၂၀၁၈ ခုနှစ် ဒုတိယ ၃ လပတ်အတွက် မကြာသေးမီက ကောက်ယူခဲ့သော စီးပွားရေး သဘောထားစစ်တမ်း တခုအရ ပြီးခဲ့သည့် ၂ နှစ်ထက် စာလျှင် ယခုအခါ မြန်မာ စီးပွားရေးလုပ်ငန်းများ ဆိုးရွားသည့် အခြေအနေများနှင့် ရင်ဆိုင်နေ ကြရသည့် အဓိက အကြောင်းရင်း ၁၀ ခုကို သိရှိရသည်။
ဝန်ဆောင်မှု၊ ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေး ကဏ္ဍများလုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်း ၁၅၀၀ နီးပါးက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ကောက်ယူသည့် စစ်တမ်းတွင် ပါဝင်ဖြေကြားပေးခဲ့ကြသည်။
တိုင်းပြည်၏ စီးပွားရေးသည် ၂၀၁၆ ခုနှစ်မှ စတင်၍ နှေးကွေးလာခဲ့သော်လည်း ယခုနှစ်တွင်မူ စီးပွားရေး ကဏ္ဍအားလုံး သိသိသာသာ ကျဆင်းသွားခြင်း ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ စီးပွားရေး ယုံကြည်စိတ်ချမှုက ပြီးခဲ့သည့် နှစ်နှင့် နှိုင်းစာလျှင် ၂၅ ရာခိုင်နှုန်း နီးပါး ကျဆင်းသွားခဲ့သည်။
ကုန်ထုတ်လုပ်ရေး ကဏ္ဍက ပြီးခဲ့သည့် ၃ နှစ်အတွင်း ကျဆင်းမှု တွေ့ကြုံခဲ့ကြရသည်။ အလုံးစုံ ကောင်းမွန်မှုက ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပို့ကုန်သွင်းကုန် လုပ်ငန်း ကဏ္ဍ ကျဆင်းခဲ့သည်။ အလုံးစုံ ကောင်းမွန်မှု ညွှန်းကိန်းများက ပြီးခဲ့ သည့် ၃ နှစ်အတွင်းတွင် ၅ ရာခိုင်နှုန်းနှင့် ၁.၂ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း စစ်တမ်း၏ အဆိုအရသိရသည်။
ကျဆင်းရခြင်း၏ အဓိက အကြောင်းရင်း ၁၀ ခုကို စစ်တမ်း၏ ရလဒ်များက ဖော်ပြနေသည်။ ၎င်းတို့မှာ မြင့်မားသော အခွန်နှင့် ကုန်သွယ်ခွန်များ၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍမှ ကန့်သတ်မှုများ၊ ကျပ်ငွေတန်ဖိုး လျော့ကျခြင်း၊ စီးပွားရေး ဆိုင်ရာ စည်းကမ်း ဥပဒေများ မတည်ငြိမ်ခြင်း၊ ဈေးကွက်ဝယ်လိုအား မရှိခြင်း၊ ပို့ကုန်နှင့် သွင်းကုန်ဆိုင်ရာ လုပ်ငန်း အစီအစဉ်များ နှောင့်နှေးခြင်း၊ ပြည်တွင်း ကုန်ကျစရိတ်များ တိုးလာခြင်းနှင့် ငွေကြေးဖောင်းပွမှု၊ နိုင်ငံခြား ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရခြင်း၊ လူသားအရင်းအမြစ် အားနည်းခြင်းနှင့် အခြေခံအဆောက်အအုံ အားနည်းချက်တို့ ဖြစ်သည်။
စစ်တမ်း၏ အဆိုအရ အခွန်များသည် ယုတ္တိမရှိနိုင်အောင် မြင့်မားနေပြီး လက်တွေ့တွင် တရားမဝင် ကုန်သွယ်ရေးကို မထိန်းချုပ်နိုင်ကြောင်း သိရသည်။ ထို့အပြင် အခွန်ပေးဆောင်ရေး လုပ်ငန်းစဉ်များ၌ အစိုးရဌာနများ အတွင်းတွင် ကြိုးနီစနစ် ရှိနေဆဲ ဖြစ်သည်ဟု စစ်တမ်းက ဆိုသည်။
ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းက ကုန်ထုတ်လုပ်ရေး ကဏ္ဍတွင် နာတာရှည် ဆုံးရှုံးမှုများကို ဖြစ်စေခဲ့သည်ဟု စစ်တမ်းက ဖော်ပြသည်။
သွင်းကုန်များအပေါ်တွင်လည်း သက်ရောက်မှုရှိခဲ့၍ ငွေကြေးဖောင်းပွမှုကို ဖန်တီးကာ တိုင်းပြည်တလွှားတွင် ကုန်ကျစရိတ် မြင့်တက်ခြင်းကို ဖြစ်စေခဲ့သည်။ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် ကုန်ကြမ်းပစ္စည်းမျာ၏ တန်ဖိုး ပိုမို ကုန်ကျစေခဲ့ပြီး ရလဒ် အနေဖြင့် ကုန်ပစ္စည်းထုတ်လုပ်ရေး ကဏ္ဍက လျှင်မြန်စွာ ကျဆင်းနေသည်။
စီးပွားရေး ဖွံ့ဖြိုးနိုင်စွမ်း အတွက် အဟန့်အတားများကို ဖယ်ရှားရန် အစိုးရအတွက် ပြုပြင်ပြောင်းလဲရေး ၂၆ ချက်ကိုလည်း စစ်တမ်းက အကြံပြုခဲ့သည်။
စစ်တမ်းတွင် ပါဝင်ဖြေကြားခဲ့သူများက ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍတွင် ပြုပြင်ပြောင်းလဲရေးများ လိုအပ်ကြောင်း အကြံပြုခဲ့ကြသည်။ အထူးသဖြင့် ချေးငွေ ရရှိရေးအတွက် လိုအပ်သော စာရွက်စာတမ်းများနှင့် ပုဂ္ဂလိက ချေးငွေများ အတည်ပြုရေး ကာလရှည်ကြာစွာ စောင့်ဆိုင်းရခြင်း ဖြစ်သည်။
ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍ ခေတ်မီရေးအတွက် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ခဲ့သော်လည်း ဘဏ် လုပ်ငန်း ကဏ္ဍမှ လုပ်ငန်းစဉ်များသည် လူသားအရင်းအမြစ်နှင့် ဝန်ဆောင်မှု အားနည်းချက်များနှင့် အတူ ခေတ် နောက်ကျနေဆဲ ဖြစ်ပြီး စီးပွားရေးသမား အများစုက ဘဏ်ချေးငွေ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အပြည့်အဝ နားလည်ခြင်း မရှိသေးကြောင်း စစ်တမ်းက ထောက်ပြထားသည်။
စစ်တမ်း ရလဒ်များအရ လက်လီသမားများက လက်လီနှင့် လက်ကား ဈေးကွက်များ အတွင်းသို့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများ ဝင်ရောက်ခွင့်ပြုရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြသော်လည်း လက်ရှိ အခြေအနေများအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ရင်ဆိုင်နိုင်စွမ်းမရှိမည်ကို စိုးရိမ်ကြကြောင်း သိရသည်။ နိုင်ငံခြား လက်လီအရောင်းလုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်ရန် အစိုးရက အခွန်ဖြင့် ထိန်းချုပ်ခြင်းကို ပယ်ဖျက်ခြင်း၊ လိုင်စင်ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ဖြေလျှော့ ပေးခြင်းနှင့် လက်လီနှင့် လက်ကား လုပ်ငန်းကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတခု ရေးဆွဲခြင်းများ ပြုလုပ်ရန် သူတို့က တောင်းဆိုခဲ့ကြသည်။
ပို့ကုန်မြှင့်တင်ရန် အတွက် အစိုးရက ဌာနတခု ထူထောင်ရန် စက်မှုလုပ်ငန်းများက တောင်းဆိုခဲ့ကြသည်။ အဆိုပါဌာနက ပို့ကုန်လုပ်ငန်းရှင်များအတွက် သင့်လျော်သော စည်းကမ်း၊ ဥပဒေများ ချမှတ်ခြင်းနှင့် အစိုးရသို့ အခွန်ပေးဆောင်ခြင်း မရှိဘဲ လုပ်ကိုင်သည့် တရားမဝင်ကုန်သည်များကို အရေးယူခြင်းများ ပြုလုပ်လိမ့်မည် ဖြစ်သည်။
စစ်တမ်းတွင် ပါဝင်ဖြေဆိုခဲ့ကြသည့် ကုန်သွယ်ရေး ကဏ္ဍမှ လူများ၏ အဆိုအရ အခြေခံ အဆောက်အအုံ အားနည်း ခြင်းက စီးပွားရေးကို အချိန်ကုန်စေပြီး ကုန်ကျစရိတ်များ မြင့်တက်စေသည့် အဓိက စိန်ခေါ်မှုများထဲမှ တခု ဖြစ်သည်။
တရားမဝင် ကုန်သွယ်ရေးက ကုန်သည်များအတွက် အကြီးဆုံး စိန်ခေါ်မှုအဖြစ် ဆက်လက်၍ ရှိနေပြီး အစိုးရက သင့်လျော်သည့် ကုန်သွယ်ရေးဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ သို့မဟုတ် အာဆီယံ စံနှုန်းများ အခြေပြု၍ ချမှတ်ပေးရန် လိုအပ်နေကြောင်း ကုန်သွယ်ရေး ကဏ္ဍက ပြောသည်။
(အင်္ဂလိပ်ဘာသာဖြင့် Ten Reasons Behind Myanmar’s Economic Slump တွင် ဖတ်ပါ။)