စီးပွားရေး

မန္တလေး၌ လိုင်စင်ရ ဧည့်လမ်းညွှန် ထက်ဝက်ခန့် လုပ်ကိုင်ခြင်း မရှိဟု ဆို

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း အတွင်း၌ လိုင်စင်ရရှိပြီးနောက် လုပ်ငန်းခွင်သို့ ဝင်ရောက် လုပ်ကိုင်ခြင်း မရှိသည့် အတွက် ဧည့်လမ်းညွှန် လိုအပ်ချက် မြင့်နေကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ဟိုတယ်/ခရီး) က သိရ သည်။

မန္တလေး၌ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု ကဏ္ဍအတွက် ဧည့်လမ်းညွှန် လိုင်စင်ပေါင်း ၉ ထောင်ကျော် ချထားပေးခဲ့ပြီး ဖြစ် သော်လည်း အမှန်တကယ် မြေပြင်တွင် ဝင်ရောက် လုပ်ကိုင်သူဦးရေမှာ ထက်ဝက်ခန့်သာ ရှိသဖြင့် ဧည့်လမ်းညွှန် လိုအပ် ချက်မှာ ၅၀ ရာခိုင်နှုန်းခန့် ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီး ဌာန(မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးစန်းယု က ပြောသည်။

“ကမ္ဘာလှည့် ခရီးသွားတွေ လာရောက် လည်ပတ်မှုတွေက တနှစ်ထက်တနှစ် မြင့်တက်လာတယ်။ အဲဒီတော့ သက်ဆိုင်ရာ ဘာသာစကားနဲ့ နိုင်ငံသား တမျိုးစီ အတွက် ဧည့်လမ်းညွှန်တွေ လိုတယ်။ ဒါကြောင့် လိုင်စင်တွေ ချပေးခဲ့တာမှာ တကယ် ဝင်ရောက် လုပ်ကိုင်တာက ထက်ဝက်လောက်ပဲ ရှိတယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အထိ ဧည့်လမ်းညွှန် လိုင်စင်ပေါင်း ၉၈၈၈ ဦး ချထားပေးခဲ့သော်လည်း လုပ်ငန်းခွင် ဝင်ရောက် မှုမှာ ၅ ထောင်ခန့်သာ ရှိကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ပျက်ပြယ်မှုများ ရှိနေသလို လက်ရှိ ဧည့်လမ်းညွှန် ဦးရေနှင့် နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှု ချိန်ဆကြည့်ပါက လုံလောက်မှု မရှိကြောင်း သိရသည်။

ထို့ပြင် တချို့မှာ လိုင်စင် ရရှိထားသော်လည်း အတွေ့အကြုံ မရှိသဖြင့် လေ့လာနေရခြင်းများကြောင့် လုပ်ငန်းခွင် အတွင်း ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း၊ ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများအား ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ ဧည့်လမ်းညွှန် သင်တန်းများကို ဖွင့်လှစ် ပေးလျက်ရှိကြောင်း ဟိုတယ်/ခရီးက ဆိုသည်။

မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ၌ တနှစ်ထက်တနှစ် ပိုမို တိုးတက်များပြားလာရာ ခရီးသွားလုပ်ငန်း ကဏ္ဍအလိုက် ဝန်ဆောင်မှု များ ပေးနေသလို ခရီးသွားနယ်မြေ တိုးချဲ့ပေးမှုများနှင့် အတူ ဧည့်လမ်းညွှန် ဝန်ဆောင်မှု လုပ်ငန်းအတွက် အရည်အချင်း ပြည့်မီသည့် ဧည့်လမ်းညွှန်များ လိုအပ်ချက် ရှိနေဆဲပင် ဖြစ်ကြောင်း သိရသည်။

မန္တလေးသို့ လာရောက် လည်ပတ်ကြသော ကမ္ဘာလှည့် ခရီးသွားဧည့်သည် အရေအတွက်မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ ၂ သိန်း ၆ သောင်းကျော် (၂၆၀၆၈၇ ဦး) ရှိကြောင်း ဟိုတယ်/ခရီး(မန္တလေး)၏ စာရင်းဇယားများတွင် ဖော်ပြ ထားသည်။

မန္တလေး ဒေသခံ ဧည့်လမ်းညွှန် ကိုသိန်းထိုက်ဦးက “လိုင်စင်ချထားပေးတယ် ဆိုပေမယ့် ခရီးစဉ် လိုက်ဖို့ အတွက်ကျတော့ မလွယ်ဘူး။ တချို့ခရီးသည်တွေက မလာခင် ကတည်းက အေးဂျင့်တွေနဲ့ ကြိုချိတ်ပြီးမှ လာတာ။ အဲဒီတော့ လိုင်စင် ကိုင် ထားပြီး အေးဂျင့်နဲ့ ချိတ်ဆက်မထားတဲ့သူ အေးဂျင့်ရဲ့ပါတနာ မဟုတ်ရင် ခရီးစဉ် လိုက်ဖို့ မလွယ်တော့ဘူး။ နောက် ဒေသ အလိုက် ခွဲထားတာတွေလည်း ရှိတော့ ပိုဆိုးတာပေါ့။ အဓိက ကျတာကတော့ လိုင်စင်ရှိထားတဲ့သူတွေ လုပ်ငန်းထဲ ရောက် မလာတာက အေးဂျင့်တွေရဲ့ချုပ်ကိုင်ထားမှုကြောင့်ပဲလို့ မြင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ပြည်တွင်းကို ဝင်ရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် အတွက် ယခုနှစ်အတွင်း၌ ရိုးရာ လက်မှု ပညာရပ်များနှင့် တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုကို ဖော်ထုတ် တင်ဆက်ပေးနိုင်ရန်လည်း လုပ် ဆောင်လျက် ရှိသလို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်း သတ်မှတ်ချက်များကို ဖောက်ဖျက်မှုများ ပြုလုပ်သော ဟိုတယ်များကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူသွားမည်ဟု ဦးစန်းယု က ဆိုသည်။

“မြန်မာနိုင်ငံကို နယ်စပ်ဂိတ်ပေါက်တွေကနေ တဆင့် ဝင်ရောက် လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ပြီးခဲ့တဲ့ နှစ်ထဲမှာ ပိုမို များပြားခဲ့တယ်လို့ သိရပါတယ်။ အခု နှစ်ထဲမှာတော့ ခရီးသွားတွေ ပိုမိုဝင်ရောက်လာအောင် နေရာအသစ်၊ ခရီးစဉ် အသစ်တွေကို ရှာဖွေထားတယ်။ အရေးကြီးတာကတော့ နယ်မြေအေးချမ်းရင် ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင် နိုင်မှာပါ”ဟုလည်း ၎င်းက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ကမ္ဘာလှည့် ခရီးသွားများ အား ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန်အတွက် နိုင်ငံအတွင်း အဓိက မြို့ကြီးများ၌ Information Counter ၁၉ ခုကို လည်း ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading