စီးပွားရေး

ရွှေတောင်အထည်စက်ရုံ ပြန်လည်ပတ်ရန် စီစဉ်နေ

Want create site? Find Free WordPress Themes and plugins.

လတ်တလော ရပ်ဆိုင်းခံထားရသော စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အမှတ် (၁) အထည်စက်ရုံ ရွှေတောင်ကို ဂျပန် ကုမ္ပဏီ တခုနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်က္ ပြန်လည် လည်ပတ်နိုင်ရန် တင်ပြထားကြောင်း စက်မှုဝန်ကြီး ဌာနမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသိန်းဟန် က ပြောသည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် စက်တင်ဘာလ ၄ ရက်က ပြုလုပ်သည့် အထည်အလိပ် ကဏ္ဍ တိုးတက်ရန် ဂျပန် နိုင်ငံ၏ စီးပွားရေး စီမံခန့်ခွဲမှု နည်းလမ်းများ ဖြန့်ဝေခြင်း အခမ်းအနားတွင် ၎င်းက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ ခြင်း ဖြစ်သည်။

ဦးဆောင် ညွှန်ကြားရေးမှူး ဦးသိန်းဟန် က “၂၀၁၆ လောက်ကနေ စပြီး ဂျပန်နဲ့ ဆွေးနွေးပါတယ်။ ဆွေးနွေးပြီး အထက် ဌာနတွေကို JV (အကျိုးတူ ပူးပေါင်း)လုပ်ဖို့ ဆောင်ရွက်ခွင့် တင်ပြထားပြီး ကြိုးစားနေပါတယ်။ အခု အနေအထား အရ တော့ နောက် ၃ လလောက်မှာတော့ စနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

ပဲခူးတိုင်း ဒေသကြီးရှိ ရွှေတောင် စက်ရုံသည် လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်က စက်များဖြင့် လည်ပတ်နေရခြင်း ဖြစ်ပြီး အချောကိုင် နည်း ပညာနှင့် စက်ရုံ ထုတ်ကုန်များသည် နိုင်ငံခြား အရည်အသွေးကို မယှဉ်နိုင်၍ ဂျပန် နည်းပညာဖြင့် အချောကိုင် လုပ်ငန်း များဖြင့် လုပ်ကိုင်နိုင်ရန် ၂၀၁၆ ခုနှစ်မှ စတင်ကာ ဂျပန် Tsuyatomo ကုမ္ပဏီနှင့် အကျိုးတူ ဆောင်ရွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည် ထောင်စု ရာထူးဝန် အဖွဲ့စသည်ဖြင့် သက်ဆိုင်ရာ ဌာများ၏ သဘောထား မှတ်ချက်များ တောင်းခံ စုစည်းကာ စီးပွားရေး ရာ ကော်မတီ၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)တို့သို့ တင်ပြသွားမည် ဖြစ် ကြောင်းလည်း ဆိုသည်။

လက်ရှိ၌ ဂျပန် ကုမ္ပဏီဘက်မှ လိုအပ်သော စက်ပစ္စည်းများနှင့် နည်းပညာ ဆိုင်ရာများ အဆင်သင့် ဖြစ်နေပြီ ဖြစ်၍ ခွင့်ပြု ချက်ရသည်နှင့် လုပ်ငန်းများ စတင်နိုင်မည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက သိရသည်။

အဆိုပါ တင်ပြထားချက်များ အရ စက်မှု ဝန်ကြီးဌာနဘက်က ရင်းနှီးမြှုပ်နှံမှု အနေနှင့် ရွှေတောင် စက်ရုံရှိ လက်ရှိ စက် ပစ္စည်းနှင့် အဆောက်အဦများ ဖြစ်ပြီး ဂျပန်ဘက်မှ လိုအပ်သော နည်းပညာများနှင့် စက်ပစ္စည်း အသစ်များကို ထည့်ဝင် ရင်းနှီးရမည် ဖြစ်ကြောင်¬¬¬¬း၊ ရရှိလာသော အကျိုးအမြတ်ကို ဂျပန်ကုမ္ပဏီဘက် ၆၀ ရာခိုင်နှုန်း၊ စက်မှုဝန်ကြီး ဌာနဘက်မှ ၄၀ ရာခိုင်နှုန်း ရရှိမည်ဟု သိရသည်။

အရှုံးပေါ်နေသဖြင့် လတ်တလော ရပ်ဆိုင်းထားရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သော စက်ရုံ ၂၈ ရုံကို လွှတ်တော် ကိုယ်စား လှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော နိုင်ငံပိုင် စက်ရုံများ ပြန်လည် လေ့လာဆန်းစစ် သုံးသပ်ရေး အဖွဲ့က အသေးစိတ် လေ့လာခဲ့ပြီး လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး တို့ထံ တင်ပြခဲ့ကြောင်း ယင်းအဖွဲ့ဝင် တဦးဖြစ်သူ ဆိပ်ကြီး ခနောင်တို မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောသည်။

ထိုအစီရင်ခံစာ အပေါ် အခြေခံကာ ရပ်ဆိုင်းခြင်း၊ ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း စသည့် ကိစ္စများကို ဆောင်ရွက်ရန် သင့်မသင့် ဆုံးဖြတ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့ရာတွင် ယင်းစက်ရုံများနှင့် ပတ်သက်၍ စက်မှုဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းက လွှတ်တော် သို့ ပြန်လည် တင်ပြလာခြင်း မရှိသေးကြောင်း၊ လွှတ်တော်သို့ တင်ပြလာလျှင် တိုင်းပြည် အတွက် အကျိုး ရှိမရှိ အပေါ် မူတည်ကာ ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းတို့ ပြုလုပ်သွားမည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

၎င်းက ဆက်လက်၍ “လက်ရှိ အခြေအနေကနေ ပိုမိုကောင်းမွန်တဲ့ အရွေ့တခုဘက်ကို စီမံ ဆောင်ရွက်နိုင်တယ် ဆိုရင် ဒါကို လွှတ်တော်အနေနဲ့ ကန့်ကွက်စရာ အကြောင်း မရှိပါဘူး။ ကျနော်တို့ အနေနဲ့လည်း ဒီလိုပဲ ဖြစ်စေချင်တာပေါ့။ နှစ်စဉ် အရှုံးပေါ်ပြီး အဖြေလည်း မရှိဘဲ ဒီအတိုင်း သွားနေမယ့် အစား ဂျပန်နဲ့ လုပ်လုပ်၊ ကိုရီးယားနဲ့ လုပ်လုပ် တရုတ်နဲ့ လုပ်လုပ် တိုင်းပြည် အတွက် ဒီစီမံကိန်းတွေက ကောင်းမွန်တဲ့ အရွေ့တခုကို ရောက်လာတယ် ဆိုရင် ကျေနပ်ပါတယ်” ဟု သုံးသပ် ပြောဆိုသည်။

ရွှေတောင် အထည်စက်ရုံတွင် ပိတ်မှ တဆင့် ဆေးဆိုးပန်းရိုက် အထည်များ ထုတ်လုပ်သော်လည်း လက်ရှိ ရပ်ဆိုင်းခံ ထားရသည့်အတွက် ပညာရေး ဝန်ကြီး ဌာနက မှာယူသော ကျောင်းစိမ်းပိတ်များ၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ မှာယူသော ခြင်ထောင်ဇာများကိုသာ ထုတ်လုပ်နေကြောင်း၊ ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ပါက နိုင်ငံတကာ အဆင့်မီ အချော ထည်များ ထွက်ရှိမည် ဖြစ်၍ နိုင်ငံခြား ပိတ်စများ တင်သွင်းရန် မလိုတော့ဘဲ စက်ရုံမှ ထုတ်သော ပိတ်စဖြင့် ပြည်တွင်း အထည်ချုပ် လုပ်ငန်းများက ချုပ်လုပ် တင်ပို့နိုင်ပြီး နိုင်ငံအတွက် ဝင်ငွေလည်း ပိုရရှိနိုင်မည်ဟု စက်မှု ဝန်ကြီးဌာနမှ တာဝန် ရှိသူများက ပြောသည်။

ထို့ကဲ့သို့ ရပ်ဆိုင်းခံ ထားရသော စက်ရုံ ၂၈ ရုံမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံ ၄ ရုံနှင့် စက်မှုဝန်ကြီး ဌာန လက်အောက်ရှိ စက်ရုံ ၂၄ ရုံဖြစ်သည့် အမှတ် (၁၄) အကြီးစား စက်ရုံ (သာဂရ)၊ အမှတ်(၁၅) အကြီးစား စက်ရုံ(သာဂရ)၊ အမှတ် (၁၆) အကြီးစား စက်ရုံ (ဆင်တဲ)၊ အမှတ်(၁၇) အကြီးစားစက်ရုံ(မလွန်)၊ အမှတ် (၁) သံမဏိ စက်ရုံ (မြင်းခြံ)၊ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) တို့ ဖြစ်ကြသည်။

ထို့ပြင် ရော်ဘာ ပစ္စည်း စက်ရုံခွဲ (သင်္ဃန်းကျွန်း)၊ အမှတ် (၂၃) အကြီးစား စက်ရုံ (ညောင်ခြေထောက်) အမှတ် (၂၆) အကြီးစား စက်ရုံ(သာဂရ) အမှတ်(၃၂) အကြီးစား စက်ရုံ(ကြံခင်း)၊ မှန်ထုတ်လုပ်ရေး (ပုသိမ်)၊ ပလက်စတစ်စက်ရုံ (ကျောက်ဆည်)၊ အမှတ်(၁)အထည် စက်ရုံ (ရွှေတောင်)၊ အမှတ်(၃) အထည် စက်ရုံ(စစ်ကိုင်း)၊ အမှတ်(၅)အထည်စက်ရုံ (ပခုက္ကူ)၊ အမှတ်(၆) အထည် စက်ရုံခွဲ(မုံရွာ)၊ အမှတ်(၇) အထည် စက်ရုံ (မြစ်သား)၊ အမှတ်(၈) အထည် စက်ရုံ (ပျော် ဘွယ်)၊ အမှတ်(၈) အထည် စက်ရုံခွဲ (ရမည်းသင်း)၊ အမှတ် (၁၀) အထည်စက်ရုံ (တောင်သာ) ၊ အထည် စက်ရုံခွဲ(မြင်းခြံ၊ အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း)၊ သတင်းစာ စက္ကူစက်ရုံ(သာပေါင်း) တို့ ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading