သမားရိုးကျ အမြင်အရ ကြည့်မည်ဆိုပါက ရွှေသည် ဈေးကွက် ဖရိုဖရဲဖြစ်သည့် အချိန်များတွင် ဘေးကင်းသော ပိုင်ဆိုင်မှု ဖြစ်သောကြောင့် ရူပီးယားငွေသည် ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ၉ ရာခိုင်နှုန်း ကျဆင်းသွားသောအခါ အင်ဒိုနီးရှား နိုင်ငံသားများသည် ရွှေများကို အငမ်းမရ ဝယ်ယူနေကြသည်။
“တန်ဖိုးကျလာတဲ့ ရူပီးယားငွေရဲ့ ရိုက်ခတ်မှုကြောင့် လူတွေက ရွှေတွေ လိုက်ဝယ်နေကြတယ်” ဟု မကြာသေးမီက ဂျကာတာတွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခမ်းအနားတခုတွင် အင်ဒိုနီးရှားနိုင်ငံမှ အန်နီကာ တမ်ဘန်း (Aneka Tambang) ၏ ဥက္ကဋ္ဌ အာရီ ပရာဗိုဝိုအာရီယိုတက်ဂျိုက သတင်းထောက်များကို ပြုံးရွှင်စွာ ပြောသည်။
ဝယ်ယူသူများကို ရွှေရောင်းချပေးသည့် နိုင်ငံပိုင် သတ္ထုတူးဖော်ရေး လုပ်ငန်းဖြစ်သော Aneka Tambang က လက်လီဆိုင်များမှတဆင့် ယခုနှစ် ပထမ နှစ်ဝက်အတွင်း ဒေါ်လာ ၅၅၃.၈ သန်းတန် ရွှေ ၁၃.၇ တန် ရောင်းချခဲ့ရပြီး ယခင်နှစ်ကထက် ၃၁၇ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရသည်။ ထိုငွေသည် ကုမ္ပဏီ ဝင်ငွေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းရှိသည်။
“ပြည်တွင်း ရွှေဝယ်လိုအား အရမ်းတက်နေတယ်။ ရွှေဈေးက ကျနေရာကနေ အခု ပြန်စတက်နေပြီ” ဟုလည်း အာရီ ပရာဗိုဝိုအာရီယိုတက်ဂျိုက ပြောသည်။
ရူပီးယားငွေ တန်ဖိုးကျဆင်းခြင်းကြောင့် အကျိုးခံစားရသော Aneka Tambang ကဲ့သို့ ကုမ္ပဏီ များများစားစား ရှိလှသည်မဟုတ်ပေ။ အာရှတွင်လည်း ထိုသို့သော ကုမ္ပဏီ များများစားစား မရှိဘဲ စီးပွားရေးလုပ်ငန်းများမှာ အမေရိကန် ဗဟိုဘဏ် အတိုးနှုန်း မြှင့်တင်ခြင်းနှင့် တူရကီ ဘဏ္ဍာရေး အကျပ်အတည်းတို့ကြောင့် ငွေကြေး တန်ဖိုးများ ကျဆင်းလာကာ စတင် ကျပ်တည်းလာနေပြီဖြစ်သည်။
သြဂုတ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် တဒေါ်လာလျှင် ရူပီး ၇၀ အထိ ကျဆင်းသွားသော အိန္ဒိယ နိုင်ငံတွင်လည်း လေကြောင်းလိုင်းများသည် ငွေတန်ဖိုးကျခြင်းနှင့် လောင်စာဆီဈေး တက်ခြင်းတို့ ပူးပေါင်း ထိုးနှက်ခြင်းကို ခံစားနေကြရသည်။
နိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကလေကြောင်းလိုင်း ဖြစ်သော IndiGo ၏ အမြတ်ငွေမှာ ယခင်နှစ်ကထက် ၉၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဇွန်လတွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်၏ သုံးလပတ်တွင် အမြတ်ငွေ ရူပီး ၂၇၈ သန်းသာရတော့သည်။
“ဒီသုံးလအတွက် ကျနော်တို့ အမြတ်ငွေကို ထိခိုက်စေတာကတော့ ရူပီးငွေ တန်ဖိုးကျတာ၊ လောင်စာဆီ ဈေးတက်တာ၊ အမြတ်အပေါ် ဖိအား ဆက်ရှိနေတာနဲ့ ပြုပြင်ထိန်းသိမ်းစရိတ် တက်လာတာတွေကြောင့်ပါ” ဟု IndiGo တွင် ရှယ်ယာ အများစု ပိုင်ဆိုင်သော InterGlobe Aviation မှ ယာယီ အမှုဆောင်အရာရှိချုပ် ရာဟူး ဘာတီယာက ပြောသည်။
တန်ဖိုးနည်း လေကြောင်းလိုင်းဖြစ်သော SpiceJet မှလည်း အလားတူကြားသိရပြီး ထိုလေကြောင်းလိုင်းမှာ ၄၆ လတာအတွင်း ပြည်တွင်းခရီးသည် ရာခိုင်နှုန်း ကိန်းဂဏန်း နှစ်လုံးစာ တိုးလာသော်လည်း အထက်ပါ သုံးလ အတွင်း အရှုံးပေါ်ခဲ့သည်။
ကုန်ကြမ်း ၉၀ ရာခိုင်နှုန်းကို တင်သွင်းနေရသော အင်ဒိုနီးရှားနိုင်ငံမှ အကြီးဆုံး ဆေးဝါးလုပ်ငန်းဖြစ်သည့် ကယ်လ်ဘီ ဖာမာ သည်လည်း ရူပီးယား တန်ဖိုး ကျဆင်းသောကြောင့် ယခုနှစ်အတွက် ဝင်ငွေနှင့် အသားတင် ဝင်ငွေ လျာထားချက်များကို လျှော့ချလိုက်ရသည်။
အလားတူ ဖြစ်ရပ်ကြောင့်ပင် ၂၀၁၈ ခုနှစ် ပထမ နှစ်ဝက်အတွက် အသားတင် အမြတ်အချိုးအစားမှာ ယခင်နှစ် ကထက် ၄၈.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
“ဒီနေ့ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ရူပီးယားငွေ တန်ဖိုးကျဆင်းနေတာပဲ။ ဒါကြောင့် ကျနော်တို့ တချို့ တွက်ချက်မှုတွေ ပြန်လုပ်နေကြရတယ်။ တချို့ပစ္စည်းတွေကို ဈေးတက်ရတော့မယ်။ တချို့ကိုဆို ဇူလိုင်လ ကတည်းက ဈေးတက်ထားတာ။ ရူပီးယား အတက်အကျကို ဆက်ပြီး စောင့်ကြည့်ရမှာပဲ” ဟု Kalbe ၏ ဥက္ကဋ္ဌ ဗစ်ဂျောင်တီယပ်က ဂျကာတာတွင် လွန်ခဲ့သော တပတ်က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဗဟိုဘဏ်က အတိုးနှုန်းများကို မြှင့်တင်ခြင်းအပြင် အင်ဒိုနီးရှား နိုင်ငံအစိုးရသည် ကုန်သွယ်ရေး ညီမျှမှု တိုးတက်စေရန် သမားရိုးကျ မဟုတ်သော လုပ်ဆောင်မှုများ ပြုလုပ်ပြီး ရူပီးယားငွေကို ကျားကန် ထားနိုင်ရန် ကြိုးစားနေရသည်။ ထိုသို့လုပ်ဆောင်သည့် အစီအစဉ်များတွင် ကျောက်မီးသွေး တင်ပို့ခြင်းကို တိုးမြှင့်မည့် မူဝါဒ အပြောင်းအလဲလည်း ပါဝင်သည်။
အစိုးရက ထုတ်လုပ်မှု လျာထားချက်ကို သြဂုတ်လတွင် တန်ချိန် သန်း ၁၀၀ တိုးမြှင့်ခဲ့ပြီး တန်ချိန် ၅၈၅ သန်း အထိ ထုတ်လုပ်မည်ဖြစ်သည်။ ထိုသို့ ပိုမိုထုတ်လုပ်နိုင်ရန် တိုးမြှင့်လိုက်သော ပမာဏအတွက် ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းတွင် သတ်မှတ်ဈေးဖြင့် ရောင်းချရန် ကန့်သတ်ချက်မှလည်း ကင်းလွတ်ခွင့် ပေးထားသည်။
သို့သော်လည်း ထိုသို့သော အားထုတ်မှုများသည် ရူပီးယားကို ကျားကန်မထားနိုင်ဘဲ သြဂုတ် နှောင်းပိုင်းက ဒေါ်လာနှင့် ယှဉ်လျှင် ၃၄ လအတွင်း အနိမ့်ဆုံး နှုန်းသို့ ကျဆင်းခဲ့သည်။
အင်ဒိုနီးရှား ကျွန်းစုတခုလုံးတွင် ပြည်သူများသည် ရူပီးယား ငွေ အားပျော့လာခြင်း၏ ရိုက်ခတ်မှုကို ခံစားနေ ကြရသည်။ အစိုးရသည် ငွေကြေးဖောင်းပွမှုကို တားဆီးနိုင်ရန်ကြိုးစားနေပြီး သမ္မတ ဂျိုကို ဝီဒိုဒိုသည်လည်း လာမည့်နှစ်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရန် ရည်မှန်းနေသည်။
တခြားသော အာရှ ထွန်းသစ်စ စီးပွားရေးများ လုပ်ကိုင်နေသည့် ပြည်သူများလည်း သိပ်ကံမကောင်းကြပေ။
“ပီဆိုငွေ တန်ဖိုးကျနေပြီး ပစ္စည်းဈေးတွေ အရမ်းတက်နေတော့ ကျနော့်ထက်စောပြီး လုပ်တဲ့ တခြား ဖိလစ်ပိုင် အလုပ်သမားတွေက အကြီးအကျယ် ပြောင်းလဲတော့မယ်လို့ ခံစားနေကြရပြီ” ဟု အာရပ်စော်ဘွားများ နိုင်ငံတွင် သူနာပြုအဖြစ် သွားရောက်လုပ်ကိုင်နေပြီး အိမ်သို့ ပုံမှန်ငွေပြန်လွှဲနေသာ ဖိလစ်ပိုင်နိုင်ငံသား အန်နာ ဘာဒင်က ပြောသည်။
ယခုနှစ် အစောပိုင်းမှ စတင်ပြီး ဖိလစ်ပိုင် ပီဆိုငွေသည် ဒေါ်လာနှင့်ယှဉ်လျှင် ၇ ရာခိုင်နှုန်းကျဆင်းပြီး တဒေါ်လာလျှင် ၅၃.၇ ပီဆို ဈေးရှိလာကာ ၁၂ နှစ်အတွင်း အနိမ့်ဆုံးဖြစ်လာသည်။
ငွေကြေးဖောင်းပွမှုမှာလည်း ဇူလိုင်လတွင် ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်သော ၅.၇ ရာခိုင်နှုန်းရှိလာသည်။
ကုန်စည်များ ဈေးတက်ခြင်းသည် ပီဆိုငွေဈေး ကျဆင်းခြင်း၏ အကျိုးကျေးဇူးများကို ချေဖျက်လိုက်ကြောင်း ဖိလစ်ပိုင် ဗဟိုဘဏ်မှ ထိပ်တန်းဘောဂဗေဒ ပညာရှင် အမ်မီလီယို နာယီကပြောသည်။
“နိုင်ငံခြားက ဖိလစ်ပိုင်တွေ လွှွဲတဲ့ငွေတွေကရတဲ့ အကျိုးကျေးဇူးတွေကို ငွေကြေးဖောင်းပွမှုက တိုက်စား ပစ်လိုက်သလို ဖြစ်နေတယ်။ ၂၀၁၉ ခုနှစ် ငွေကြေးဖောင်းပွမှု နှေးကွေးသွားချိန်အထိ ငွေဈေးဆက်ကျပါစေလို့ ဆုတောင်းရ တော့မှာပဲ” ဟု သူပြောသည်။
ပြည်ပမှ လွှဲငွေသည် ဖိလစ်ပိုင်နိုင်ငံ စုစုပေါင်းထုတ်လုပ်မှု၏ ဆယ်ပုံတပုံရှိပြီး မြင့်မားလာနေသော ငွေကြေး ဖောင်းပွမှုကြောင့် စီပွားရေးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည်။ ဒုတိယ သုံးလပတ်အတွင်း တိုးတက်မှု နှုန်းမှာ ၆ ရာခိုင်နှုန်းသာရှိပြီး သုံးနှစ်အတွင်း အနိမ့်ဆုံးဖြစ်နေသည်။ မိသားစုများ သုံးစွဲမှုမှာလည်း ခြောက်လမျှ ဆက်တိုက် ကျဆင်းနေသည်။
ဘာဒင်သည် အခက်အခဲများ ရင်ဆိုင်နေရသော်လည်း တူရကီတွင် မနေထိုင်ခြင်းကြောင့် တော်သေးသည်ဟု စဉ်းစားမိနေသည်။ တူရကီတွင် ငွေဈေးထိုးကျနေပြီး ငွေကြေးဖောင်းပွမှု လွန်စွာတက်နေကာ ထိန်းချုပ် မရတော့ပေ။
တူရကီ နိုင်ငံသည် အစားအစာအများစုနှင့် ငွေပင်ငွေရင်းသုံးစွဲ ဝယ်ယူရသော ကိရိယာ အများစုကို ပြည်ပမှ တင်သွင်းရသည်။
လိုင်ရာငွေ တန်ဖိုးကျဆင်းသောကြောင့် ဧပြီလက ၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ရှိသော တူရကီ နိုင်ငံ၏ ငွေကြေး ဖောင်းပွမှုသည် ဇူလိုင်လတွင် ၁၅.၈၅ ရာခိုင်နှုန်းသို့ တက်သွားသည်။ ထို့နောက်တွင်လည်း လိုင်ရာငွေ တန်ဖိုး ဆက်လက် ကျဆင်းပြီး သြဂုတ်လက ငွေကြေးဖောင်းပွမှု ၂၀ ရာခိုင်နှုန်းအထိ တက်သည်ဟု ခန့်မှန်းရသည်။
တူရကီ ဟင်းများအတွက် အဓိကကျသော ခရမ်းချဉ်သီးမှာ သြဂုတ်လလယ်က အစ္စတန်ဘူး ဆူပါမားကက်တွင် တကီလိုလျှင် ၅ လိုင်ရာ (၇၆ ဆင့်) ဖြစ်သွားသည်။
“မြေသြဇာကို ပြည်ပက တင်သွင်းရပြီးတော့ လောင်စာဆီဈေးက တက်နေတယ်။ လယ်သမားတွေ အကုန်အကျ တိုးလာရင် လက်ကားဈေးလည်း တက်မယ်” ဟု စာရေး တယောက်က ရှင်းပြသည်။
“ဒါ အဓိပ္ပာယ်မရှိဘူး၊ ဒါ လုံး၀ အဓိပ္ပာယ်မရှိဘူး” ဟု မိသားစုနှင့် ဈေးဝယ်ထွက်လာသော အသက် ၄၀ အရွယ် အမျိုးသား တဦးက ဆိုသည်။
ကိုးကား ။ ။ Nikkei Asian Review