်နေသည့် ကုမ္ပဏီများအတွက် ကုန်သွယ်ရေးစစ်ပွဲ၏ အန္တရယ်များကို သက်သာစေပါသည်။

“အခုအခါ ထိုင်းအစိုးရက အဲဒီကို ပြောင်းရွှေ့ဖို့ အလွန်လွယ်ကူအောင် လုပ်နေပါတယ်” ဟု Larry Sloven က ပြောသည်။

“အရင်ကဆိုရင် တရုတ် အစိုးရက ကုန်ပစ္စည်းထုတ်လုပ်ရေးကို အားပေးတယ်။ အခုတော့ သူတို့က ထုတ်လုပ်ရေးလုပ် ငန်း ရဲ့ တိုးတက်မှုကို မကြည့်တော့ဘူး။ သူတို့က အဆင့်မြင့် နည်းပညာကို ရှာဖွေနေတယ်” ဟု သူက ပြောသည်။

“အဲဒါက လင်ယောကျာ်း တယောက်ကို သူ့မိန်းမက ရှင့်ကို ကျမ မချစ်တော့ဘူးလို့ လာပြောတာမျိုးနဲ့ နည်းနည်း တူပါတယ်။”

( Reuters သတင်းဌာန၏ Trade War Puts New Strains on America Inc’s Factories in China ဆောင်းပါးကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading