“ကန်စွန်းရွက် တစီး ၄၀၀ ပါ”
ဈေးသည်ရဲ့ အပြောကြောင့် ဒေါ်ကလေးမ တယောက် ရင်တုန်သွားသလို ခံစားလိုက်ရပြီး ကျန်တဲ့ အသား၊ ငါး ဈေးနှုန်း တွေကို မမေးရဲသလောက်ပင် ဖြစ်မိလေပါတော့တယ်။
အိမ်ရှင်မများ ညည်းတွားသံများကို မကြာခဏ ဆိုသလိုပင် ကြားနေမိပါတယ်။ အဲဒါကတော့ ကုန်ဈေးနှုန်း တက်နေခြင်း အပေါ် ညည်းတွားကြခြင်းပဲ ဖြစ်ပါတယ်။
ယခင် ကန်စွန်းရွက် တစီးကို ၁၅၀ ကျပ်ကနေ ၂၀၀ ကျပ် အထိသာ ရှိခဲ့ပြီး ယခုရက်ပိုင်းမှာပဲ ၄၀၀ အထိ ဈေးတက် လာ တာ ဖြစ်ပါတယ်။ ကန်စွန်းရွက်လိုပဲ နေ့စဉ်သုံး စားသောက်ကုန်များ၊ အသား၊ငါး စတဲ့ စားသောက်ကုန် ဈေးတွေ တက်နေ တာဟာ အိမ်ရှင်မတွေ အတွက် အခက်တွေ့စေပါတယ်။
တာမွေမြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မ တဦး ဖြစ်တဲ့ ဒေါ်ကလေးမက “မြေပဲဆီ ၁ ပိဿာ ယခင်က ၅၅၀၀ ကျပ်ကနေ အခု ၆၀၀၀၊ ၆၂၀၀ ကျပ် အထိ မြင့်တက်ခဲ့တယ်။ ဝက်သားဆိုရင် ၁၀ သား အရင်က ၈၀၀ ကျပ် အခု ၁၀၀၀ ကျပ် ကနေ ၁၂၀၀ ကျပ် အထိ ဖြစ်လာတယ်”လို့ ပြောဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံကို ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်မှု နည်းပါးခြင်း၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ လုပ်ငန်း လည်ပတ်ရန်အတွက် ဗဟိုဘဏ်ရဲ့ ငွေကြေး မူဝါဒ အပြောင်းအလဲ၊ ဘဏ်ချေးငွေ ရရှိမှု အခက်အခဲတွေကြောင့် လုပ်ငန်း လည်ပတ်ရန် ခက်ခဲနေခြင်း၊ ထိုသို့ လုပ်ငန်း လည်ပတ်မှု မရှိနိုင်တာကြောင့် လုပ်ငန်း ရပ်ဆိုင်းထားမှုများလည်း ရှိနေသလို ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေခြင်း၊ အလုပ်လက်မဲ့ များနေခြင်း တို့ကိုလည်း ကြုံတွေ့နေရ ပါတယ်။
အဲဒီလို အခက်အခဲတွေကြားထဲက ကုန်ဈေးနှုန်း မြင့်နေခြင်းမှာလည်း တပူပေါ်တပူဆင့် ဆိုသလို လခစား ပြည်သူများနဲ့ အခြေခံ လူတန်းစားများ အတွက် ဝန်ပိနေပါတယ်။
ကုန်စည်တိုင်းလိုလို ဈေးတက်နေတဲ့အထဲက သိသိသာသာနဲ့ တရိပ်ရိပ် မြင့်တက်နေတဲ့ အခြေခံ စားသောက်ကုန်ထဲမှာ ဆန်ဈေးနှုန်းလည်း ပါဝင်နေပါတယ်။
သြဂုတ် လဆန်းပိုင်းက စတင်ပြီး ဆန်ဈေးနှုန်းတွေကလည်း လက်လီဈေး ရိုးရိုးပေါ်ဆန်း ဆန် ၁ ပြည်ကို ကျပ် ၃၀၀ ခန့် မြင့်တက်ခဲ့ပါတယ်။
ဆန်ဈေးတက်တာက မြန်မာနိုင်ငံမှာ နေရာအနှံ့အပြား ရေကြီး ရေလျှံမှု ဖြစ်ပွားနေသလို အဲဒီ ဒေသတွေမှာ သွားရောက် လှူဒါန်းဖို့ အတွက် ဆန်ဝယ်ယူမှုများ ရှိနေတာကြောင့်လည်း ပါသလို၊ ပြည်ပကို ဆန်တင်ပို့မှု အားကောင်းလာတာနဲ့ ဆန် ကုန်သည်တွေရဲ့ ဈေးကစားမှုတွေကြောင့်လည်း ပါဝင်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းက သိရပါတယ်။
ကုန်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းမှာ သြဂုတ်လ ဆန်းပိုင်းကတည်းက ဖြစ်ပြီး အခြေခံ စားသောက်ကုန် များဖြစ်ကြတဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပဲမျိုးစုံ၊ ကုန်စိမ်း၊ အသား၊ ငါး ဈေးများ မြင့်တက် လာပါတယ်။
ကုန်ဈေးနှုန်း ဘာကြောင့် မြင့်ရသလဲ ဆိုတဲ့ အကြောင်းအရင်းတွေထဲမှာတော့ ပြည်ပနိုင်ငံတွေကနေ လူသုံးကုန်၊ စား သောက်ကုန်တွေက အစ တင်သွင်းနေရတဲ့ မြန်မာနိုင်ငံ အတွက် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း မြင့်တက် လာတာဟာ လည်း တချက် အပါအဝင် ဖြစ်နေပါတယ်။
အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားဟာ ယခုနှစ် ဇွန်လဆန်းပိုင်းကတည်းက ဆက်တိုက် မြင့်တက်နေပြီး ယခု စက်တင် ဘာ လဆန်း ပေါက်ဈေး အနေနဲ့လည်း ကျပ် ၁၅၀၀ ကျော် ဝန်းကျင်မှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။
ပြည်တွင်း ရွှေဈေးနှုန်းမှာလည်း စက်တင်ဘာ ၃ ရက်နေ့ ပေါက်ဈေးအရ ၁၆ ပဲရည် အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၉ သိန်း ၇ သောင်းကျော်နဲ့ အမြင့်ပိုင်းမှာပဲ ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေ ကောင်းမွန်မှု ရှိမရှိက နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်မှု အခြေအနေနဲ့လည်း တိုက်ရိုက် ဆက်သွယ်လျက် ရှိနေတယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက ပြောဆိုထားကြပါတယ်။
ဒေါ်လာဈေး မြင့်တာနဲ့ အတူ သွင်းကုန် အားကိုးမှု ပြုနေရတဲ့ မြန်မာနိုင်ငံအတွက် နောက်ဆက်တွဲ ရိုက်ခတ်မှု အနေနဲ့ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတ်မြေသြဇာများ၊ လူသုံးကုန် ပစ္စည်းများ၊ ဆေးဝါးများသာ မက စားသောက်ကုန် ဈေးနှုန်းများပါ မြင့်တက်လာခြင်း ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ကို ကြိုးစား ရုန်းကန်နေရတဲ့ အနေအထား တခုမှာပဲ ရှိနေသေးပါတယ်။
အဲဒီလို အခြေအနေမျိုးမှာ အခြေခံ လက်လုပ်လက်စား လူတန်းစားများ၊ ဝင်ငွေနည်းပါး သူတွေအနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အလူးအလဲ ခံစားနေကြရပါတယ်။
ဘောဂဗေဒ ပညာရှင် ဒေါက်တာ မြင့်စန်းက “ဒေါ်လာနဲ့ ပေးဝယ်ရတဲ့ သွင်းကုန် ဈေးနှုန်းတွေ မြင့်တဲ့အတွက် ပေးရတဲ့ ကျပ်ငွေ တန်ဖိုး များလာတယ်။ နောက်တခုက စွမ်းအင် ဈေးနှုန်းတွေ တက်မယ်။ ဒါဆိုရင် သယ်ယူပို့ဆောင်ခတွေ တက် မယ်။ အဲဒီလိုဆိုရင် ကုန်ဈေးနှုန်းတက်မယ်။ ဒါက သူဋ္ဌေးအပေါ်မှာ သက်ရောက်တာ မသိသာပေမယ့် ဆင်းရဲနွမ်းပါးသူတွေ အဲဒီ ဒဏ်ကို ခံနိုင်ပါ့မလား။ မြင့်တက်မှုက ကာလတိုလား၊ ကာလရှည်လား။ ကာလတို ဆိုရင် ကိစ္စမရှိဘူး။ ကာလရှည် ဆိုရင် ဆင်းရဲသား ပြည်သူလူထုက ဒီဒဏ်ကို ခံနိုင်ပါ့မလား”လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်း မြင့်နေမှုကို ထိန်းချုပ်မယ့် အဖွဲ့အစည်းအနေနဲ့ ယခင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်မှာ ကုန်ဈေးနှုန်း ထိန်းချုပ်ရေး ကော်မတီ တရပ် ဖွဲ့စည်းခဲ့ပေမယ့်လည်း အဲဒီကော်မတီ သက်ဝင် မှု မရှိတာကို တွေ့ရပါတယ်။
သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာတွေ၊ ဗဟိုဘဏ်က ဝန်ကြီးဌာန တွေ၊ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေနဲ့ ပူးပေါင်းပြီးတော့ ဒေါ်လာဈေး တည်ငြိမ်ရေးအတွက် ကြိုးစားနေတာတွေ လုပ်ဆောင် နေပေမယ့် ကုန်ဈေးနှုန်း ကျဆင်းလာခြင်း မရှိသလို ဒေါ်လာဈေးလည်း အမြင့်ပိုင်း နေရာမှာပဲ ရှိနေဆဲ ဖြစ်နေ ပါတယ်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟို စာရင်းအင်း အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စားသုံးသူ ဈေးဆနှုန်း (Consumer Price Index-CPI) မှာ နှစ်အလိုက် ပြောင်းလဲမှု အခြေအနေမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ၁၃၉ ဒသမ ၃၄ ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အခြေအနေမှာ ၁၃၂ ဒသမ ၄၁ ဖြစ်တာကြောင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၂၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
၂၀၁၈ ဇန်နဝါရီလ အထိ အစားအစာ အုပ်စုမှာ ဆန်၊ ဆီက အစ အခြေခံ စားသောက်ကုန်ဈေးများ မြင့်တက်နေပြီး အစား အစာ မဟုတ်သည့် အုပ်စု ဈေးနှုန်းများ သိသိသာသာ မြင့်တက်နေကြောင်းကိုလည်း ဖော်ပြထားပါတယ်။
ပြည်တွင်း စီးပွားရေး အခြေအနေ ကောင်းမွန်မှု မရှိတဲ့အတွက် ဝန်ထမ်းတွေကို လစာ တိုးမြှင့် မပေးနိုင်သလို လစာနဲ့ အိမ် စရိတ်၊ စားစရိတ် လောက်ငဖို့ သုံးစွဲနေရတဲ့ ပြည်သူတွေ ဘဝကတော့ စုဆောင်းဖို့ ဆိုတာ အလှမ်းမမီနိုင် ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
လျှပ်စစ်ကုမ္ပဏီ ဝန်ထမ်း မစုမြတ်က “ကုန်ဈေးနှုန်း တက်လို့ အိမ်ငှားခ မတက်ပေမယ့်၊ အရင်ကဆို လစာထဲက ချွေတာ စားပြီး အိမ်ငှားခကို ပေးဖို့ပဲ စဉ်းစားရတယ်။ အခုက ကြက်ဥ ၁ လုံး ၁၅၀ ဖြစ်နေတော့ နေ့စဉ် စားစရိတ် အတွက်ကို ခေါင်း ခဲနေရတယ်။ စုဆောင်းဖို့ အိမ်ပိုင်ဖို့ ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ပျောက်ကုန်ပါပြီ”လို့ ပြောပါတယ်။
ကုမ္ပဏီ ဝန်ထမ်းတွေနည်းတူပဲ အစိုးရ ဝန်ထမ်းများမှာလည်း လစာ နည်းပါးတဲ့အပြင် ကုန်ဈေးနှုန်းမြင့်တက်မှု ဒဏ်တွေ ဖိစီးနေပါတယ်။
ပြည်တွင်း စားသုံးဆီဈေးတွေ အနေနဲ့ကတော့ ပဲဆီဈေး ယခင် တပိဿာ ၄ ထောင်ကျပ် ကျော်လောက်က ယခုဆို ၆ ထောင် ကျော်၊ ၇ ထောင်ကျော် အထိလည်းကောင်း၊ စားအုန်းဆီဈေးကတော့ ၁ပိဿာကို အရင် ၁၃၀၀ ကျော်ရှိရာ ကနေ ၁၆၀၀ ကျော်သို့လည်းကောင်း လက်ရှိအချိန်မှာတော့ ၁၈၀၀ ကျော်နဲ့ ၁၉၀၀ ကျော် အထိ ရောက်ရှိ နေတယ်လို့ ဆီ လုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။
မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်စိုးက “ကျနော်တို့ ပြည်တွင်း ထုတ်တဲ့ ဆီထက်စာရင် အခု လက်ရှိ ကတော့ စားအုန်းဆီပေါ့နော်။ စားအုန်းဆီဈေးကတော့ ရှိတဲ့ ဈေးထက်တော့ မြင့်သွားတာ။ ပြည်တွင်း မြေပဲဆီဈေးလည်း တက်လာတယ်”လို့ ပြောပါတယ်။
သယ်ယူ ပို့ဆောင်ရေးမှာ အဓိက ကျသော စက်သုံးဆီ ဈေးနှုန်းများမှာလည်း နိုင်ငံခြားမှ တင်သွင်းရတာကြောင့် ဒေါ်လာ ဈေး မြင့်တက်နေမှုနဲ့ အတူ ၁ လီတာ ကျပ် ၁ ထောင် ကျော် ဈေးမြင့်တက်လျက် ရှိနေပါတယ်။ ဈေးနှုန်း တက်လာ တော့ အငှားယာဉ်တွေ အတွက်လည်း မကိုက်တော့သလို စီးနင်းသူတွေအတွက်လည်း အခက်ဖြစ်စေတဲ့ အကျပ်အတည်း အခြေအနေ တခု ရောက်နေပါတယ်။
အငှားယာဉ်မောင်း ဦးကျော် က“တက္ကစီ မောင်းရတာလည်း အရင်လို မကိုက်တော့ဘူး။ ကျနော်တို့က ဈေးတင်တော့ စီးနေကျ ဖောက်သည်က ပုံမှန် ဈေးထက် ပိုမပေးချင်ဘူး။ အဲဒီတော့ ကျနော်တို့မှာ အခက် တွေ့တယ်။ ဆီဈေးကမြင့်၊ ကားလမ်းတွေက ပိတ်တော့ ပိုဆိုးတယ်”လို့ ပြောဆိုပါတယ်။
နောက်ထပ် လူသုံး အများဆုံး ပစ္စည်းကတော့ ဆေးဝါး ပစ္စည်းပဲ ဖြစ်ပါတယ်။ ဆေးဝါး ဈေးနှုန်းများလည်း အမျိုးအစား လိုက်ပြီး အနည်းဆုံး ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ တဖြည်းဖြည်း မြင့်တက်လျက် ရှိပါတယ်။
ရန်ကုန်မြို့ ရွှေပြည့်စုံဈေးရှိ မြင့်မြတ်ဖြူစင် ဆေးဆိုင်ပိုင်ရှင် မခင်ကျော့ဖြူက“ဆေးဝါးတွေကတော့ မတက်တဲ့ ဆေးဆို တာ မရှိပါဘူး။ တချို့ ဆေးဝါးတွေ ဆိုရင် ၂၀ ရာခိုင်နှုန်းလောက်ထိကို ဈေးတက်တာရှိတယ်။ တချို့ကလည်း ၅ ရာခိုင်နှုန်း လောက်ကိုပဲ ၃၊ ၄ ကြိမ်လောက် တက်လာတယ်”လို့ ပြောပါတယ်။
ဒေါ်လာဈေး စတက်လာတဲ့ ဇွန်လလောက် ကတည်းကပင် ဆေးဝါးပစ္စည်းများမှာ ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်တယ် လို့ မခင်ကျော့ဖြူက ပြောပါတယ်။
ဆေးဝါးများကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ထိုင်း နိုင်ငံတို့ကနေ အများဆုံး တင်သွင်းပြီးတော့ ပြည်တွင်းမှာ အားဆေး မျိုး စုံနဲ့ အသည်းဆေးများမှာ ပို၍ အရောင်းသွက်တယ်လို့ ဆေးဝါးဈေးကွက်က သိရပါတယ်။
ဆေးဝါး ဈေးနှုန်း တက်လာတဲ့အတွက် ဝယ်သူတွေ အနေနဲ့လည်း ဝယ်ယူမှု နည်းသွားပြီး ကုမ္ပဏီတချို့က ဆေးဝါး ပစ္စည်း တော်တော်များများကို အရောင်း ပိတ်ထားမှုများလည်း ရှိနေတယ်လို့ ရောင်းချသူတွေက ပြောဆိုပါတယ်။
အလားတူပဲ အီလက်ထရွန်နစ် ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများလည်း ဈေးနှုန်းအတက်ပိုင်းမှာပဲ ရှိနေပါတယ်။
မင်္ဂလာတောင်ညွှန့် မြို့နယ်က သီတာ လျှပ်စစ် ပစ္စည်းအရောင်းဆိုင် ပိုင်ရှင် မသီတာက “ဈေးတွေကတော့ တက်တာ ပေါ့ နော်။ ဒေါ်လာဈေးအပေါ် မူတည်ပြီးတော့ ဒိုင်တွေ၊ ကုမ္ပဏီတွေက အရောင်းတွေ ပိတ်ကြတယ်။ ငွေဈေး အတက် အကျ ပေါ် မူတည်ပြီးတော့မှ ပြန်အတက်၊ အကျရှိမယ်လို့ပြောပါတယ်။ လျှပ်စစ် ပစ္စည်းတွေက ပထမတရစ် တက်တုန်း ကတော့ ၅ ရာခိုင်နှုန်း တက်တယ်။ အခု နောက်တရစ် ထပ်တက်တော့ ၁၀ ရာခိုင်နှုန်းလောက် တက်တယ်။ တက်နေတာတော့ ၁ လ လောက် ရှိသွားပြီ”လိ့ု ပြောပြပါတယ်။
လျှပ်စစ်ပစ္စည်းတွေမှာ ထိုင်းနဲ့ တရုတ်နိုင်ငံက ဝင်ရောက်မှုများပြီး တရုတ်ပစ္စည်းဈေးနှုန်းက မတက်ပေမယ့်လည်း ထိုင်း ကနေ တင်သွင်းတဲ့ ပစ္စည်းဈေးနှုန်းက မြင့်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အနည်းဆုံးလုပ်ခလစာကို ၂၀၁၈ ခုနှစ် မေလမှာ ၄၈၀၀ ကျပ် သတ်မှတ်ခဲ့ပြီး အဲဒီနှုန်းထားနဲ့ လက်ရှိ ကုန်ဈေးနှုန်း အခြေအနေက လိုက်မမီနိုင်တဲ့ အနေအထားတရပ် ဖြစ်နေတယ်လို့ အထည်ချုပ် အလုပ်သမားတွေက ဆိုကြပါတယ်။
ကုန်ဈေးနှုန်း မြင့်တက်ခြင်းမှာ ၂၀၁၄ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ် ၂၀၁၆ ခုနှစ်များတွင်လည်း သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
ယခု ၂၀၁၈ ခုနှစ်အတွင်း တဦးချင်းဝင်ငွေ နည်းပါးချိန်၊ စီးပွားရေး အကျပ်အတည်း ဖြစ်နေချိန်၊ အလုပ်အကိုင် အခွင့် အလမ်း ရှားပါးချိန်မှာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ကို ပြည်သူများ ခါးစည်းခံနေရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ယခုနှစ် မေလ အတွင်းက စီးပွားရေး ကောင်းမွန်စေဖို့နဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး တို့အတွက် တိုင်းဒေသကြီး စီမံချက်၊ စီမံကိန်းများ ချမှတ် အကောင်အထည်ဖော်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး မေးခွန်း မေးမြန်းခဲ့ရာမှာတော့ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ကုန်ဈေးနှုန်း ကျဆင်းရေး စီမံချက် ဟူ၍ သီးခြား စီမံချက် မရှိကြောင်းကို ဖြေကြားသွားခဲ့ပါတယ်။
အစိုးရ အနေနဲ့လည်း ကုန်ဈေးနှုန်း မြင့်တက်နေမှုကို ထိန်းချုပ်ရေး အတွက် မူဝါဒတွေ၊ ဘယ်လို လုပ်ဆောင်ချက်တွေ ရှိနေပြီလဲ ဆိုတာကို ပွင့်လင်းမြင်သာစွာ ချပြမှုမျိုးတွေ မရှိတဲ့ အတွက် ပြည်သူများ မသိရှိကြရပါဘူး။
ကုန်ဈေးနှုန်း ကျဖို့အတွက် ဘယ်လိုထိန်းမလဲ ဆိုတာကို နိုင်ငံခြား ဝင်ငွေ ရရှိစေဖို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု များများ ဝင်လာ စေဖို့နဲ့ ပြည်ပကနေ တင်သွင်းနေတဲ့ ကုန်စည်တချို့ကို ထိန်းချုပ်ခြင်းမျိုး လုပ်လိုက်ရင် ဒေါ်လာတွေ ပြင်ပ မထွက်သွား စေတဲ့ ဖြေရှင်းမျိုးနည်းကိုလည်း စီးပွားရေး လေ့လာ သုံးသပ်သူများကတော့ အကြံပြုကြပါတယ်။
ထို့အတူ ငွေကြေးဖောင်းပွမှုကို လျော့နည်းစေဖို့ ဦးစားပေး လုပ်ဆောင်ရန် လိုအပ်နေပြီး ငွေကြေးဖောင်းပွမှု ကျစေဖို့ လိုငွေ များနေတဲ့ ပို့ကုန် ကဏ္ဍကိုသာ တိုးမြှင့်ခြင်းနဲ့ ကုစားပေးနိုင်တယ်လို့ စီးပွားရေး လုပ်ကိုင်သူတွေက ပြောဆိုပါတယ်။
အစိုးရအနေနဲ့ ပြည်သူတွေ အတွက် တာဝန် အရှိဆုံး ဖြစ်နေတဲ့အတွက် ကုန်ဈေးနှုန်း ကြီးမြင့်နေတာနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ဆောင်ပေးမလဲ၊ ဘယ်လို ဝင်ကူမလဲနဲ့ ဘယ်လို ထိန်းချုပ်ပေးနိုင်မလဲ ဆိုတာကို ပြည်သူများ မေးခွန်း ထုတ် နေကြပါတယ်။
သာကေတ မြို့နယ်မှာနေထိုင်တဲ့ အလယ်တန်းပြ ကျောင်းဆရာမ တဦးကတော့ “လစာတွေ မတိုးရင်လည်း နေပါစေ။ ကုန် ဈေးနှုန်း ကျရင်ကို တော်ပါပြီ” လို့ ပြောလိုက်ပါတယ်။ ။