စက်သုံးဆီဈေးနှုန်းများ တက်သော်လည်း ယခု ရာသီသည် ပို့ကုန်နည်းသဖြင့် ကုန်တန်ဆာခ ဈေးတက်၍ မရသဖြင့် အဝေးပြေး ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများ အခက်အခဲ ကြုံနေကြကြောင်း သိရသည်။
မန္တလေး-မူဆယ်လမ်းကြောရှိ စောရန်နိုင် အဝေးပြေး ကုန်စည် ပို့ဆောင်ရေးမှ ဂိတ်မှူး ကိုဇော်မြင့်ဦးက “အခုချိန်မှာ ဆီဈေးတက်လို့ တန်ဆာခ လိုက်တက်လို့ မရဘူး။ တန်ဆာခဆိုတာ ကုန်ပေါမှ တက်လို့ရတာ။ အဲဒီလို မဟုတ်ဘဲ ကိုယ့် ဂိတ်က ဈေးတက်လိုက်ရင် ကုန်သည်က တခြားဂိတ်ကို ပြောင်းသွားမှာ။ အဲဒီတော့ မကိုက်တဲ့အခါ ကားမထွက် ဘဲ နားထားတယ်”ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတန်ဆာခ ဈေးနှုန်းမှာ မန္တလေး-မူဆယ် ပို့ဆောင်ပါက သကြားတပိဿာလျှင် ၇၀ ကျပ်ဖြစ်ပြီး ရန်ကုန်-မန္တလေး ဆိုပါက ကုန်ကျစ် တပိဿာလျှင် ၂၀ မှ ၂၆ ကျပ်၊ ကုန်ပွ ဆိုပါက ၄၅ မှ ၇၀ ကျပ် အထိ ဖြစ်ကြောင်း သိရသည်။
ယနေ့ စက်သုံးဆီ ပေါက်ဈေးနှုန်းများမှာ ရန်ကုန်ဈေးကွက်တွင် အောက်တိန်း 95 တလီတာလျှင် ၉၉၅ ကျပ် ဝန်းကျင် ၊ မန္တ လေး ဈေးကွက်၌ ၁၀၀၀ ကျပ်ဝန်းကျင်၊ 92 တလီတာလျှင် ရန်ကုန်၌ ၉၅၅ ကျပ် ဝန်းကျင်နှင့် မန္တလေး ဈေးကွက် အတွင်း ၁၀၂၅ ကျပ် ဝန်းကျင် ဖြစ်ပေါ်လျက်ရှိသည်။ ဒီဇယ်ဈေးနှုန်းများမှာလည်း ၁ ထောင်ကျော် ဈေးနှုန်းဖြင့် ရောင်း ဝယ်လျက် ရှိနေသည်။
“ရှမ်းကမ္ဘာ” မန္တလေး-မူဆယ် အဝေးပြေး ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းမှ ဦးမျိုးဆွေက“ဆီဈေးတက်ပြီး တန်ဆာခ ဈေး တက်မရတော့ အမြတ်က ဆီထဲ အကုန် ပါသွားတယ်လေ။ မကိုက်လို့ ကားမဆွဲဘဲ နေရင်လည်း ဝန်ထမ်းတွေရဲ့ မိသားစု စားဝတ်နေရေးက ရှိနေတော့ မဖြစ်မနေ သွားနေရတဲ့ အခြေအနေ ဖြစ်နေတယ်”ဟု ဧရာဝတီကို ပြောသည်။
ထို့ကြောင့် ကားဂိတ်များ အနေဖြင့် စက်သုံးဆီဈေးနှုန်းများကြောင့် တွက်ခြေကိုက်မှု မရှိတော့သဖြင့် ယခင်က တလ လျှင် ပုံမှန်ထွက်သည့် ကားအစီးရေ၏ သုံးပုံတပုံခန့်ကို လျှော့ချ ပြေးဆွဲနေရပြီး အသွား ကုန်ရပါက အပြန်ကုန် ရနိုင် ရန် စောင့်ဆိုင်းရသည့် ကာလ ပိုကြာလာသဖြင့် ကုန်ကျစရိတ် ပိုလာကြောင်း အဆိုပါ လုပ်ငန်းရှင်များက ပြောဆို သည်။
‘ကံကောင်း’ ရန်ကုန်-မန္တလေး ကုန်စည် ပို့ဆောင်ရေးမှ တာဝန်ရှိသူ တဦးက “အခုကတော့ လုပ်ငန်း လည်ပတ်မှု ရှိအောင်ပဲ မှေးပြီး လုပ်နေရတဲ့ ပုံစံဖြစ်နေတယ်။ ဆီဈေးကတက်၊ တန်ဆာခက ဈေးတက်လို့ မရတာနဲ့ဆိုတော့ ကျနော် တို့မှာ အုံနာနဲ့ ဓားချင်းယှဉ် မခုတ်ရရုံ တမယ်ပါပဲ” ဟု ဧရာဝတီကို ပြောသည်။
ရန်ကုန်-မန္တလေး-မူဆယ် အဝေးပြေး ကုန်စည် ပို့ဆောင်ရေး လမ်းကြောင်းမှ တရုတ်နိုင်ငံ သို့ ယခု ရာသီ၌ ဖရဲ၊ သခွား၊ ဆန်၊ ပြောင်း၊ ရာဘာ တင်ပု့ိမှုနည်းပြီး သကြားကိုသာ အမာခံကုန်အဖြစ် တင်ပို့လျက်ရှိကာ ယခု အချိန်သည် ပို့ကုန် ရှားပါးနေသည့် ကာလ ဖြစ်နေကြောင်း သိရသည်။
ကုန်သွယ်မှု ပမာဏ တိုးလာစေရန် အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်ပ အိမ်နီးချင်း နိုင်ငံများ၏ သကြားကို မြန်မာနိုင်ငံတွင်း Transit ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ တင်ပို့ခွင့် လိုင်စင် (Re-export) ကို ခွင့်ပြု ခဲ့ရာ ပြီးခဲ့သည့် လလယ်ပိုင်းမှ စ၍ ဒေါ်လာဈေးမြင့်တက်မှုကို ထိန်းချုပ်နိုင်ရန် အတွက် ပြည်ပမှ သကြား တင် သွင်းခြင်း ကို စ၍ ယာယီ ရပ်ဆိုင်းရန် ထုတ်ပြန် ကြေညာခဲ့သည်။
ထို့နောက် အထက်ပါ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတွင် ပို့ကုန်နည်းသွားသဖြင့် စက်သုံးဆီဈေး မြင့်လာသော် လည်း ကုန်ရရှိမှုကိုသာ အဓိက ထားနေရသဖြင့် တန်ဆာခကို ဈေးတက်မရနိုင်ခြင်း ဖြစ်သည် ဟု ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များက ဧရာဝတီကို ပြောသည်။
ရှမ်းကမ္ဘာ ကားဂိတ်ပိုင်ရှင် ဦးမျိုးဆွေက “ဒေါ်လာ ဈေးတက်ခြင်းက ပြည်တွင်းကို သကြား တင်သွင်းတာနဲ့ တိုက်ရိုက် ဆက်စပ်တယ်ဆိုပြီး နိုင်ငံတော် အဆင့်က ဒါကိုပိတ်ခြင်း၊ ဖွင့်ခြင်းကိစ္စက ကျနော်တို့အနေနဲ့ ဘာမှပြောလို့မရပေမယ့် ဒီလို ပိတ်လိုက်တဲ့ နောက်ဆက်တွဲ အကျိုးဆက် တခုအနေနဲ့ ကျနော်တို့ လုပ်ငန်းကို လာထိတာပေါ့”ဟု ပြောဆို သည်။
ယခု မိုးရာသီသည် ကုန်စည်ရှားပါးသည့် ရာသီ ဖြစ်ရာ ပွင့်လင်းရာသီ ဆန်၊ ဖရဲ၊ သခွား ပို့ချိန်ကျမှ ကုန်စည် ပို့ဆောင် ရေး လုပ်ငန်းများ အနေဖြင့် အသက်ရှုချောင်နိုင်မည် ဖြစ်သည်ဟု လုပ်ငန်း လုပ်ကိုင် နေသူများက ဧရာဝတီကို ပြော သည်။