စီးပွားရေး

တရုတ် ဝယ်လိုအား ကောင်း၍ နှမ်း စံချိန်တင် ဈေးတက်

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံမှ ဝယ်လိုအားကောင်းသဖြင့် နှမ်းဈေးနှုန်း စံချိန်တင် တက်လာကြောင်း မန္တလေးမြို့ပွဲစား ကုန်သည် စက် ပိုင်များ မဟာ ကထိန်တော် အသင်း (မန္တလေးပဲ နှမ်း ကုန်စည်ဒိုင်)မှ ကုန်သည်ကြီးများထံက သိရသည်။

မန္တလေးမြို့ရှိ ဘောဂ ပွဲရုံပိုင်ရှင် ဦးဌေးက “လက်ရှိ ဈေးက နှစ်နှစ်၊ သုံးနှစ်အတွင်း အမြင့်ဆုံးဈေးပဲ။ မိုးများလို့ နှမ်း အပျက်အစီး များတဲ့ အချိန် တရုတ်ဆွဲအားကောင်းလို့ ဈေးက အခုလို တက်သွားတာ” ဟု ဧရာဝတီကို ပြောသည်။

၂၀၁၇ ခုနှစ်က မန္တလေး ပဲနှမ်းဈေးကွက်တွင် သုံးတင်းဝင် တအိတ်လျှင် ၁ သိန်း ၄ သောင်းကျပ် ဝန်းကျင် ရှိသော နှမ်းနက် စမုံ(ထိပ်စ)သည် လက်ရှိ ဈေးကွက်တွင် ၂ သိန်း ၁ သောင်းကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး နှမ်း အမျိုးအစားများ အနက် ရောင်းအား အကောင်းဆုံး ဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ ဈေးကွက်၌ နှမ်းဖြူ တအိတ်လျှင် ၁၆၀၀၀၀ ကျပ်၊ နှမ်းညို ၁၃၇၀၀၀ ကျပ်၊ နှမ်း အဝါ ၁၃၉၀၀၀ ကျပ် တို့နှင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း မန္တလေး ကုန်စည်ဒိုင်၏ နေ့စဉ် ကုန်စည် ပေါက်ဈေးနှုန်း သတ်မှတ်ချက် များ အရ သိရသည်။

အထက်ပါ ဈေးနှုန်းများသည် မန္တလေး ဈေးကွက်သို့ နှမ်းအသစ် ဝင်သည့် ဇူလိုင်လဆန်းမှ စတင်ကာ တဖြည်းဖြည်း ဈေးတက်လာခဲ့ပြီး ယနေ့ဈေးသည် သုံးနှစ်အတွင်း စံချိန်တင် အမြင့်ဆုံးဈေးသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ကုန် သည်များက ပြောဆိုသည်။

ယခုနှစ်၌ မိုးများသဖြင့် နှမ်းစိုက်ခင်းများ အပျက်အစီးများ၍ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက နှမ်းအထွက်နှုန်းမှာလည်း ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး လက်ရှိ ဈေးကွက် အတွင်းသို့ မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်း အတွင်းက နယ် အသီးသီးမှ ပစ္စည်းဝင်လျက်ရှိကြောင်း မန္တလေး ကုန်စည်ဒိုင်က သိရသည်။

မန္တလေးမြို့၊ မုံရွာ ပွဲရုံပိုင်ရှင် ဦးမျိုးဆွေက “တရုတ်ဝယ်လိုအား ကောင်းတဲ့အပေါ် မူတည်ပြီး ဈေးကွက်က ဖြစ်နေမှာ ဆိုတော့ ထပ်တက်ဦးမလား ဆိုတာက ခန့်မှန်းရ ခက်တယ်” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိ အချိန်၌ ဆောင်းနှမ်းများ စတင်စိုက်ပျိုးသည့် အချိန်ဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းတွင် မန္တလေး ဈေးကွက်သို့ ဆောင်းနှမ်းအသစ်များ ဝင်လာနိုင်မည် ဖြစ်ရာ ထိုအချိန် မတိုင်ခင်အထိ နှမ်းဈေးကွက်သည် အလားအလာကောင်း နိုင်မည်ဟု ပဲနှမ်း ကုန်သည်ကြီးများက ခန့်မှန်း ထားကြသည်။

မန္တလေး ပဲနှမ်းဈေးကွက်မှ ပြည်ပသို့ တင်ပို့ရာတွင် နှမ်းအပါအဝင် မြေပဲဆံ၊ ပဲတီစိမ်း၊ ပြောင်း တို့ကို အဓိက တင်ပို့ လျက်ရှိရာ ယခု တပတ် အတွင်း နှမ်းသည် ဈေးကောင်း၍ အရောင်းအဝယ် အသွက်ဆုံး ဖြစ်ပြီး အခြား ကောက်ပဲ သီးနှံများမှာ ပုံမှန် အရောင်းအဝယ် ဖြစ်နေကြောင်း မန္တလေးပဲ နှမ်း ကုန်စည်ဒိုင်က ဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော နှမ်းကို တရုတ်နိုင်ငံသို့ ၇၀ ရာခိုင်နှုန်းနှင့် အများဆုံး တင်ပို့ပြီး ကျန်သည့် ဂျပန်၊ ကိုရီးယား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ကိုလည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading